သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး လူမျိုးတုန်းကျူးလွန်မှုလို့ ကနေဒါလွှတ်တော်သတ်မှတ်


Ottawa မြို့က ကနေဒါလွှတ်တော်

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက ရိုဟင်ဂျာမူဆလင်တွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်တယ်လို့ ကနေဒါ လွှတ်တော်အမတ်တွေက တညီတညွတ်ထဲ သဘောတူလိုက်ကြပါတယ်။ စက်တင်ဘာ(၂၀) ကြာသပတေးနေ့တုန်းက ကနေဒါလွှတ်တော်မှာ အဲဒီလို ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ ကနေဒါရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ ကြားမှာတော့ ဒီဆုံးဖြတ်ချက်ပေါ် အမြင်အမျိုးမျိုး ကွဲပြားနေပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ၂၀၁၇ သြဂုတ်လထဲ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာ မူဆလင်တွေအပေါ် မြန်မာစစ်တပ်က ကျုးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ ကနေဒါလွှတ်တော်မှာ မနေ့ ကြာသပတေးနေ့တုန်းက တညီတညွတ်ထဲ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။

“မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်က တာဝန်ရှိတဲ့ အဆင့်မြင့်အရာရှိတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စုံစမ်းစစ်ဆေး အရေးယူဖို့ တိုက်တွန်းကြောင်း ၊ မနေ့က လွှတ်တော်ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့” ကနေဒါလွှတ်တော်အမတ် Andrew Leslie က ပြောဆိုသွားတာပါ။

ရခိုင်ပဋိပက္ခနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ (fact finding mission)ရဲ့ တွေ့ရှိချက်တွေကို ထောက်ခံကြောင်းနဲ့ ရိုဟင်ဂျာတွေ အပေါ် ကျုးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် မြန်မာစစ်တပ်ရဲ့ အဆင့်မြင့်ဆုံးပုဂ္ဂိုလ်တွေမှာ တာဝန်ရှိပြီး၊ လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် သတ်မှတ်နိုင်ကြောင်း လည်း ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်ဆိုပြီး ကနေဒါ အမတ်တွေက တခဲနက် ဆုံးဖြတ်ခဲ့ကြ ပါတယ်။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ကနေဒါလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် မြန်မာ့အရေးလှုပ်ရှားနေသူ ကနေဒါနိုင်ငံ Alberta ဆေးကောလိပ် ကထိက ဒေါက်တာ ဒေါ်ခင်စောဝင်းက အခုလို သုံးသပ်ပါတယ်။

“ ကျမသိသလောက် Genocide ဆိုတဲ့ စကားလုံးကတော့ သိပ်ပြီး လွယ်လွယ်သုံးလို့ မရဘူးပေါ့နော်။ အဲဒါက လူမျိုးတုန်း သတ်ဖြတ်တဲ့ သဘောဆိုတော့ သူက တကယ့်ကို လူတွေကို အပြတ်ရှင်းပြီးတော့ .. သန်းလိုက် သိန်းလိုက်ချီပြီးတော့ သတ်ပစ်တဲ့ သဘောကို ဆိုလိုတာဆိုတော့ ဒီကနေဒါအစိုးရက ဒီကိစ္စကို သူတို့က ခြေခြေမြစ်မြစ် မသိပဲနဲ့၊ လူတွေရဲ့ emotionally ပေးအပ်တဲ့ report တွေ၊ မှတ်တမ်းတွေ၊ ဓါတ်ပုံတွေကို ကြည့်ပြီးတော့ သူတို့ကိုယ်တိုင်လည်း တကယ်တမ်း မျက်မြင်တွေ့တာ မဟုတ်ဘူး။ တကယ်လည်း အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတဲ့ ကိစ္စလည်း မဟုတ်ပဲနဲ့ .. ဒါကတော့ သတင်းကြားနဲ့ emotion ပါတဲ့ သဘောလို့ပဲ ကျမတော့ ယူဆပါတယ်။ ဘယ်လိုကနေပြီးတော့ ဒီပြဿနာဖြစ်ပေါ်လာတယ်၊ ဘာတွေ ဖြစ်နေတယ်ဆိုတဲ့ကိစ္စကို တကယ် ခြေခြေမြစ်မြစ် မသိပဲနဲ့ လွှတ်တော်ကနေပြီး သတင်းကြားနဲ့ ဆုံးဖြတ်တာက တကယ်တော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးလို့ ကျမယူဆပါတယ်။”

Canadian Kachin Association ကနေဒါအခြေစိုက် ကချင်တိုင်းရင်းသားများအစည်းအရုံး ဥက္ကဌ ဂျွန်လာဆန့်ကတော့ ကနေဒါ အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် ကြိုဆိုလိုက်ပါတယ်။

“ ကျနော်တို့ကတော့ ရခိုင်ပြည်နယ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုသာ မကပဲနဲ့ ကျနော်တို့ ကချင်ပြည်၊ ရှမ်းပြည်နယ်နဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ဟာကို ကနေဒါ အစိုးရအနေနဲ့ ဒီလိုဆုံးဖြတ်တာကို ကျနော်တို့က ကြိုဆိုပါတယ်။”

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာ ရောက်နေတဲ့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Mrs. Chrystia Freeland ကလည်း လွှတ်တော်ရဲ့ဆုံးဖြတ် ချက်ကို ကြိုဆိုကြောင်း ပြောပါတယ်။ “ရိုဟင်ဂျာတွေပေါ် ကျူးလွန်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ဘယ်လောက် စိတ်ထိခိုက်ဖွယ်ကောင်းပြီး၊ ဘယ်လောက်ထိ ဆိုးရွား ခဲ့သလဲဆိုတာကို အဓိက မီးမောင်း ထိုးပြချင်တာပါ”လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Mrs. Chrystia Freeland က သတင်းထောက်တွေကို ပြောပါတယ်။ ကနေဒါလွှတ်တော်က တညီတညွတ်ထဲ ဆုံးဖြတ်လိုက်တာဟာ အရေးကြီးတဲ့ခြေလှမ်းတရပ် ဖြစ်တယ်လို့ သူမကဆိုပါတယ်။

၂၀၁၇ သြဂုတ်လကုန်ပိုင်းမှာ ARSA အစွန်းရောက်အုပ်စုက ရခိုင်မြောက်ပိုင်းဒေသက ရဲကင်းစခန်းတွေကို ဝင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်တွေက နယ်မြေရှင်းလင်းရေး ဖြစ်စဉ်အတွင်း ရိုဟင်ဂျာ(၇)သိန်းဝန်းကျင်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး ခိုလှုံသွားတယ်လို့ ကုလသမဂ္ဂက ပြောဆိုပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးနှုန်းကို လက်မခံ ပယ်ချထားပြီး၊ နိုင်ငံတကာက စွပ်စွဲနေသလို ရခိုင်ဒေသမှာ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖေါက်တာမျိုး မရှိကြောင်းငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG