သုံးရလွယ်ကူစေသည့် Link များ

အာရှ-ပစိဖိတ်ဝန်းကျင် ဇီကာရောဂါနှိုးဆော်ချက် WHO ထုတ်ပြန်


ထိုင်းရှိ ဘုရားကျောင်းဝန်းတခုတွင်း zika ပိုးသတ်ဆေးဖြန်း

အာရှ Pacific ဒေသထဲမှာ ဇီကာ Virus ပိုးကူးစက်ပျံ့နှံမယ်လို့ ခန့်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ သတိပေးထားပါတယ်။ ဇီကာပိုးကူးစက်မှု ရာနဲ့ချီကို စင်္ကာပူနိုင်ငံမှာတွေ့ရှိခဲ့သလို ထိုင်းနိုင်ငံမှာ ဦးခေါင်းသေးလေးတွေနဲ့ မွေးဖွားလာတဲ့ ကလေး ၂ ယောက်မှာ ဇီကာ Virus ပိုးနဲ့ ဆက်စက်နေတယ်လို့ စစ်ဆေးတွေ့ရှိထားချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခုလိုအစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဇီကာ Virus ဟာ အရှေ့တောင်အာရှနိုင်ငံအများစုအပြင် တရုတ်၊ ဂျပန်၊ Australia နဲ့ Pacific ကျွန်းနိုင်ငံတွေအထိ ဒေသတွင်း နောက်ထပ်ပျံ့နှံ့နိုင်ခြေ အများကြီးရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာကျင်းပတဲ့ ဒေသတွင်း ညီလာခံမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။ ဇီကာရောဂါ လက္ခဏာတွေဟာ မပြင်းထန်သလို ကမ္ဘာတဝန်းမှာ ဇီကာကြောင့် သေဆုံးတယ်ဆိုတာမျိုးလည်း မရှိသေးဘူးလို့ ကမာ့္ဘကျန်းမာရေး အဖွဲ့ကြီးရဲ့ Pacific သမုဒ္ဒရာ အနောက်ဖက်ဒေသဆိုင်ရာ အကြီးအကဲတယောက်ဖြစ်တဲ့ Dr. Li Ailan ကပြောပါတယ်။

တချိန်တည်းမှာပဲ ဒေသတွင်းနိုင်ငံအာဏာပိုင်တွေကတော့ ဇီကာကာကွယ်ရေး စောင့်ကြည့် ပြင်ဆင်မှုတွေတိုးမြှင့်လုပ်နေသလို၊ ဆက်စပ်ရောဂါတွေ ဖြစ်လာမယ်ဆိုရင် ဘယ်လိုတုံ့ပြန်ကိုင်တွယ်မလဲဆိုတာနဲ့ အချက်အလက်မျှဝေမှုကို ပူးပေါင်းလုပ်သွားကြဖို့ ပြင်ဆင်ထားကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ Pacific သမုဒ္ဒရာ အနောက်ဖက်ခြမ်းဒေသဟာ ကမ္ဘာမှာ ဇီကာရောဂါ ဒုတိယအဖြစ်အများဆုံး ဒေသဖြစ်တယ်လို့ Dr. Li ကပြောပါတယ်။ နိုင်ငံပေါင်း ၂၇ နိုင်ငံထဲက ၁၉ နိုင်ငံမှာ ၂၀၀၇ ခုနှစ်ထဲက ဇီကာရောဂါဖြစ်ပွားမှုတွေ ရှိခဲ့ပြီး ဒီနှစ်အတွင်း ဇီကာကူးစက်တဲ့နိုင်ငံ ၁၃ နိုင်ငံရှိပါတယ်။

XS
SM
MD
LG