သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံ ၇၃နှစ်ပြည့်မွေးနေ့ မြန်မာနိုင်ငံအနှံ့ကျင်းပ


ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ အသက်၇၃နှစ်မြောက်မွေးနေ့ပွဲကို နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအနှံ မြို့အသီးသီးမှာ သူ့ကိုထောက်ခံယုံကြည်တဲ့သူတွေက စုဝေးကျင်းပခဲ့ကြပါတယ်။နေပြည်တော်မှာ ပြုလုပ်တဲ့ မွေးနေ့အခမ်းအနားကိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေက ဦးဆောင်ကျင်းပတာဖြစ်ပြီး၊ အဲဒီ ပွဲကို မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်ရော သမ္မတဦးဝင်းမြင့်ပါ တတ်ရောက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၃ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးက တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကျင်းပကြပါတယ်။ နေပြည်တော် လွှတ်တော်ဝင်း အတွင်းမှာ ကျင်းပတဲ့ မွေးနေ့ဆုတောင်းပွဲကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့ပီး လွှတ်တေ်ာ ကိုယ်စားလှယ်တွေကို နိုင်ငံတော်အပေါ် သစ္စာရှိဖို့ ဆုံးမ စကားပြောခဲ့တယ်လို့ ပြည်သူ့လွှတ်တေ်ာ ကိုယ်စားလှယ် ဒေါ်မေစိုးက ဗွီအိုအေကိုပြောပါတယ်၊

"ကျမတို့ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးပေါ့နော်၊ လွှတ်တော်ဝန်ထမ်းတွေအားလုံး ကမတို့ မွေးနေ့လေးကျင်းပပါတယ်ရှင့်၊ ကျမတို့ အားလုံးက အန်တီ့ကို ကန်တော့ တော့ အန်တီက မွေးနေ့ ဆုတောင်းစကားလေးလည်း ပြောတယ်၊ ကျမတို့ကို ဆုံးမစကားလေးလည်း ပြောတယ် ၊ အဓိက ကတော့ ချစ် ချစ်ခင်ခင် နေကြဖို့ ၊နိုင်ငံတော်ကို သစ္စာရှိဖို့ ၊ပီးတော့ ကိုယ့်မြို့နယ်ကို သစ္စာရှိဖို့ နဲ့ ကိုယ့်နိုင်ငံအပေါ် သစ္စာရှိဖို့ပါ "

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အသီးသီးမှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် မွေးနေ့ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြပီး NLD ရုံးချုပ်မှာလည်း ဒီကနေ့မနက်ပိုင်းက ပါတီနာယက ဦးတင်ဦး ကိုယ်တိုင်လာရောက်ပီး ကျင်းပပေးခဲ့တယ်လို့ ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

" ကျမတို့ ဒီမနက်မှာတော့ ဆွမ်းဆန်စိမ်းလောင်းတယ်ရှင့်၊ လာတဲ့ ဧည့်ပရိတ်သတ်တွေကို အလှူဒါနလုပ်ကြတယ်၊အဲဒီလိုပဲ ရုံးချုပ်မှာလုပ်ကြတယ်၊နောက်ပီးတော့ မွေးနေ့ကိတ်ခွဲပီး အန်တီ့အတွက် ဆုတောင်းပေးကြတယ်"

မြန်မာနိုင်ငံတဝှမ်းမှာတော့ ဒီကနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပန်းချီ၊ဓာတ်ပုံ၊ ကဗျာရွတ်ပွဲ စတာတွေ အပါအဝင် လှုဒါန်းကုသိုလ်ပြုပွဲတွေကိုလည်း ကျင်းပကြပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကတော့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအအမှတ်အဖြစ် တောင်တွင်းကြီးမြို့မှာ ပရဟိတ ကြယ်စင်ကောင်းကင် နေ့ရင်ခွင်ကျောင်းပန္နက်ရိုက်ပွဲအခမ်းအနားကို ကျင်းပခဲ့တယ်လို့ပြောပါတယ်။

" တောင်တွင်းကြီးကိုသွားတယ် အဲဒီက ကြယ်စင်ကောင်းကင် ဆိုတဲ့ မူကြိုဆောက်ဖို့ အဲဒီနေရာမှာ သွားပြီးတော့ ပန္နက်ချတယ်။ အဲဒီ မူကြိုကျောင်းကလည်း ဘယ်သူဦးဆောင်မလဲဆိုတော့ အမ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အဖမ်းခံခဲ့ရတဲ့ တောင်တွင်းကြီးသူ၊ အဲဒီမှာ ဆရာမလုပ်ခဲ့တဲ့ ဒေါ်ခင်ကျော်ဝင်းက ဦးဆောင်ပြီးတော့ လုပ်မှာ ။ မူကြိုကျောင်းကို လှူမယ့်လူကတော့ ရွှေတောင်ဆောက်လုပ်ရေးအဖွဲ့လို့ သိရပါတယ်။"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်သူလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနှစ် ၇၃ မွေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တေ်ာမှာ ကျင်းပပြုလုပ်တဲ့ အခမ်းအနားကို နိုင်ငံတေ်ာ သမ္မတ ဦးဝင်းမြင့်၊ သမ္မဟောင်း ဦးထင်ကျော်နဲ့ အစိုးရအဖွဲ့ဝင်အချို့ တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG