အာရှဒေသရဲ့ စီးပွားရေး ပြန်ပြီး နာလန်ထူလာမှုကို ခြိမ်းခြောက်နေတဲ့ ဆိုးရွားတဲ့ ရာသီဥတုနဲ့ သဘာ၀ ဘေးအန္တရာယ်တွေကနေ သက်ရောက်မှုတွေကို လျှော့ချနိုင်ရေး အာရှနိုင်ငံတွေ အတူတကွ လုပ်ဆောင်ကြရမယ်လို့ ကုလသမဂ္ဂ အေဂျင်စီတခုက ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့ ၃ ရက်ကြာ ညီလာခံတခုရဲ့ အဖွင့် ဗုဒ္ဓဟူးနေ့မှာ အာရှနိုင်ငံ ၃၁ နိုင်ငံက ကိုယ်စားလှယ်တွေကို အာရှ၊ ပစိဖိတ်ဒေသ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေး ကော်မရှင် (UNESCAP) ဒုတိယ အကြီးအကဲ နာဂက်ရှ် ကူးမား (Nagesh Kumar) က သတိပေး ပြောကြားခဲ့တာပါ။
၁၉၈၀ ပြည့်နှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ သဘာ၀ ဘေးအန္တရာယ်တွေကနေ အာရှဒေသဟာ သေဆုံးမှုတွေ အားလုံးရဲ့ ၈၅%၊ စီးပွားရေး ဆုံးရှုံးမှုတွေ အားလုံးရဲ့ ၃၈% ခံစားခဲ့ရတယ်လို့ UNESCAP က ထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။ ငလျင်တွေ၊ မီးတောင်တွေနဲ့ ဆူနာမီ ရေလှိုင်းဒဏ်တွေ ခံရနိုင်ဖွယ်ရှိတဲ့ ဒေသတွေမှာ နေထိုင်တဲ့ လူဦးရေ အာရှတိုက်ဟာ အများဆုံး ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာငွေကြေး အကျပ်အတည်းကနေ နာလန်ထူလာနိုင်ဖို့၊ ထောင်စုနှစ် ရည်မှန်းချက်တွေ ရရှိ အောင်မြင်စေဖို့ အာရှဒေသရဲ့ စွမ်းဆောင်ရည်အပေါ် သဘာ၀ ဘေးအန္တရာယ်တွေက သက်ရောက်နေတယ်လို့ မစ္စတာ ကူးမားက ပြောပါတယ်။ အတိတ်ကဖြစ်ခဲ့တဲ့ သဘာ၀ ဘေးအန္တရာယ်တွေကြောင့် စားနပ်ရိက္ခာ ဈေးနှုန်းတွေ မြင့်တက်ခဲ့ရတယ်လို့ သူက ပြောပါတယ်။