အာရှရဲ့စီးပွားရေးဟာ ဒီနှစ်မှာ ၆ ရာခိုင်နှုန်း တိုးတက်လာနိုင်ပြီး အမေရိကန်နဲ့ ဥရောပစီးပွားရေးထက် ပိုကောင်းလာနိုင်တယ်လို့ မျှော်လင့်တဲ့အကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အကြီးအကဲ Christine Lagarde က ပြောပါတယ်။ ဒါပေမဲ့ အနာဂတ်စီးပွားရေး ကောင်းမွန်ဖို့အတွက် အာရှနိုင်ငံတွေဟာ လုပ်သားကျွမ်းကျင်မှု လေ့ကျင့်ပေးပြီးတော့ အမျိုးသမီးတွေကို အလုပ် ပိုခန့်ဖို့၊ ကျန်းမာရေးအသုံးစရိတ် တိုးဖို့နဲ့ သဘာ၀၀န်းကျင် ကာကွယ်ဖို့ကိစ္စတွေကို ဆောင်ရွက်ကြရလိမ့်မယ်လို့လည်း မစ္စ Lagarde က ပြောဆိုပါတယ်။
ကမ္ဘာ့နိုင်ငံအများစုရဲ့ စီးပွားရေးအခြေအနေဟာ မနှစ်ကထက်စာရင် ပိုကောင်းလာမယ့်အခြေအနေ ရှိပေမဲ့ တချို့နိုင်ငံတွေမှာ စီးပွားရေးကျဆင်းမှု အန္တရာယ်နဲ့ ကြုံတွေနိုင်ဆဲပဲလို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲက ပြောဆိုပါတယ်။ ထွန်းသစ်အောင်မြင် တိုးတက်မှုနှုန်း ကျယ်ပြန့်အားကောင်းလာတဲ့ နိုင်ငံတွေရှိပြီး အမေရိကန်စီးပွားရေး တိုးတက်မှု လက္ခဏာတချို့လည်း ပြလာတယ်လို့ IMF ညွှန်ကြားရေးမှူးချုပ်က တရုတ်နိုင်ငံမှာကျင်းပတဲ့ အာရှဖိုရမ် ဆွေးနွေးပွဲမှာ တနင်္ဂနွေနေ့တုန်းက ပြောဆိုပါတယ်။
၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားကျဆင်းမှု စဖြစ်ကတည်းက ကမ္ဘာ့စီးပွားတိုးတက်မှုရဲ့ သုံးပုံနှစ်ပုံဟာ အာရှနိုင်ငံဒေသတွေမှာ ဖြစ်ခဲ့တယ်လို့ အာရှစီးပွားရေးတိုးတက်မှုကို အသိအမှတ်ပြု ပြောဆိုသွားပါတယ်။ ကမ္ဘာ့စီးပွားရေး နာလန်ထူမှုက မျှတမှုမရှိဘဲ လက်တွေ့မှာ လုံလောက်တဲ့ စီးပွားရေး နာလန်ထူမှုအခြေအနေ ရဖို့အတွက် စီးပွားရေး တိုးတက်ကောင်းမွန်မှုတွေလည်း မရှိသေးဘူးလို့ သူက ပြောဆိုပါတယ်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း နိမ့်တဲ့အထဲမှာ ဥရောပငွေသုံးစွဲတဲ့ ၁၇ နိုင်ငံပါ ဥရောပသမဂ္ဂပါဝင်ပြီးတော့ ဘဏ္ဍာရေးမူဝါဒဆိုင်ရာ သဘောတူညီမှု မရနိုင်တဲ့အချက်က ကမ္ဘာ့အကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်တဲ့အမေရိကန်ရဲ့ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေတယ်လို့ Christine Lagarde က ပြောဆိုပါတယ်။