သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်လ MMA အောင်ပွဲအတွက် အမေရိကားရောက် မြန်မာတွေ ဂုဏ်ယူ


 အောင်လအန်ဆန် (ONE Championship)
အောင်လအန်ဆန် (ONE Championship)

မနေ့ သောကြာနေ့ (ဖေဖေါ်ဝါရီလ ၂၃ ရက်) က ရန်ကုန်မှာ ကျင်းပတဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ( Light Heavyweight World Championship) ပြိုင်ပွဲမှာ ပြိုင်ဘက်ကို အနိုင်ထိုးပြီး ရွှေခါးပတ်ချန်ပီယံ ဆုရရှိသွားတဲ့ အောင်လအန်ဆန်ဟာ သမိုင်းဝင် ကမ္ဘာ့ချန်ပီယံ နှစ်ထပ်ကွမ်းဖြစ်သွားပါပြီ။ အောင်လရဲ့ အောင်ပွဲဟာ ကချင်တိုင်းရင်းသားတဦးအနေနဲ့ ပြည်ထောင်စုအပေါ် ကျေးဇူးသစ္စာစောင့်သိမှုအဖြစ် ပြသလိုက်တာဖြစ်တယ်လို့လည်း သူရဲ့ အကိုဖြစ်သူက ဗွီအိုအေကိုပြောပါတယ်။

ဒီကနေ့ခေတ်မှာ မြန်မာနိုင်ငံဖွား ကချင်တိုင်းရင်းသားတဦးအနေနဲ့ ပထမဦးဆုံး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံသာမက လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဖြစ်လာတဲ့ အောင်လအန်ဆန်အတွက် နိုင်ငံံ့ဂုဏ်ဆောင်တဦးအဖြစ် မြန်မာပရိသတ်တွေသာမက နိုင်ငံတကာရောက် မြန်မာပရိသတ်တွေအားလုံး ဂုဏ်ယူနေကြတဲ့အကြောင်း မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

အခုကြားခဲ့ရတဲ့ အသံကတော့ ရန်ကုန် သုဝဏ္ဏမိုးလုံလေလုံ အားကစားခန်းမမှာ ကျင်းပခဲ့တဲ့ One Championship လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဗိုလ်လုပွဲမှာ အောင်လအန်ဆန်က ပြိုင်ဘက်ဖြစ်သူ ဘရားဇီးလ် နိုင်ငံသား ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်း Alexandre Machado ကို ၅၆ စက္ကန့်အတွင်း ခြေထောက်ကန်ချက်နဲ့ အလဲထိုးသတ်နိုင်ခဲ့တဲ့အတွက် ရွှေခါးပတ် ကမ္ဘာ့ချန်ပီယံ အဖြစ် ဒိုင်လူကြီးက ကြေညာသွားတာပါ။

အခုလို စက္ကန့်ပိုင်းအတွင်း ပြိုင်ဘက်ကို မထင်မှတ်ပဲ အလဲထိုးနိုင်ပြီး ကမ္ဘာ့ချန်ပီယံ နှစ်ထပ်ကွမ်း ဖြစ်လာတဲ့ အောင်လအန်ဆန်ရဲ့ အောင်ပွဲကို MMA ကိုယ်ခံပညာစုံသုံးခွင့်ရတဲ့ လက်ဝှေ့အားကစားလောကမှာ သမိုင်းဝင်အဖြစ် ဂုဏ်ပြုခဲ့ကြတာပါ။ ရွှေခါးပတ် ၂ ခုရ ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့ အောင်လအန်ဆန်အတွက် အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ သူရဲ့ မိသားစုဝင်တွေကလည်း အလွန်ဂုဏ်ယူမိသလို မြန်မာပြည်ဖွား ကချင်တိုင်းရင်းသားတွေရဲ့ ပြည်ထောင်စုအပေါ် သစ္စာရှိမှုအဖြစ် သက်သေဖြစ်ကြောင်း အကိုဖြစ်သူ Gum Sang က ဗွီအိုအေကို ပြောပါတယ်။

"အင်မတန်ကို အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်ရတာပေါ့နော် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ နောက်အကုန်လုံးအားပေးနေကြတဲ့ တိုင်းသူပြည်သား အားလုံး နောက် သူတို့ရဲ့ မိသားစုဝင်တွေ အကုန်လုံး၊ နောက်ဆုတောင်းပေးတဲ့ သူတွေအားလုံးကို အင်မတန် ကျေးဇူးတင်ပါတယ်။ တိုင်းပြည်ကိုချစ်တဲ့ဟာပေါ့နော် ကျနေ်ာတို့ ကချင်တိုင်းရင်းသားတွေ ဒီ ပြည်ထောင်စုအပေါ်မှာ သစ္စာရှိပါတယ်။ နောက်တခုက ချစ်ခြင်းမေတ္တာတွေရှိပါတယ်။"

မနေ့က ယှဉ်ပြိုင်ထိုးသတ်ပွဲမှာ ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်း Alexandre Machado ကို စက္ကန့်ပိုင်းအတွင်း မမျှော်လင့်ပဲ အနိုင် ထိုးသတ်နိုင်ခဲ့တဲ့အတွက် ပွဲကြည့် ပရိသတ်တွေဘက်က အတော်လေး အားမလိုအားမရ ဖြစ်ခဲ့ကြပေမယ့် အောင်လအန်ဆန်အတွက် အလွန်ဂုဏ်ယူမိကြောင်း အမေရိကန်ပြည်ထောင်စုက မြန်မာပရိသတ် ကိုဇော်ဇော်လှိုင်က ပြောပါတယ်။

"အောင်လ Weight တန်းအရ နည်းနည်းလေး ပိုသေးမလားလို့ မြင်မိတယ် ဒါပေမယ့် သူက အားတော့ရှိတယ်။ တဖက်လူက သူက ချုပ်သတ်တဲ့နည်းနဲ့ သုံးမလို့ ကြိုးစားတယ်လို့ ကျနော်မြင်တယ်။အဲဒီမှာ အောင်လက ချုပ်သတ်တဲ့နည်းကို မသုံးပဲနဲ့ ခြေနဲ့ ၂ ခေါက်လောက်ကန်လိုက်တာနဲ့ ဟိုဘက်က လှန်လှန်သွားတာ တွေ့ရတယ်။ ဟိုက လုံးဖို့ ကြိုးစားတဲ့အားနဲ့ သူက ကန်တဲ့အားနဲ့ တိုက်တဲ့အခါမှာ တကယ့်ကို ပြင်းအားဖြစ်သွားတာပေါ့ခင်ဗျ။ အဲဒီမှာ တချက်တည်း ကျသွားတယ် သူဆက်ထိုးတဲ့အချိန်မှာ ဟိုဘက်က ထနိုင်မှာမဟုတ်ဘူး ။ဒါကို ဒိုင်ကလည်းသိသားတယ်၊ ဒိုင်ကလည်း တားလိုက်တယ်။ Weight တန်းအရကြည့်ရင် body structure အောင်လက ကိုယ်ခံအား ပိုကောင်းတဲ့ သဘောရှိတယ်။ ဟိုဘက်က ချန်ပီယံဆိုတဲ့အခါကျတော့ တော်တော်လေးတော့ ထိုးရမယ်လို့ ထင်ထားတာပေါ့လေ။ ပွဲကတိုသွားတဲ့အတွက် ပွဲအရ ကျနော်အားမရဘူး။ အောင်လနိုင်သွားတဲ့အတွက် ကျနော်တို့ကတော့ ဝမ်းသာတယ်ပေါ့လေ။"

အခုလို ရွှေခါးပတ် ၂ ခုရပြီး ကမ္ဘာ့ချန်ပီယံ ၂ ထပ်ကွမ်းရဖို့အတွက် ပြိုင်ဘက် Alexandre Machado ရဲ့အားသာချက်၊ အားနည်းချက်တွေအပေါ်မှာ သူ့ဘက်က ကြိုတင်ပြင်ဆင် လေ့ကျင့်နေခဲ့ကြောင်း အောင်လအန်ဆန်က ပြိုင်ပွဲမတိုင်ခင် သတင်းထောက်တွေကို ပြောခဲ့တာပါ။ အရင် ချန်ပီယံဟောင်း Roger Gracie အနားယူခဲ့ပြီးနောက် လစ်လပ်နေတဲ့ ချန်ပီယံဆုအတွက် သူတို့နှစ်ဦး ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ ကချင်တိုင်းရင်းသားအောင်လအန်ဆန် အနေနဲ့ မြန်မာနိုင်ငံပြန်ပြီး MMA လက်ဝှေ့အားကစားလောကမှာ ကမ္ဘာ့ချန်ပီယံဆုတွေရအောင် ယှဉ်ပြိုင်ခဲ့တဲ့အတွက် အခြား တိုင်းရင်းသားတွေအနေနဲ့ ဂုဏ်ယူမိကြောင်း မေရီလန်းပြည်နယ်က ချင်း အသိုင်းအဝိုင်းခေါင်းဆောင်တဦးဖြစ်သူ Reverend Dr. Paul ZawKhai က ဗွီအိုအေကို ပြောပါတယ်။

"အရမ်းပဲ ဂုဏ်ယူမိတယ်ပေါ့နော် ။ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ် နိုင်ငံကို ကိုယ်စားပြုတယ် ဆိုတော့ အကုန်လုံးကတော့ မြန်မာပြည်သားတွေပါပဲလို့ ။ ကချင်ပြည်မှာလည်း တိုက်ခိုက်မှုတွေ ဖြစ်နေတယ်ဆိုတော့ လူတိုင်းလည်း သိလာတယ် အစိုးရလည်း အသိအမှတ်ပြုလာတယ်။ အစိုးရလည်းအဖက်ဖက်ကနေ အကောင်းဆုံးတော့ စီစဉ်ပေးမယ်ဆိုတော့ ကျနော်မျှော်လင့်တယ်။ နောက်ပြီးတော့ မနှစ်တုံးက ကျနော်ရတဲ့ပိုက်ဆံကို ကချင်ပြည်ကို ကူညီမယ်လို့ ပြောခဲ့ဖူးတယ်။ အခုလည်း သူကူညီလိမ့်မယ် ဒီလိုကူညီခြင်းအားဖြင့် ကချင်တိုင်းရင်းသားတွေ လက်နက်ကိုင်တပ်ဖွဲ့တွေကြားထဲမှာ ကောင်းတဲ့အရာတွေဖြစ်လာမယ်။ နောက်ပြီးတော့ သူ့အားဖြင့် လူတွေက သိလာတော့ ကချင်ကချင်လို့ ဖြစ်လာတော့ အစိုးရလည်း စဉ်းစားလာပြီး ငဲ့ညာလာမယ်လို့ ကျနော်မျော်လင့်တယ်။"

အောင်လအန်ဆန်နဲ့ Alexandre Machado တို့ ယှဉ်ပြိုင် မထိုးသတ်ခင် ပြုလုပ်တဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ MMA လက်ဝှေ့လောကမှာ နာမည်ရလာတဲ့ အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသား ဖိုးသော်ကလည်း ပြိုင်ဘက် ကမ္ဘောဒီယားနိုင်ငံသားကို ပထမတချီမှာတင် ခြေထောက်ကန်ချက်နဲ့ အလဲထိုးပြီး အနိုင်ရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG