အာဆီယံနိုင်ငံတော်တော်များများနဲ့ ရေပြင်နယ်နိမိတ် အငြင်းပွားနေတဲ့နေရာမှာ တရုတ်ကအတင်းနေရာယူပိုင်နက်ချဲ့ထွင်နေတဲ့ကိစ္စအပေါ် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံမှာ ခုထိ ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားခြင်းမရှိသေးပါဘူး။ ဒီကနေ့အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးပြီးလို့ ကြေညာချက်ထုတ်ပြန်ရင်လည်း တရုတ်နိုင်ငံကို နာမည်တပ်ဝေဖန်တာမျိုး လုပ်မဲ့ပုံမရဘူးလို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ နယ်နိမိတ်ပိုင်ဆိုင်မှုပြဿနာရှိနေပေမဲ့ တရုတ်ရဲ့စီးပွားရေးနဲ့ နိုင်ငံရေးသြဇာက အာဆီယံနိုင်ငံတွေအပေါ် ဘယ်လောက်အထိလွှမ်းမိုးနေပါပြီလဲ VOA သတင်းထောက် Ralph Jenning ထိုင်ပေမြို့ကနေ သတင်းသုံးသပ်ထားတာကို မစုမြတ်မွန်က တင်ပြပါမယ်။
ရေပြင်ပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ လိုက်နာရမယ့်ရမယ့် Code of conduct စည်းမျဉ်းစည်းကမ်းတွေအတွက် မူဘောင်တွေကို အခုနှစ်လည်ပိုင်းလောက် မှာ အပြီးသတ်သဘောတူနိုင်မယ်လို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ သောကြာနေ့က ဆွေးနွေးပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပါတ်သက်လို့ အာဆီယံက ပျော့ပြောင်းတဲ့သဘောထားပြသနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေတာနဲ့ပါတ်သက်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကသူ့အနေနဲ့ ပျော့ပြောင်းတယ်၊ ပြင်းထန်တယ်လို့ခွဲခြား မသတ်မှတ်ချင်ဘဲ အပြုသဘောလမ်းဆီ ဦးတည်နေတယ်လို့သာပြောချင်ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ကမ္ဘာကြီးမှာ ပဋပက္ခတွေ ပြဿနာတွေ များနေချိန်မှာ တောင်တရုတ်ပင်လယ်ထဲမှာ ပြဿနာဖြစ်မှာကို မလိုလားဘူးလို့ သူကပြောကြားခဲ့ပါတယ်။ ဒီကနေ့ စနေနေ့မှာ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးစည်းဝေးပွဲကျင်းပမှာဖြစ်ပြီး ကြေညာချက် သဘောထားထုတ်ပြန်ရင် တရုတ်ကိုနာမည်တပ်ဝေဖန်တာမျိုးလုပ်မှာ မဟုတ်သလို ပြင်းပြင်းထန်ထန်ဝေဖန်ရာရောက်တဲ့ အသုံးအနှုန်းမျိုးကို သုံးမှာမဟုတ်ဘူးလို့ လေ့လာအကဲခတ်တွေက ပြောနေကြပါတယ်။
တရုတ်နဲ့ အာဆီယံနိုင်ငံအများစုကြား ပိုင်နက်အငြင်းပွားနေတဲ့ ရေပြင်ပိုင်နက်တွေကို တရုတ်ကအစဉ်အဆက် ပိုင်ဆိုင်လာတာမဟုတ်ဘူးဆိုတဲ့နိုင်ငံတွေကြား အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို ထပ်ပြီး သတိပေးရာရောက် တဲ့ပြောကြားမှုတွေက မလိုလားအပ်တဲ့ ရန်စမှုဖြစ်လိမ့်မယ်လို့ သဘောထားကြောင်း စင်္ကာပူနိုင်ငံ Nanyang နည်းပညာတက္ကသိုလ်က ရေကြောင်းလုံခြုံရေးဆိုင်ရာ ပညာရှင် Collin Koh ကပြောပါတယ်။
"တောင်တရုတ်ပင်လယ်ကိစ္စလို အကဲဆတ်တဲ့ကိစ္စမျိုးနဲ့ပါတ်သက်တဲ့ ထုတ်ပြန်ကြေညာချက်အများစုက သိပ်ကိုယေဘူယျဆန်ပါတယ် ။ တိတိကျကျထောက်ပြတာမျိုး၊ တနိုင်ငံထဲကိုနာမည်တပ်ပြီး အပြစ်တင်တာမျိုးလည်း ကြေညာချက်ထဲမှာ ထည့်မှာမဟုတ်ပါဘူး။"
Netherlands နိုင်ငံ The Hague မှာအခြေစိုက်တဲ့ ခုံသမာဓိအဖွဲ့က ၂၀၁၆ ဇူလိုင်လမှာ ဆုံးဖြတ်ချက်ချခဲ့ပြီးနောက်ပိုင်း အရှေ့တောင်အာရှနိုင်ငံ တခုချင်းနဲ့ တရုတ်အစိုးရက ဆွေးနွေးပြီး စီးပွားရေးဆိုင်ရာ မက်လုံးတွေပေးဖို့ တက်တက်ကြွကြွ ညှုှိနှိုင်းခဲ့ပါတယ်။ အဲဒါကြောင့်လည်း ခုလိုတရုတ်အပေါ် ဝေဖန်ဖို့ တွန့်ဆုတ်နေကြတာဖြစ်တယ်လို့ ထိုင်ပေက VOA သတင်းထောက် Ralph Jennings ကပြောပါတယ်။
တောင်တရုတ်ပင်လယ်ထဲက စတုရန်းကီလိုမီတာ ၃ သန်းခွဲလောက် ကျယ်တဲ့ရေပြင်မှာ တရုတ်တို့က ကျွန်းတုတွေဆောက်ပြီး စစ်အခြေစိုက်စခန်းတွေထားရှိတာ၊ ရေပြင်ကင်းစောင့်တပ်တွေ ကင်းလှည့်နေတဲ့အပေါ် အရင်ကတော့ အတော်ကို စိုးရိမ်ခဲ့ကြတာပါ။ အခုတော့ တောင်တရုတ်ပင်လယ်ထက် စိုးရိမ်စရာ အခြေအနေရှိနေတယ် လို့ စင်္ကာပူနိုင်ငံ အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေး Institute က ရေကြောင်းလုံခြုံရေးဆိုင်ရာ ပညာရှင် Termsak Chalermpalanupap (Cha lerm palan nu pap) ကပြောပါတယ်။
"ကိုရီးယားကျွန်းဆွယ်မှာဖြစ်နေတာနဲ့ပါတ်သက်လို့ ထိမ်းထိမ်းသိမ်းသိမ်းလုပ်ကြပါလို့ သူတို့ပြောကောင်းပြောနိုင်ပါတယ်။ ဒါပေမဲ့ တောင်တရုတ်ပင်လယ်ကိစ္စကိုတော့ သိပ်များများပြောမှာမဟုတ်ပါဘူး။ အခုအဲဒီဖက်မှာက အခြေအနေ ပိုပြီးငြိမ်သက်နေပါတယ်။"
အာဆီယံအဖွဲ့ထဲမှာ တရုတ်ရဲ့အမာခံမဟာမိတ် Cambodia နဲ့ Laos နိုင်ငံတို့ ပါဝင်နေပါတယ်။ ဒီနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကလည်း ခုံသမာဓိအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ပါတ်သက်လို့ တစုံတရာပြောမှာ မဟုတ်ဘူးလို့ ပြောထားပြီးဖြစ်ပါတယ်။ ပိုင်နက်အငြင်းပွားမှုအတွက် ခံသမာဓိအဖွဲ့ကိုတင်ပြခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံကို ဆုံးဖြတ်ချက်ထွက်လာပြီးနောက်မှာ တရုတ်က စီးပွားရေးအကူအညီ ဒေါ်လာ ၂၄ ဘီလျံပေးမယ်လို့ ပြောခဲ့ပါတယ်။
နောက်ထပ် ရေပြင်နယ်နိမိတ်အငြင်းပွားနေတဲ့ Vietnam နဲ့လည်း ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တရုတ်ကတိုးမြှင့်လုပ်နေပါတယ်။ မလေးရှားကလည်း တရုတ်ဟာ အဓိကရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတဲ့နိုင်ငံ ကုန်သွယ်ဖက်နိုင်ငံ ဖြစ်တယ်လို့ ပြောထားပါတယ်။ Bruneiနဲ့လည်းတရုတ်က ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့နဲ့ ပူးတွဲဆိပ်ကမ်းစီမံကိန်းတွေကို လုပ်နေပါတယ်။
တကယ်တော့ Brunei, Malaysia, ဖိလစ်ပိုင်နဲ့ Vietnam နိုင်ငံတွေ အထူးစီးပွားရေးဇုံတွေ လုပ်ထားတဲ့ တောင်တရုတ်ပင်လယ်ထဲက ရေနယ်နိမိတ်တွေကို တရုတ်က သူလည်းပိုင်ဆိုင်တယ်လို့ ပြောနေတာဖြစ်ပါတယ်။ အဲဒီရေပြင်မှာ ငါးတွေပေါများသလို ရေအောက် သဘာဝဓါတ်ငွေ့နဲ့ ရေနံလို သယံဇာတတွေလည်း ရှိနေပါတယ်။ အရှေ့နဲ့ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ကပိုင်နက်ချဲ့ထွင်နေတဲ့အပေါ် အမေရိကန်သမ္မတသစ်က သဘောထားပြတ်ပြတ်သားသား မပြသေးတာက တရုတ်အတွက်အခွင့်ကောင်းဖြစ်နေတယ်လို့ Australia နိုင်ငံ New South Wales တက္ကသလိုလ်က နိုင်ငံရေးဆိုင်ရာ ဂုဏ်ထူးဆောင်ပါမောက္ခ Carl Thayer ကပြောပါတယ်။
"တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပါတ်သက်လို့ Trump အစိုးရက သေသေချာချာကိုင်တွယ်ဖြေရှင်းတာမျိုး မလုပ်သေးပါဘူး။ ဒါကြောင့် တရုတ်ကဒီအချိန်မှာ သံတမန်ရေးဆောင်ရွက်မှုတွေကို ရှေ့တိုးလုပ်ပြီး တောင်တရုတ်ပင်လယ်ထဲမှာ သူတို့တည်ရှိမှု တောင့်တင်းခိုင်မာအောင် အချိန်မရွေးလုပ်နိုင်မှာပါ။"
တရုတ်အနေနဲ့ သူနဲ့ ပိုင်နက်အငြင်းပွားနေတဲ့အရှေ့တောင်အာရှနိုင်ငံအားလုံးအပေါ် သံတမန်ရေး၊ စီးပွားရေးနည်းတွေနဲ့ လွှမ်းမိုးနိုင်အောင်ကြိုးစားမှုက အောင်မြင်နေပုံ ရတယ်လို့ လေ့လာသူတချို့ကသုံးသပ်နေကြပါတယ်။