သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကနေဒါဂုဏ်ထူးဆောင်နိုင်ငံသားဆုကို တရားဝင်ရုပ်သိမ်း


မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါနိုင်ငံက ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို လွှတ်တော်က တရားဝင် ရုပ်သိမ်းလိုက်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆုကိုတာ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်ပြီး ပြန်လည်ရုပ်သိမ်းဖို့ ကနေဒါလွှတ်တော် ၂ ရပ်စလုံးက တခဲနက် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် မနေ့တုန်းကပဲ တရားဝင်ရုပ်သိမ်းလိုက်တာပါ။

ကနေဒါနိုင်ငံက ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် ချီးမြှင့်ထားသူတွေကို ဆုပြန်လည်ရုပ်သိမ်းတာ ဒီတကြိမ်ဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီး နောက်မှာပဲ ကနေဒါ လွှတ်တော်က အရေးယူဆောင်ရွက်ခဲ့တာပါ။

ဂုဏ်ထူးဆောင်ဆု ပြန်လည်ရုပ်သိမ်းဖို့ ကနေဒါ လွှတ်တော်မှာ ဦးဆောင်အဆိုတင်ခဲ့တဲ့ အထက်လွှတ်တော်အမတ် Ratna Omidvar ကတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု အဆင့်အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာကို လက်ခံရမှာဖြစ်ကြောင်း တရားဝင်ဆုရုပ်သိမ်းလိုက်တဲ့ မနေ့တုန်းကပဲ ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်မခံငြင်းဆန်နေပြီး၊ နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေနဲ့ သတင်းမီဒီယာတွေကိုလည်း ကန့်သတ်ချုပ်ချယ်နေတာတွေအတွက် တာဝန်ရှိတာကြောင့် ဂုဏ်ထူးဆောင်ဆု ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက ရိုဟင်ဂျာတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားပြီး တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့လည်း တိုက်တွန်းနေကြတာပါ။

မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူတချို့ကိုလည်း ဖော်ထုတ်အရေးယူမှုတွေ ရှိခဲ့ကြောင်း တုံ့ပြန်ပြောဆိုထားကြပြီး၊ နိုင်ငံတကာ ကျွမ်းကျင်သူတချို့ ပါဝင်တဲ့ စုံစမ်းရေးကော်မရှင်တခုကိုလည်း အစိုးရက မကြာသေးခင်ကပဲ ထပ်မံဖွဲ့စည်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG