သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-အာဆီယံ ရေလမ်းလုံခြုံရေး ညှိနှိုင်း


အရှေ့တောင်အာရှဒေသမှာ ရေကြောင်းသွားလာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ လုံခြုံရေးပိုင်း အားကောင်းရေး နည်းလမ်း တွေရှာဖွေဖို့ အရှေ့တောင်အာရှနိုင်ငံများ ASEAN အဖွဲ့ဝင် ၁၀ နိုင်ငံက တာဝန်ရှိသူတွေနဲ့ ဝန်ကြီးတွေ အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့တော်မှာ ကြာသပတေးနေ့က အစည်းအဝေးလုပ် ဆွေးနွေးကြပါတယ်။

အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး၊ နျူကလီးယားလက်နက် ထိန်းချုပ်ရေးနဲ့ ရေကြောင်းနယ်နိမိတ်ဆိုင်ရာ သတိထားရှိမှုတို့မှာ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ကြဖို့နဲ့ အာရှရာစုနှစ်လို့ဆိုရမယ့် “Asia’s Century” အတွက် နိုင်ငံတွေပါဝင်မယ့် အနေအထား သတ်မှတ်ရေး ကူညီလုပ်ဆောင်ကြဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj က အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်း ပြောဆိုပါ တယ်။

“အိန္ဒိယ-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဟာ အခိုင်အမာအမြစ်တွယ်နေပြီး အာရှရာစုနှစ်တခုအဖြစ်ပုံဖော်ဖို့ ကျမတို့ အိပ်မက်ရဲ့ဗဟိုချက်မှာ အာဆီယံကို ထည့်သွင်းသတ်မှတ်ထားပါတယ်။ အာရှရာစုနှစ်လို့ ခေါ်ဆိုဖို့အတွက် အာရှဒေသအနေနဲ့ ၂၁ ရာစုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ နေရာတနေရာကို ပြန်ရလာပြီဖြစ်တာနဲ့အမျှ အိန္ဒိယနဲ့အာဆီယံတို့ဟာ အရေးပါတဲ့အခန်းကဏ္ဍ ကနေ ပါဝင်သွားမှာပါ။ ဒီအနာဂတ်အမြင်ကို လက်တွေ့ဖြစ်လာအောင် လုပ်ဖို့အတွက် အိန္ဒိယနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်” လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj ကပြောသွားတာပါ။

ဒေသတွင်းမှာအငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းကြဖို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က နှိုးဆော်ပြီး သေးငယ်တဲ့စင်္ကာပူနိုင်ငံအနေနဲ့ “အင်အားဟာ အမှန်တရားလို့ သတ်မှတ်တဲ့ကမ္ဘာတခုမှာ ရှင်သန်ဖို့ အခွင့်အလန်း မရှိပါဘူး” လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG