သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး အရှေ့အာရှခရီးစဉ် စတင်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နှင့် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နှင့် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး

အရှေ့အာရှဒေသကို သုံးရက်တာ ခရီးစဉ်နဲ့သွားရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ပထမဆုံးခရီးတထောက်အဖြစ် ဒီကနေ့ စနေနေ့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ကိုရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုတို့နဲ့ တွေ့ဆုံပြီး ဝန်ကြီးပွန်ပီယိုရဲ့ မြောက်ကိုရီးယား ခရီးစဉ်အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ပြုံယမ်းမြို့ကို မသွားခင် CBW လို့ခေါ်တဲ့ ဓာတုနဲ့ ဇီဝလက်နက်ဆိုင်ရာအစီအစဉ်တွေ နဲ့ပတ်သက်ပြီး ဂျပန်နဲ့ အမေရိကန်တို့အပြည့်အဝထပ်တူ နားလည်မှုရှိထားတယ်သူ့အနေနဲ့ သိရှိထားဖို့ အရေးကြီးတယ်လို့ ဝန်ကြီး ပွန်ပီယိုကပြောပါတယ်။ မြောက်ကိုရီးယားမှာ ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသားတွေရဲ့အရေးကိစ္စကိုလည်း သူ့ခရီးစဉ်မှာ ပြောဆိုမယ်လို့လည်း ဝန်ကြီး ပွန်ပီယိုကပြောပါတယ်။

ဝန်ကြီးပွန်ပီယိုနဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ဂျပန်နဲ့ အမေရိကန် မဟာမိတ်နှစ်နိုင်ငံရဲ့ ဆက်ဆံရေးပိုပြီး လေးနက် ခိုင်မာလာတယ်ဆိုတာ ကမ္ဘာကို ပြသလိုက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကပြောပါတယ်။ ဒီခရီးစဉ်အတွင်း မြောက်ကိုရီးယား၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံကိုလည်း ဝန်ကြီးပွန်ပီယိုသွားရောက်မှာပါ။

မြောက်ကိုရီးယားကိုရောက်ရင်တော့ နျူကလီးယားအစီအစဉ်အဆုံးသတ်ရေးကိစ္စကို ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ ဝန်ကြီးပွန်ပီယိုတို့ ပြောဆိုဆွေးနွေးမယ်လို့လည်း ခန့်မှန်းရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဖို့ရည်ရွယ်ချက်က နျူကလီးယားအစီအစဉ် အဆုံးသတ်ရေးနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ Donald Trump နဲ့ ခေါင်းဆောင် Kim Jong Un တို့ စင်္ကာပူမှာ ကျင်းပခဲ့တဲ့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲမှာ ပေးထားတဲ့ ကတိစကားအတိုင်း ဘယ်လိုကိစ္စရပ်တွေကိုအမှန်တကယ်အောင်မြင်အောင်aဆာင်ရွက်နေကြသလဲဆိုတာနဲ့ ဘယ်လိုရှေ့ဆက် အကောင်အထည်ဖော်နိုင်မလဲဆိုတာ နားလည် သဘောပေါက် လာအောင်လုပ်ဖို့ ဖြစ်တယ်လို့ ဝန်ကြီး ပွန်ပီယိုက ဂျပန်ခရီးစဉ်အစမှာ ပြောဆိုခဲ့တာပါ။ ဒါ့အပြင် သမ္မတ Donald Trump နဲ့ ခေါင်းဆောင် ကင်မ်ဂျုံအွန်းတို့ရဲ့ ဒုတိယ ထိပ်သီးဆွေးနွေးဖို့ ရက်ကိုလည်း သတ်မှတ်ဖို့ ဆန္ဒရှိတယ်လို့ ဝန်ကြီး ပွန်ပီယိုကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG