သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကို နိုင်ငံတကာအသေအချာစောင့်ကြည့်ဖို့ ဒေါ်စု တိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ၂၀၁၁ ခုနှစ်မှာ အဆုံးသတ်သွားပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အနေနဲ့ လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ နိုင်ငံတကာက ကြပ်ကြပ်မတ်မတ်စောင့်ကြည့်ပေးဖို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဒီရွေးကောက်ပွဲဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ မြန်မာလူထုအနေနဲ့ တကယ့် အပြောင်းအလဲ ကို ဖော်ဆောင်ပေးနိုင်မယ့် အခွင့်အလမ်းဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ရဲ့ facebook လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတဲ့ video မှာ တိုက်တွန်းထားပါတယ်။

‘ဒီအခွင့်အရေးဟာ ကျမတို့အတွက် လက်လွတ်ခံလို့မဖြစ်တဲ့ အခွင့်အရေးပါ။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကို သက်ဆိုင်သူတွေအားလုံး သဘောတူလက်ခံနိုင်ဖို့ကိစ္စက ကျမတို့အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ တကမ္ဘာလုံးက နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံရဲ့အပြောင်းအလဲက ချောချောမွေ့မွေ့နဲ့ အေးအေးချမ်းချမ်းဖြစ်ပေါ်ဖို့ကလည်း လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲလိုပဲ အရေးကြီး ပါတယ်။ အဲဒီ အပြောင်းအလဲကနေမှ ကျမတို့နိုင်ငံမှာ နောက်ကြောင်းပြန်လှည့်လို့မရတော့တဲ့ ဒီမိုကရေစီနည်းကျ စစ်မှန်တဲ့တိုးတက်မှု ရရှိအောင် လုပ်ဆောင်ရပါမယ်။ ဒီလိုဖြစ်ဖို့ဆိုတာမှာ နိုင်ငံတကာအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင်ရော၊ ရွေးကောက်ပွဲကျင်းပနေတုံးရောနဲ့ အရေးကြီးတဲ့ ရွေးကောက်ပွဲ နောက်ပိုင်းမှာပါ ရွေးကောက်ပွဲ ကို စောင့်ကြည့်ပေးပြီး ကူညီပေးကြပါ။’ .. လို့ ဒေါ်အောင်ဆန်းစုကြည်က facebook video ကတဆင့် တိုက်တွန်းသွားပါ တယ်။

မြန်မာနိုင်ငံမှာက နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့မှာ တရားဝင်စတင်မဲဆွယ်ကြပါပြီ။ ဒီရွေးကောက်ပွဲမှာ အများမျှော်လင့်ထားသလို NLD က အနိုင်ရရင်တောင်မှ သားနှစ်ယောက်က မြန်မာနိုင်ငံသားမဟုတ်တာကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်က သမ္မတလုပ်လို့မရပါဘူး။ လက်ရှိသမ္မတ ဦးသိန်းစိန်ကတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ မဟုတ်ပေမယ့် သမ္မတ အဖြစ် ပြန်အရွေးခံလို့ရပါတယ်။

XS
SM
MD
LG