သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် ဗလီတိုက်ခိုက်ခံရမှု လူ ၂၃၀ ကျော်သေဆုံး


အီဂျစ် ဗလီတိုက်ခိုက်ခံရ ( နိုဝင်ဘာ ၂၄-၂၀၁၇)
အီဂျစ် ဗလီတိုက်ခိုက်ခံရ ( နိုဝင်ဘာ ၂၄-၂၀၁၇)

အီဂျစ်နိုင်ငံက ဗလီတခုကို IS စစ်သွေးကြွတွေဝင်ပစ်တာကြောင့် လူပေါင်း ၂၃၅ ယောက်ထက်မနည်း သေဆုံးခဲ့ တယ်လို့ အီဂျစ်သတင်းဌာနတွေက ပြောကြပါတယ်။ နိုင်ငံမြောက်ပိုင်း ဆိုင်းနိုင်းပြည်နယ်၊ al Arish မြို့တော်အပြင်ဘက်က Bir al Abed မြို့မှာ သောကြာနေ့ ဗလီတက် ဝတ်ပြုနေသူတွေကို ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ဒါဟာဖြင့် နှစ်ပေါင်းများစွာအတွင်း အီဂျစ်က ဗလီတခုကို တိုက်ခိုက်မှုကြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တနှစ်တာကာလအတွင်း ခရစ်ယာန်ဘုရားကျောင်း သုံးခုကို တိုက်ခိုက်ခဲ့တာကြောင့်တော့ လူတွေ သေကျေဒဏ်ရာရတာ ရှိခဲ့ဖူးပါတယ်။ ကိုင်ရိုမြို့တော်ကနေ Edward Yeranian ပေးပို့ထား တဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

IS စစ်သွေးကြွတွေဟာ Rawda ဗလီအတွင်းဘက်မှာရော အပြင်ဘက်မှာပါရှိနေတဲ့ လူတွေကို ပစ်ခတ်တာကြောင့် Bir al Abed မြို့လည်ကနေ လူတွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။ ကော်ဇောခင်းထားတဲ့ ဗလီကြမ်းပြင်ပေါ်မှာတော့ အလောင်းတွေ ပြန့်ကျဲနေခဲ့တာပါ။

“ဖောက်ခွဲမှုတခုလုပ်ပြီးတဲ့နောက် ဗလီထဲမှာ ဝတ်ပြုနေသူတွေကို ကားတွေပေါ်ကနေ စစ်သွေးကြွတွေက ပစ်ခတ်ခဲ့တာပါ” လို့ တိုက်ခိုက်မှုဖြစ်ချိန်က ဗလီထဲမှာရှိနေခဲ့တယ်လို့ဆိုတဲ့ မျက်မြင်တဦးက အာရပ်ဘ်သတင်းဌာနတွေကို အာရပ်ဘ်ဘာသာစကားနဲ့ ပြောခဲ့တာပါ။

အရေးပေါ်ကူညီရေးလုပ်သားတွေက ဒဏ်ရာရသူတွေကို အနီးက Arish မြို့မှာရှိတဲ့ ဆေးရုံတွေဆီပို့ဖို့ ကြိုးစားချိန် အရေးပေါ် လူနာတင်ယာဉ်တွေကို စစ်သွေးကြွတွေကပစ်ခတ်တယ်လို့လဲ မျက်မြင်တွေကပြောပါတယ်။ မြို့ပေါ်က အစိုးရဌာနအများအပြား ကိုလဲ တိုက်ခိုက်ခဲ့တယ်လို့ အီဂျစ်မီဒီယာတွေကပြောပါတယ်။

“ဒီတိုက်ခိုက်မှုဟာ မူစလင်ညီအကိုတော်များအဖွဲ့နဲ့ သူတို့ရဲ့အပေါင်းပါတွေက အီဂျစ်နိုင်ငံအပေါ် ဆက်လိုက်တိုက်ခိုက်နေတာရဲ့ တစိတ်တပိုင်းဖြစ်တယ်” လို့ အီဂျစ်ယဉ်ကျေးမှုဝန်ကြီး Helmy Namnam က အာရပ်ဘ်ဘာသာစကားနဲ့ အီဂျစ်ရုပ်မြင်သံကြားမှာ ပြောခဲ့တာပါ။

တခြား အစိုးရတာဝန်ရှိသူဟောင်း အများအပြားကလဲ အလားတူပြောကြပါတယ်။ အရင်က အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုတွေကို သူတို့လုပ်တာမဟုတ်ဘူးလို့ မူစလင် ညီအကိုတော်များအဖွဲ့က ငြင်းခဲ့ဖူးပါတယ်။

စစ်သွေးကြွတွေဟာ သွေးရူးသွေးတန်းဖြစ်လာနေတာကြောင့် အခုလိုမျိုး သိပ်ကို ရက်စက်တဲ့ တိုက်ခိုက်မှုမျိုး လုပ်လာကြတာ ဖြစ်တယ်လို့ အစ္စလာမ်မစ် ပံ့ပိုးထောက်ပံ့ရေး ဌာန ဝန်ကြီး Mukhtar Goma’a က အစိုးရပိုင်သတင်းဌာနကို ပြောပါတယ်။

“ဗလီတွေကို တိုက်ခိုက်တာဟာ စစ်သွေးကြွတွေအတွက် နောက်ဆုံးကျန်တဲ့ နည်းလမ်းပါပဲ။ အရင်က ခရစ်ယာန်ဘုရားကျောင်း တွေကို တိုက်ခိုက်ပြီး သေဆုံး ဒဏ်ရာရသူတွေဟာ မိစ္ဆာဒိဋ္ဌိတွေလို့ဆိုတယ်။ ဒါပေမဲ့ အရင်က သူတို့တိုက်ခိုက်တာတွေ မအောင် မြင်တာကြောင့် အခုဆို ဗလီတွေကို တိုက်ခိုက်လာပြီ။ တကယ်ကတော့ ဘုရားသခင်ရဲ့ ရန်သူတွေဟာ သူတို့ပဲဖြစ်တယ်ဆိုတာ ကို သက်သေပြနေကြတာပါ။” လို့ ဝန်ကြီး Mukhtar Goma’a က ပြောသွားတာပါ။

အီရတ်နဲ့ဆီးရီးယားက IS စစ်သွေးကြွတွေ အီဂျစ်နဲ့လစ်ဗျားအပါအဝင် အာဖရိကမြောက်ပိုင်းဒေသတွေဘက် မကြာသေးခင်ကပဲ အလုံးအရင်းနဲ့ ဝင်လာတဲ့အကြောင်း အာရပ်ဘ်မီဒီယာတွေက ပြောကြပါတယ်။ အကြမ်းဖက်ဝါဒီတွေ အီရတ်နဲ့ဆီးရီးယားကနေ အာဖရိကမြောက်ပိုင်းကို ထွက်ပြေးအောင် ကာတာနဲ့ တူရကီက ကူညီနေတယ်လို့ အီဂျစ်မီဒီယာတွေက စွပ်စွဲထားပါတယ်။ ကာတာနဲ့ တူရကီတို့ကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းပါတယ်။ ပြဿနာတပိုင်းက အကြမ်းဖက်ဝါဒစွဲလုပ်ရပ်တွေကို ရင်ဆိုင်ဖို့ အီဂျစ်လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ပိုပြီးကောင်းတဲ့သင်တန်းတွေ လိုတယ်လို့ အီဂျစ် ဝါရင့်အယ်ဒီတာနဲ့ထုတ်ဝေသူ Hisham Kassem က မကြာသေးခင်ကပဲ ဗွီအိုအေကိုပြောခဲ့ပါတယ်။

“ရဲတပ်ဖွဲ့နဲ့ အနိမ့်ဆုံး စစ်ဘက်တစိတ်တပိုင်းကို အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေး တပ်ဖွဲ့တွေဖြစ်လာအောင် ပြန်တည်ဆောက်ဖို့ လိုတယ်ဆိုပြီး ပြောဆိုလာတာ နှစ်ပေါင်းအတော်ကြာနေပါပြီ။ ဒါပေမဲ့လဲ တကယ့်အပြောင်းအလဲ ဖြစ်စေမယ့် အစီအစဉ်မျိုးတွေ လုပ်ခဲ့တယ်ဆိုတာမျိုး မသိရသလောက်ပါပဲ။”

တိုက်ခိုက်မှုဖြစ်ပြီးပြီးချင်းမှာပဲ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးတွေအပါအဝင် လုံခြုံရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ သမ္မတ Abdel Fattah el Sisi က အစည်းအဝေးလုပ်ခဲ့တယ်လို့ အီဂျစ်မီဒီယာတွေကပြောပါတယ်။

အစိုးရအဆောက်အဦးတွေနဲ့ အဓိက အခြေခံအဆောက်အအုံနေရာတွေမှာလဲ လုံခြုံရေး တိုးမြှင့်ထားပါတယ်။ ဗလီမှာ တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် ဆိုင်းနိုင်း ဒေသက အကြမ်းဖက်ဝါဒီပစ်မှတ်တွေကို အီဂျစ်အစိုးရ စစ်လေယာဉ်တွေက တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းတွေလဲ ထွက်ထားပါ တယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG