သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံရွှေရတု လူငယ်ဖျော်ဖြေပွဲ မြန်မာအဆိုတော် အိမ့်ချစ် ကိုယ်စားပြု


ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့ဟာအရှေ့တောင်အာရှ အာဆီယံအသင်းကြီးကို မတည်ခဲ့ကြတဲ့ နှစ် ၅၀ ပြည့်အထိမ်းအမှတ်နေ့ပဲဖြစ်ပါတယ်။ ဒီအထိမ်းအမှတ်နေ့အဖြစ် အာဆီယံညီလာခံ ကျင်းပရာ ဖိလစ်ပိုင်နိုင်င ံမနီလာမြို့တော်မှာ အနုပညာဖျော်ဖြေပွဲတွေ ကျင်းပဖို့ရှိရာမှာ အာဆီယံ ၁၀ နိုင်ငံက အဆိုတော်လူငယ်တွေလည်းဖျော်ဖြေကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ ဖျော်ဖြေမယ့် လူငယ်အဆိုတော်ကတော့ အိမ့်ချစ်ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက ပြောပြပါလိမ့်မယ်။

ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့ဟာ အာဆီယံအသင်းကြီးရဲ့ နှစ် ၅၀ ပြည့်အထိမ်းအမှတ်နေ့ပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မှာ ၁၉၆၇ သြဂုတ်လ ၈ ရက်နေ့က အင်ဒိုနီးရှား၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ စကာၤပူနဲ့ ထိုင်းနိုင်ငံတို့က အာဆီယံအသင်းကြီးကို မတည်ခဲ့ကြတာဖြစ်ပြီး အာဆီယံကြေညာစာတမ်းကြီးကို လက်မှတ်ရေးထိုးခဲ့ကြတာလည်းဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ ဘရူနိုင်း၊ ၁၉၉၅ ခုနှစ်မှာ ဗီယက်နမ် ၁၉၉၇ခုနှစ်မှာ မြန်မာနဲ့ Laos နိုင်ငံအပြင် ၁၉၉၉ခုနှစ်မှာ ကမ္ဘောဒီယားတို့က အဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့ပြီး အခုဆို အာဆီယံ ၁၀ နိုင်ငံ ရှိတာဖြစ်ပါတယ်။

"အလင်းရောင်တရောင်အောက်ထဲမှာ ရပ်တည်တဲ့ အာဆီယံအသင်းကြီး"ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ ဒီကနေ့ ရွှေရတုအထိမ်းအမှတ်နေ့ကို ဆင်နွဲရာမှာ ဖိလစ်ပိုင်ရှိမြို့ကြီးပေါင်း ၆၃ မြို့မှာလည်း မီးထွန်းပွဲတွေ ကျင်းပကြမှာဖြစ်ပါတယ်။

အာဆီယံအသင်းကြီးရဲ့ နှစ် ၅၀ ပြည့်အထိမ်းအမှတ်ဟာ ဖိလစ်ပိုင်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက် နေတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေတာမို့ မနီလာမြို့တော်မှာ အထိမ်းအမှတ်အဖြစ် အာဆီယံ ၁၀ နိုင်ငံက အဆိုတော်လူငယ်တွေ ကိုယ်စားပြုဖျော်ဖြေကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ စေလွှတ်ချက်အရ ကိုယ်စားပြုမယ့်လူကတော့ အဆိုတော်ချစ်ကောင်းသမီးဖြစ်သူ အိမ့်ချစ်ပဲ ဖြစ်ပါတယ်။ အာဆီယံ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေပွဲအကြောင်း မနီလာမြို့တော်ရှိ ကောင်းကော့ ဟိုတယ်မှာ အာဆီယံ နိုင်ငံတကာမီဒီယာသတင်းဌာန ကနေ သတင်းစာရှင်းလင်းပွဲကို သြဂုတ် ၇ ရက်နေ့က ကျင်းပ ခဲ့ရမှာ အာဆီယံ ၁၀ နိုင်ငံကို ကိုယ်စားပြုတဲ့ အဆိုတော်လူငယ်တွေကို မိတ်ဆက်ပေးခဲ့ရာမှာ မြန်မာနိုင်ငံက အဆိုတော် အိမ့်ချစ်နဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။

သူ့ဖခင်ဖြစ်သူ အဆိုတော်ချစ်ကောင်းနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရာမှာတော့ သမီးဖြစ်သူ အိမ့်ချစ်က အခုလိုပြောပြခဲ့ပါတယ်။

“ကျမအဖေက ကျမတို့နိုင်ငံမှာ Rock အဆိုတော်ပါ။ ကျမအနေနဲ့ သီချင်းဆိုခဲ့တာ အသက် ၁၃ နှစ်ကတည်းကဆိုတော့ အခုကျမက ၂၆ နှစ်ပါ ကျမအဖေက ကျမရဲ့ Hero ပါပဲ။”

သတင်းစာရှင်းလင်းပွဲမှာ အာဆီယံ ၁၀ နိုင်ငံက လူငယ်တွေအနေနဲ့ နမူနာ အစမ်းဖျော်ဖြေမှုတွေကို တင်ဆက်ခဲ့ရာမှာ မြန်မာနိုင်ငံက အိမ့်ချစ်ကတော့ သူဖျော်ဖြေမယ့် သီချင်းနဲ့အတူ ပရိတ်သတ်တွေကိုပါ ဆိုင်းချက်ညီညီ လက်ခုပ်လိုက်တီးစေခဲ့ပါတယ်။

အိမ့်ချစ်အနေနဲ့ ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့မှာတော့ လူငယ်တေးဂီတ ဖျော်ဖြေပွဲမှာ မြန်မာရိုးရာဝတ်စုံဝတ်ပြီး သီဆိုမယ့် သီချင်းကတော့ “အောင်မြင်မှုနောက်ကွယ်” ဖြစ်တဲ့အကြောင်းသိရပါတယ်။ ဒီ ဖျော်ဖြေပွဲမှာ အာဆီယံ ၁၀ နိုင်ငံက လူငယ်အဆိုတော်တွေ အပြင် တခြား Filipinoအနုပညာအကျော်အမော် တွေလည်း ပါဝင်ဖျော်ဖြေကြလိမ့်မယ်လို့လည်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG