သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးထင်ကျော် ရုရှားသမ္မတနဲ့ သီးခြားတွေ့ဆုံ


 မြန်မာသမ္မတဦးထင်ကျော် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ သီးခြားတွေ့ဆုံ။
မြန်မာသမ္မတဦးထင်ကျော် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ သီးခြားတွေ့ဆုံ။

ရုရှား အာဆီယံဒေသတွင်း ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ရုရှားနိုင်ငံ ကို ရောက်ရှိနေတဲ့ မြန်မာသမ္မတဦးထင်ကျော်ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဒီနေ့ သီးခြားတွေ့ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံအကြား စစ်ရေးဆက်ဆံမှု အပြင် နိုင်ငံရေးအရရော စီးပွားရေးအရ ဆက်ဆံမှုတွေ တိုးမြင့်လာဖို့ မျှော်လင့်တယ် လို့ ရုရှားသမ္မတက ပြောခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ကိုရန်နိုင်က တင်ပြထားပါတယ်။

ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို စစ်လက်နက် နည်းပညာတွေရောင်းချနိုင် ဖို့ မျှော်လင့်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က မြန်မာသမ္မတ နဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံဆိုချီမြို့မှာကျင်းပနေတဲ့ ရုရှား-အာဆီယံဒေသတွင်း ထိပ်သီးအစည်းအဝေးရဲ့ အတွင်း သီးခြားတွေ့ဆုံစဉ်မှာ သူ့က အခုလို ပြောကြားလိုက်တာပါ။ ဒါ့အပြင် ၂ နိုင်ငံ စီးပွားရေး နဲ့ ကုန်သွယ်ရေး တိုးတက်လာနိုင်ခြေရှိတယ်လို့လည်း မစ္စတာပူတင်ကပြောလိုက်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာသမ္မတနဲ့ ရုရှားသမ္မတ သီးခြားတွေ့ဆုံ
မြန်မာသမ္မတနဲ့ ရုရှားသမ္မတ သီးခြားတွေ့ဆုံ

မြန်မာသမ္မတ ဦးထင်ကျော် နဲ့ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ရုရှားနိုင်ငံ ဆိုချီမြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ ဆိုချီမြို့မှာ ကျင်းပနေတဲ့ ရုရှား-အာဆီယံ ဒေသတွင်းခေါင်းဆောင်များရဲ့အစည်းအဝေးတွင်း သီးခြား တွေ့ဆုံခဲ့ကြ တာဖြစ်ပြီး၊ ရုရှား နဲ့ မြန်မာ၂နိုင်ငံကြားမှာ စစ်လက်နက် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ဖို့ ၊ ရုရှားအနေနဲ့ မြန်မာနိုင်ငံကို စစ်လက်နက် နည်းပညာတွေ ရောင်းချနိုင်ဖို့ မျှော်လင့်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ဒီတွေ့ဆုံမှုအတွင်း ပြောကြားခဲ့ပါတယ်။

"အခုချိန်မှာ ၂နိုင်ငံကြား စီးပွားရေး နဲ့ ကုန်သွယ်ရေးဆက်ဆံမှုက သိပ်အများကြီး မရှိပေမယ့် ၊ ကျနော်အမြင်မှာတော့ ၂ နိုင်ငံကြားဆက်ဆံရေး ဒီထက်မက ဖွံ့ဖြိုးတိုးတက်လာမယ့် အလားအလာတွေရှိတယ်လို့ ကျနော် ပြောချင်ပါတယ်။ စီးပွားရေးနဲ့ ဆိုင်တဲ့ အစိတ်အပိုင်းတွေ၊ နိုင်ငံရေးအရ ဆက်ဆံမှုတွေပါသလို၊ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု အပိုင်းတွေလည်း ပါပါတယ်။"

ဒါ့အပြင် ရုရှားသမ္မတပူတင်က ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတဦးထင်ကျော်ကို ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

"ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့အပေါ် လူကိုယ်တိုင် ဂုဏ်ပြုစကားပြောဖို့ အလွန်ကောင်းတဲ့ အခွင့်အရေး ကျနော်ရခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ သမ္မတတစ်ယောက်အနေနဲ့ ရုရှားနိုင်ငံကို ပထမဆုံး လာရောက်တာဖြစ်တဲ့အတွက်လည်း ကျနော်အနေနဲ့ ဝမ်းသာပါတယ်။"

မြန်မာ သမ္မတ ဦးထင်ကျော်ကလည်း - သူဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို အခုလို သီးခြားလက်ခံတွေ့ဆုံခဲ့တဲ့ အတွက် ကျေးဇူးတင်တယ် လို့ ပြောကြားခဲ့ပါတယ်။

"သမ္မတပူတင်အနေနဲ့အလုပ်တွေများတဲ့ကြားကနေ အခုလို ကျနော်နဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ အခု ရုရှားခရီးစဉ်ဟာ NLD အစိုးရသစ်တက် လာပြီးနောက်ပိုင်း သူ့ရဲ့ ဒုတိယမြောက်ခရီးစဉ်ဖြစ်ပါတယ်။ စစ်အစိုးရ သက်တမ်းတလျှောက်မှာတော့ ရုရှားက မြန်မာနိုင်ငံကို စစ်လက်နက်တွေရောင်းချခဲ့ သလို၊ မြန်မာစစ်ခေါင်းဆောင်တွေဘက်က ရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။

NLD အစိုးရသစ်လက်ထက် ၂ နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကဲခတ်တဦးဖြစ်တဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က အခုလို သုံးသပ်ပါတယ်။

" ကျနော်က ပထမတချက်နားလည်တာကတော့ - အခုဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာပြီးတော့မှ သူလုပ်နေတာက အရင်တုန်းက ဆက်ဆံရေးကောင်းခဲ့ တဲ့လူရော၊ မကောင်းခဲ့တဲ့လူရော မိတ်ဝတ်မပျက်ပေါ့နော် ဆက်ဆံရေးတွေ ပိုကောင်းအောင် တည်ဆောက်မယ်ဆိုတဲ့ သဘောပဲ။ အရင်တုန်းကဆိုရင် ရုရှားနဲ့က အရင်စစ်အစိုးရနဲ့ ပေါ့နော်၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ ရင်းရင်းနီးနီးရှိတဲ့တိုင်းပြည်ဖြစ်တယ်။ သူတို့အစိုးရလက်ထက်မှာလည်း ဒါကိုရင်းရင်းနီးနီးရှိနေအောင် ဆိုပြီးတော့မှ ဒီလိုမျိုးကြိုးစားတယ်နဲ့ တူပါတယ်။ "

ရုရှား-အာဆီယံထိပ်သီးအစည်းအဝေးကို ဆိုချီမြို့မှာ ဒီကနေ့ ကြာသာပတေးနေ့မှာ စတင်လိုက်တာဖြစ်ပြီး၊ ရုရှားမီဒီယာတွေအဆိုအရတော့ အာဆီယံနိုင်ငံ ၁၀ နိုင်ငံစလုံးက ခေါင်းဆောင်တွေဟာ ရုရှား နဲ့ ၂ နိုင်ငံကြား ဆက်ဆံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးဖို့ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။ ဆိုချီမှာ အခုကျင်းပနေတဲ့ ထိပ်သီးစည်းဝေးပွဲဟာ ရုရှား နဲ့ အာဆီယံနိုင်ငံတွေကြား တတိယ အကြိမ်မြောက် ကျင်းပတာဖြစ်ပြီး၊ ၂၀၀၅ ခုနှစ်က မလေးရှားနိုင်ငံမှာ ပထမအကြိမ်ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ်ကတော့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ၂၀၁၀ ခုနှစ်က ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
သမ္မတဦးထင်ကျော် ရုရှားသမ္မတနဲ့ သီးခြားတွေ့ဆုံ
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG