အာဆီယံဒေသက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ စင်္ကာပူနိုင်ငံမှာ (ဒီကနေ့) တနင်္လာနေ့ကကျင်းပတဲ့ အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (ABIS 2018) မှာ ပြောတဲ့မိန့်ခွန်းထဲ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို တိုက်တွန်းပြောဆိုသွားတာပါ။ ဒီအကြောင်း ဗွီအိုအေရန်ကုန်သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေး၊ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးတွေတက်ဖို့ စင်္ကာပူနိုင်ငံမှာရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရောက်ရောက်ချင်းနေ့မှာပဲ ABIS 2018 အစည်းအဝေးမှာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတွေကို အကျယ်တဝံ့ပြောဆိုသွားတာပါ။
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရတာ လွယ်ကူစေဖို့ ဘာတွေ လုပ်ထားတယ်ဆိုတာ ရှင်းပြသလို မြန်မာနိုင်ငံရဲ့ အားသာချက်တွေကိုလည်း အထူး ဖော်ပြပြောဆိုပြီး ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းသွားတာဖြစ်ပါတယ်။
"ကျမတို့ရဲ့ အာဆီယံဒေသမိတ်ဆွေတွေအနေနဲ့ မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံကြဖို့ အခုရတဲ့အခွင့်အရေးကို အသုံးပြုပြီး ဖိတ်ခေါ်ချင်ပါတယ်။ ကျမတို့အတွက် ဦးစားပေးလုပ်ငန်းကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ဖြစ်ပေမယ့် အဲဒီကဏ္ဍတွေဟာ လူကြီးမင်းတို့အတွက်လည်း ဦးစားပေးကဏ္ဍတွေဖြစ်မယ်လို့ ကျမယူဆပါတယ်။ လူကြီးမင်းတို့အတွက်လည်း အကျိုးအမြတ်ရစေမယ့် ကဏ္ဍမျိုးတွေဖြစ်ပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။
ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းတဲ့ ဦးစားပေးကဏ္ဍတခုအဖြစ် အထူးဖော်ပြပြောဆိုသွားတာကတော့ စိုက်ပျိုးရေးကဏ္ဍနဲ့ ဆက်စပ်လုပ်ငန်းတွေဖြစ်ပါတယ်။
ဒီထိပ်သီး အစည်းအဝေးပွဲမှာ အမေရိကန်ကော၊ တရုတ်နိုင်ငံဘက်ကပါလာရောက်မှာမို့ ဒီမှာ နိုင်ငံစီးပွားရေးနဲ့ပတ်သတ်တဲ့ တိုးတက်မှုတခုခုကို ဖြစ်လာနိုင်မလားလို့ မျှော်လင့်မှုတွေလည်းရှိပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ခင်မောင်ညို က အခုလို နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့လုပ်ဆောင်လာတာက ကောင်းတဲ့ အလားအလာတခုဖြစ်ပြီး အမြင်မရှင်းဖြစ်နေတဲ့ ရခိုင်အရေးကို အတိုင်ပင်ခံအနေနဲ့ ရှင်းပြနိုင်လိမ့်မယ်လို့ သုံးသပ်ပါတယ်
"ဒီနေရာမှာတော့ သူ့ရဲ့ပြောဆိုနိုင်တဲ့ စွမ်းရည်နဲ့ ပြောဆိုနိုင်တဲ့ အခွင့်အလမ်းကို သုံးပြီး နိုင်ငံတကာကို မြန်မာပြည်အခြေအနေကတော့ ဒီလိုဆိုတာကို ပြောပြနိုင်လိမ့်မယ်။ မြန်မာပြည်အခြေအနေက တော့ ဒီလိုဆိုတာကို ဥရောပ၊ အမေရိကန်နဲ့ အင်္ဂလန်တို့ နားလည်သွားလိမ့်မယ် ယုံကြည်တယ်။ ဒါ ကြောင့်ကောင်းမွန်တဲ့ ရလဒ်တခုရလာမယ်လို့ ယုံကြည်ပါတယ်"
စီးပွားရေး လေ့လာသုံးသပ်သူ ဦးမင်းခင်ကတော့ စီးပွားရေးနဲ့ပတ်သက်ပြီး အလား အလာ ကောင်းရလာမယ်လို့ မျှော်လင့်ချက်ရှိပါတယ်။
"ကောင်းတဲ့ အလားအလာ ဖြစ်လာနိုင်တယ်လို့မျှော်လင့်တယ်။ စီးပွားရေးနိုင်ငံရေးပိုင်းကို ချိန်ခွင် လျှာညှိတာက အရင်ကထက်စာရင် လှုပ်ရှားလာတယ်လို့မြင်လာရတယ်။ သွားတာ တွေ့တာ Engageလုပ်တာ ဆွေးနွေးတာတွေက ကောင်းတဲ့ လုပ်ငန်းပါဘဲ။ ကျနော်တို့လည်း ဒီလိုဖြစ်စေချင်တယ်။ အနောက်နိုင်ငံတွေ က လက်ရှိရခိုင် အကြပ်အတည်းကြောင့် စီးပွားရေးပါနွယ်ပြီး ရင်ဆိုင်နေရချိန်မှာ ဒါက ချိန်ညှိဖို့ပေါ့။ ဆွေးနွေးခဲ့ ကိုယ်တိုင်ပြောခဲ့ တော့ကောင်းတဲ့ အကျိုးကျေးဇူးရလာမယ်မျှော်လင့် တယ်။ စီးပွားရေးနဲ့ပတ်သတ်တဲ့ နိုင်ငံရေးကို နိုင်ငံခေါင်းဆောင်ပိုင်းကအာရုံစိုက်လာတာ ကိုက ကောင်းတဲ့ လက္ခဏာပေါ့"
စင်္ကာပူထိပ်သီးအစည်းအဝေးတွေကို အာဆီယံ ဆယ်နိုင်ငံခေါင်းဆောင်တွေနဲ့အတူ အမေရိကန် ဒုသမ္မတ Mike Pence ၊ ရုရှားသမ္မတVladimir Putin ၊ တရုတ်ဝန်ကြီးချုပ် Li Keqiang ၊ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ပါ တက်ရောက် လာကြမယ်လို့ မျှော်လင့်ထားပါတယ်။