ပြီးခဲ့တဲ့နှစ်က စားသောက်ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုကြောင့် အာရှ ပစိဖိတ် ဒေသမှာ လူပေါင်း သန်း ၂၀ လောက် ဆင်းရဲမွဲတေမှုကနေ ရုန်းမထွက်နိုင်ခဲ့ဘူးလို့ ကုလသမဂ္ဂ အစီရင်ခံစာ တခုက ပြောလိုက်ပါတယ်။
အစားအစာနဲ့ လောင်စာဆီဈေးနှုန်း ဖောင်းပွမှု ထိန်းမရအောင် ဖြစ်နေတာကြောင့် နောက်ထပ် အာရှတိုက်သား ၄၂ သန်းလောက် ဆင်းရဲနေလိမ့်ဦးမယ်လို့ ဆိုပါတယ်။
အာရှဒေသတွင်းက ဆင်းရဲသားတွေဟာ သူတို့ရဲ့ ဝင်ငွေ ၇၀% လောက် အထိကို အစားအသောက်အတွက် အကုန်အကျ ခံနေရတဲ့အတွက် ငွေကြေးဖောင်းပွမှုရဲ့ဒဏ်ကို သူတို့ အခံကြရဆုံး ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေး ကော်မရှင် ESCAP ရဲ့ အစီရင်ခံစာထဲမှာ ဖော်ထားပါတယ်။
အစားအစာတွေ အဓိက ထုတ်လုပ်တဲ့ နိုင်ငံတွေမှာ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဈေးနှုန်းတွေ ထိန်းမရအောင် တက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဥပမာ ပြီးခဲ့တဲ့နှစ်အတွင်း ဂျုံဈေးနှုန်းဟာ ၈၀% တက်ခဲ့တာကို ထောက်ပြခဲ့ပါတယ်။ ဆန်ဈေးတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ ၃ ပုံ ၁ ပုံ တက်သလို တရုတ်နဲ့ ဗီယက်နမ်မှာ ၂၃% တက်ခဲ့ပြီး စားသုံးဆီဈေးက ၆၅% အထိ တက်ခဲ့တယ်လို့ ပြောကြပါတယ်။
ကောက်ပဲသီးနှံတွေကို ဇီဝလောင်စာ ထုတ်လုပ်ရာမှာ သုံးတာ ပိုများလာတာရော ကုန်ဈေးနှုန်းတွေကို ဈေးကွက်မှာ ဈေးကစားကြတာကပါ လယ်ယာစိုက်ပျိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှုမှာ ရေရှည် ကျဆင်းစေတယ်လို့ အစီရင်ခံစာ ရေးသားပြုစုသူက ပြောပါတယ်။
စားသောက်ကုန်ဈေးတွေ ကျဆင်းဖို့ အတွက်က ငွေကြေးမူဝါဒတွေကို ရေတိုထိန်းချုပ်၊ အခွန်အတုပ်တွေကို လျှော့ချ၊ စားသောက်ကုန်တွေကို ပိုပြီး သိုလှောင်တာတွေကို အစိုးရတွေက လုပ်ဖို့ ESCAP က တိုက်တွန်းထားပါတယ်။
ရေရှည်ဗျူဟာတွေထဲမှာ ရေရှည်ခံတဲ့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ သုတေသန အစီအစဉ်တွေကို အစိုးရက လုပ်ပေးသင့်သလို ကျေးလက်ဒေသတွေမှာ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ သင်တန်းတွေ ပေးတာ၊ ပညာရေး တိုးတက်အောင် ဆောင်ရွက်တာတွေ လုပ်သင့်တယ်လို့ ESCAP အစီရင်ခံစာက အကြံပြုထားပါတယ်။