အာရှ၊ ပစိဖိတ် ဒေသဟာ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းတွေက ပြန်လည်ဦးမော့လာပြီး ကမ္ဘာပေါ်မှာ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ တည်ငြိမ်မှုတွေအတွက် အဓိက အချက်အခြာဒေသ ဖြစ်လာနေပေမဲ့ တချိန်တည်းမှာ စိန်ခေါ်မှုတွေလည်း ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။
စားသောက်ကုန် ဈေးနှုန်းတွေ တက်လာနေတာတွေကြောင့် ဆင်းရဲမွဲတေမှု လျော့ပါးရေး လုပ်ငန်းတွေကို ထိခိုက်စေနိုင်တဲ့ ခြိမ်းခြောက်မှု အပါအဝင် စိန်ခေါ်မှု အသစ်တွေ ရှိနေတယ်လို့ အာရှ၊ ပစိဖိတ်ဒေသ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင် (ESCAP) ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ နှစ်စဉ် အစီရင်ခံစာက သတိပေးလိုက်တာပါ။
စိန်ခေါ်မှုတွေထဲမှာ လောင်စာဆီဈေးနှုန်း ကြီးမြင့်မှုတွေနဲ့ ချမ်းသာတဲ့ နိုင်ငံတွေက စီးပွားရေး နာလန်ထူမှုတွေ နှေးကွေးနေတာတွေ၊ ငွေပင်ငွေရင်း စီးဆင်းမှုတွေဟာလည်း အတိမ်းအစောင်း မခံနိုင်တဲ့ အခြေအနေမှာ ရှိနေတာတွေ ပါဝင်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
တချိန်တည်းမှာပဲ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဥက္ကဋ္ဌကလည်း အာရှဒေသ အနေနဲ့ စီးပွားရေး အလားအလာတွေ လမ်းပွင့်စေဖို့နဲ့ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုမှာ ဘက်ညီမျှတဲ့ အခြေအနေတွေ ပေါ်ပေါက်လာစေဖို့ ခိုင်မာတဲ့ ခေါင်းဆောင်မှုတွေနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုတွေ မရှိမဖြစ် လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။
အာရှတိုက်က ဖွံ့ဖြိုးဆဲ နိုင်ငံတွေဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး အဆင့်အတန်းမှာ နိမ့်ကျနေဆဲ ဖြစ်တာကို တွေ့နေရတာမို့ ဒါတွေကို ပြောင်းလဲဖို့ လိုမယ်လို့ ADB ရဲ့ ၄၄ ကြိမ်မြောက် နှစ်စဉ်ညီလာခံ ဗီယက်နမ်နိုင်ငံမှာ ကျင်းပရာမှာ ဥက္ကဋ္ဌ ဟာရူဟီကို ကူရိုဒါ (Haruhiko Kuroda) က ပြောဆိုလိုက်တာပါ။
အာရှ၊ ပစိဖိတ်ဒေသ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာတော့ ဒေသတွင်းမှာ မကြာသေးခင်က ကြုံခဲ့ရတဲ့ သဘာဝကပ်ဘေး အန္တရာယ်တွေရဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး အလေးထား ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း မတ်လ ၁၁ ရက်နေ့ ဂျပန်ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ်ရဲ့ စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေက အစောပိုင်း ယူဆထားတာထက် ထိခိုက်မှု နည်းပါးမယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။