သုံးရလွယ်ကူစေသည့် Link များ

ရုရှား မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး


မြန်မာသမ္မတဦးထင်ကျော်နဲ့ ရုရှားသမ္မတ ပူတင် ထိပ်သီးစည်းဝေးပွဲတွင် တွေ့ဆုံ။

အာဆီယံ ရုရှား ထိပ်သီးစည်းဝေးပွဲကို တက်ရောက်နေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာဖို့နဲ့၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ကိုရန်နိုင်က စုံစမ်းမေးမြန်းထားပါတယ်။

ရုရှားနိုင်ငံမှာ ၂ ရက်ကြာကျင်းပနေတဲ့ ရုရှား-အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နေတဲ့ မြန်မာသမ္မတဦးထင်ကျော်ဟာ ဒီဆွေးနွေးပွဲအတွင်း ရုရှားသမ္မတ ဗလာဒီမီယာပူတင် အပါအ၀င် တခြားဒေသတွင်းနိုင်ငံခေါင်းဆောင်တွေလည်း ၂ နိုင်ငံ သီးခြား ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ရုရှား-မြန်မာ ၂ နိုင်ငံ သီးခြားဆွေးနွေးမှုတွေ အတွင်း ၂ ဘက်ခေါင်းဆောင်တွေ အဓိကဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာသမ္မတရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

" အဓိက ဆွေးနွေးတာကတော့ ယဉ်ကျေးမှုနဲ့ စီးပွားရေး ဆိုင်ရာ နောက် ရုရှားနိုင်ငံ ရဲ့ Investment တွေ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံဖို့ အဲ့တာတွေ အဓိက အလေးထားပြီး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ ကျနော်တို့ ဘဏ်နဲ့ ရုရှားဘဏ်နဲ့ ချိတ်ဆက်ပြီးတော့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့၊ နောက် ရုရှား ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးပေါ့ အဲ့တာ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့။ နောက်တချက်က ရုရှားက အဓိက ရေနံ့နဲ့သဘာဝ ဓာတ်ငွေ့ မှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်တော့ မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝထွက်ငွေ့ ကဏ္ဍတွေမှာ ရုရှားကနေ လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက် ဖို့ နောက် နှစ်နိုင်ငံကြား လေကြောင်း လိုင်းတွေ ဆောင်ရွက်ကြဖို့ နောက် ရှမ်းပြည်နယ်မှာ ရှိတဲ့ အမှတ်(၂) သံမဏိစက်ရုံအတွက် နည်းပညာအကူအညီတွေ ရုရှားဘက်က ပေးအပ်ဖို့ နောက် ကျန်တာကတော့ ဟိုတယ်နဲ့ Tourism ၊ ယဉ်ကျေးမှုနဲ့ စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဒါတွေ ဆွေးနွေးတယ်လို့သိရပါတယ်။"

ဒီဆွေးနွေးမှုအတွင်း စစ်ဘက်ကုန်သွယ်ရေးမြှင့်တင်ဆောင်ရွက်ဖို့ နဲ့ စစ်လက်နက်ပစ္စည်းတွေ ၊ နည်းပညာတွေကို ရုရှားနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ ကိုရောင်းချ သွားဖို့ မျှော်လင့်တယ်လို့ ရုရှားသမ္မတ ပူတင်ဘက်က ပြောကြားခဲ့ ပါတယ်။ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဘယ်လိုပုံစံမျိုး နဲ့ လုပ်ဆောင်သွားမလဲဆိုတာနဲ့ ပတ်သက်ပြီး ဦးဇော်ဋ္ဌေးပြောတာကတော့ -

" အဲ့တာက ကျနော်တို့ လွှတ်တော်မှာလည်း တင်ထားပြီးပြီ။ မြန်မာ-ရုရှား စစ်ရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုဖို့ဆိုပြီးတော့ ကျနော်တို့ အစိုးရက တင်ထားတာ။ တင်ထားတဲ့ဟာကို ပါလီမန်ကလည်း ခွင့်ပြုတယ်။ ခွင့်ပြုတော့ ကျနော်တို့က ရုရှားနဲ့ မြန်မာနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကို အဓိကအားဖြင့် နည်းပညာပေါ့နော်။ ပညာတော်သင်ကိစ္စတွေရှိမယ်။ အဲ့တာတွေနဲ့ပတ်သက်ပြီး စာချုပ်စာတမ်းနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူစာချုပ် ချုပ်ပြီး ဆက်သွားမယ်။ "

ဒါ့အပြင် ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို နည်းပညာ အကူအညီတွေ ပေးသွားဖို့ လည်း ဆွေးနွေးခဲ့ပါတယ်။ အရင်နှစ်တွေအတော်ကြာ ကတည်းက ရုရှားနိုင်ငံက တက္ကသိုလ်တွေမှာ ပညာသင်ကြားဖို့ အတွက် မြန်မာနိုင်ငံကနေ ပညာတော်သင် လွှတ်တာတွေ အတော်များများလည်းရှိပြီး၊ နည်းပညာပိုင်းမှာ အဓိက အကူအညီပေးမှာ နဲ့ ပတ်သက်ပြီး ဦးဇော်ဌေးက အခုလိုရှင်းပြပါတယ်။

" Science and technology သိပ္ပံနဲ့နည်းပညာတွေမှာ အဓိကအားဖြင့် အဲ့တာတွေမှာ သွား တက်ပြီးတော့ ပညာသင်ကြားရေးတွေ ဆက်လုပ်ဖို့၊ တက်နေတဲ့ သင်တန်းသားတွေ အများကြီးရှိပါတယ်။ အရင်တုန်းကလည်း သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာန က လွှတ်တာတွေရှိတယ်။ တပ်မတော်သပ်သပ်မဟုတ်ဘူး။ အရပ်ဘက် ပညာသင်တွေလည်း အများကြီးပါပါတယ်။ "

သမ္မတဦးထင်ကျော်ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာနဲ့လည်း ဒီဆွေးနွေးပွဲအတွင်း သီးခြားတွေ့ဆုံပြီး၊ ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားကိစ္စအပါအ၀င် ၂ နိုင်ငံကြား ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဦးဇော်ဌေးကပြောပါတယ်။

"နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု ၊ ရေနက်ဆိပ်ကမ်းတွေ အထူးစီးပွားရေးဇုံတွေ နောက် အထူးသဖြင့်ကတော့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေ တဲ့ မြန်မာအလုပ်သမားတွေ အထူးသဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ Social Security ပေါ့ အဲ့ဒီ့မှာ ကျန်းမာရေးပါမယ်။ လစာအပါအဝင် အခွင့်အရေးတွေ ပါမှာပေါ့။ အဲ့တာတွေနဲ့ပတ်သက်ပြီး အခွင့်အရေးတွေ တိုးမြင့်ရရှိဖို့ နှစ်နိုင်ငံ အစိုးရတွေ ပူးပေါင်းဆောင်ရွက်ဖို့ ။ နောက် နှစ်နိုင်ငံ ကျနော်တို့ အလုပ်သမားရေးရာ နဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့သဘောတူ စာချုပ်တွေ ချုပ်ဆိုဖို့ နောက် အလုပ်သမားတွေ အလုပ်အကိုင်ရရှိဖို့အတွက် ဟိုဘက်ဒီဘက် စည်းကမ်းသတ်မှတ်ချက်တွေရှိတဲ့ သဘောတူညီချက်တွေ လုပ်မယ်။ နောက် နယ်စပ် ဖြတ်ကျော်ရေးဆိုင်ရာ သဘောတူညီချက်တွေ လုပ်မယ်။ "

ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ရွှမ်ဖတ် နဲ့ တော့ ကုန်သွယ်ရေး နဲ့ စီးပွားရေး လုပ်ငန်းတွေမြှင့်တင်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပြီး၊ ဆောက်လုပ်ရေး၊ ဘဏ်၊ ဆက်သွယ်ရေး၊ လေကြောင်းဆက်သွယ်ရေ ၊ စွမ်းအင်းလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့အပါအ၀င် လယ်ယာစိုက်ပျိုးရေး နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ သူကပြောပါတယ်။

" အထူးသဖြင့် ဗီယက်နမ်က လယ်ယာစိုက်ပျိုးရေး နဲ့ပတ်သက်ပြီး အထူးရှေ့တန်းရောက်နေ တယ်ပေါ့နော်။ ဒေသထဲမှာဆိုရင် အဲ့တာ ဆို သူတို့ရဲ့ သီးနှံတွေမှာဆိုရင် ကော်ဖီတို့ ငရုတ်ကောင်းတို့ အဲ့မှာ ကျနော်တို့က ဗီယက်နမ်နဲ့ အလားတူတဲ့ ဗီယက်နမ်မှာ အောင်မြင်နေတဲ့ ဒီဟာကို မြန်မာနိုင်ငံရဲ့ ရာသီဥတု တူတဲ့ဒေသတွေမှာ စိုက်ပျိုးထုတ်လုပ်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အဲ့တာတွေလည်း တော်တော်များများ ဆွေးနွေးပါတယ်။"

ရုရှား-အာဆီယံထိပ်သီးအစည်းအဝေးကိုတော့ ဆိုချီမြို့မှာ မေလ၁၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပခဲ့တာဖြစ်ပြီး၊ သမ္မတဦးထင်ကျော်ဟာ လာမယ့် မေလ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လာမှာဖြစ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG