သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒရှင်စာရင်း ဒေါ်စု ကွင်းဆင်းစစ်ဆေး


ဒေါ်အောင်ဆန်းစုကြည် တအိမ်တက်ဆင်း မဲစာရင်းပညာပေးလုပ်စဉ် ဝါးသိင်္ခရွာမှာ မဲစာရင်းသွားရောက်ကြည့်ရှုစဉ်။
ဒေါ်အောင်ဆန်းစုကြည် တအိမ်တက်ဆင်း မဲစာရင်းပညာပေးလုပ်စဉ် ဝါးသိင်္ခရွာမှာ မဲစာရင်းသွားရောက်ကြည့်ရှုစဉ်။

လာမယ့်၂၀၁၅ ရွေးကောက်ပွဲဟာ နိုင်ငံရေးအရ အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်လို့ မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲစာရင်းစိစစ် ဆောင်ရွက်နေကြောင်း NLD ပါတီက ပြောပါတယ်။ နိုင်ငံ့ အပြောင်းအလဲမှာရွေးကောက်ပွဲဆိုတာဟာမဖြစ်မနေဖြတ်သန်းရမယ့် အဆင့်တရပ်ဖြစ်တဲ့အတွက် ပြည်သူတွေဘက်ကလည်း ဒီမိုကရေစီ အင်အားစုတွေ မဲအနိုင်ရရေး ပူးပေါင်းပါဝင်စေချင်ပါတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဘက်ကလည်း တိုက်တွန်းထားပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၅ ခုနှစ်အတွင်း လာမယ့် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက်မှာ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ မဲဆန္ဒရှင်စာရင်းတွေကို ကြိုတင်ကြေညာ ထုတ်ပြန်နေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ စာရင်းထဲမှာ မဲဆန္ဒရှင်ပြည်သူစာရင်း မှန်ကန်မှုရှိစေရေး ပြည်သူတွေ ဆန္ဒမဲပေးပိုင်ခွင့် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရအောင် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲစာရင်းတွေကို စိစစ်စစ်ဆေးမှုတွေ လုပ်နေတာပါ။

ဒီကနေ့မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ် လွှတ်တေ်ာကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်ကို ကိုယ်တိုင်သွားရောက်ပြီးတော့ မဲစာရင်းကပ်ထားတာတွေကို စိစစ်စစ်ဆေးမှုတွေ လုပ်သလို ကော့မှူးမြို့နယ်က မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းပြုစုမှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရင်သီတင်းပတ်တုန်းကလည်း နေပြည်တော်မှာကိုယ်တိုင် တအိမ်တက်ဆင်း မဲစာရင်းစိစစ်ရေး ပညာပေးခဲ့သလို အခုလည်း သူမရဲ့ ကိုယ်ပိုင်မဲဆန္ဒနယ်မှာ ကွင်းဆင်းစိစစ်မှုတွေနဲ့ ပြည်သူတွေကို မဲစာရင်းကြည့်ဖို့ တိုက်တွန်း လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ NLDပြောခွင့်ရ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အခုလိုပြောပါတယ်။

“ဥက္ကဋ္ဌကတော့ အားလုံးပေါ့ဗျာ။ ဒါ နိုင်ငံသားအခွင့်အရေး ဒီအခွင့်အရေးဆုံးရှုံးသွားလို့ရှိရင်လာမယ့် ၂၀၁၅ မှာ အလှည့်အပြောင်းပေါ့ဗျာ။ ဒီမိုကရေစီနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် တိုင်းပြည်ရဲ့အလှည့်အပြောင်းအတွက်၊ မြန်မာ့နိုင်ငံရေးသမိုင်းရဲ့အချိုးအကွေ့အတွက် မဲဆန္ဒရှင် ပြည်သူအားလုံးမှာ တာဝန်ရှိတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရအောင် ဥက္ကဋ္ဌကိုယ်တိုင်လည်း ပညာပေးလှုံ့ဆော်တဲ့အနေနဲ့ ဒါ အခု လုပ်ပေးနေတာပဲလေ။ ဥက္ကဋ္ဌကိုယ်တိုင် ဒီလို လိုက်ပြီး လုပ်တယ်ဆိုတဲ့အခါကျတော့ ဒီမိုကရေစီခေါင်းဆောင်၊ အဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်တိုင် လုပ်တယ်ဆိုတော့ ဒီမိုကရေစီလိုလားတဲ့လူထုတွေ၊ ဒီမိုကရေစီအင်အားစုတွေမှာလည်း တာဝန်ရှိတယ်။ ပြည်သူလူထုမှာလည်း တာဝန်ရှိတယ်၊ အဖွဲ့ချုပ်မှာလည်း တာဝန်အသီးသီးယူထားတဲ့လူတွေကလည်း တက်တက်ကြွကြွလုပ်ဖို့ တာဝန်ရှိတာပေါ့ဗျာ။”

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝါးသိင်္ခကျေးရွာအတွင်း တအိမ်တက်ဆင်း ရွေးကောက်ပွဲပညာပေးစည်းရုံးဟောပြောရာမှာ ရွာသားတဦးရဲ့မေးမြန်းချက်ကို ဖြေကြားနေစဉ်။ (ဇူလိုင် ၄၊ ၂၀၁၅။)
မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝါးသိင်္ခကျေးရွာအတွင်း တအိမ်တက်ဆင်း ရွေးကောက်ပွဲပညာပေးစည်းရုံးဟောပြောရာမှာ ရွာသားတဦးရဲ့မေးမြန်းချက်ကို ဖြေကြားနေစဉ်။ (ဇူလိုင် ၄၊ ၂၀၁၅။)

အခုလက်ရှိထုတ်ပြန်ထားတဲ့ မဲစာရင်းမှာ ပြည်သူတွေ နာမည်မပါတာတွေ မွေးနေ့သက္ကရာဇ် မှားယွင်းနေတာ နောက် သေဆုံးသူတွေ ပါဝင်နေတာ စသဖြင့် အချက်အလက်မှားယွင်းမှုတွေ ဖြစ်နေတဲ့အတွက် အဖွဲ့ချုပ်အနေနဲ့ လာမယ့် တနင်္လာနေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တိုက်ရိုက်တွေ့ဆုံပြီး ဆွေးနွေးဖို့ရှိပါတယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။

“လာမယ့် တနလာၤနေ့ တွေ့တော့မှပဲ ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲ၊ မေးမှ ရမယ်ဗျ။ ပထမတခေါက်တွေ့တုန်းကတော့ သူက ကွန်ပြူတာ err တွေ၊ ဆိုတာတွေပဲ ပြောနေတာပဲ၊ အခုက ကွန်ပြူတာ err သဘောဆိုတာကတော့ဗျာ။ တမြို့... နှစ်မြို့ ...ဟုတ်တယ်၊ တတိုင်း၊ နှစ်တိုင်း…ဟုတ်တယ်။ အခုဟာက တနိုင်ငံလုံးကို ဖြစ်နေတာ။ မှားပုံမှားနည်းကလည်း ပုံစံတူတွေချည့်ပဲ။ မဲစာရင်းတွေက တော်တော်မှားတယ်ဗျာ။ မှားတာမှ ပြောလို့မတတ်အောင်ပဲ။ မြင်မကောင်း၊ ရှုမကောင်းအောင်မှားတယ်ဗျ။ မှားတဲ့အခါကျတော့ တနိုင်ငံလုံးမှားတဲ့ဟာတွေကိုကြည့်ပြီး တော့ ဒါတွေကို တင်ပြရမှာပေ့ါဗျာ။”

အခုလို အတိုက်အခံပါတီကြီးဖြစ်တဲ့ NLDဘက်က ၂၀၁၅ ရွေးကောက်ပွဲ မဲစာရင်းစိစစ်မှုတွေကို အင်တိုက်အားတိုက် ဆောင်ရွက်နေချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေဘက်ကလည်း မဲစာရင်း မှားယွင်းမှုတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အကြံပြုဆွေးနွေးနေတာ အပါအဝင် ပြည်သူတွေကို မဲပေးမှုပညာပေးမှုတွေကို လုပ်ဆောင်နေပါတယ်လို့ ပြောပါတယ်။

မဖြစ်မနေဖြတ်သန်းရမယ့် နိုင်ငံ့အပြောင်းအလဲဖြစ်တဲ့ ရွေးကောက်ပွဲဖြစ်လို့ ပြည်သူတွေဘက်ကလည်း ဒီမိုကရေစီအင်အားစုတွေ မဲအနိုင်ရရေး ပူးပေါင်းပါဝင်စေချင်ပါတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဘက်ကလည်း တိုက်တွန်းတဲ့အကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက အခုလိုပြောပါတယ်။

"လောလောဆယ် မဲဆန္ဒရှင်စာရင်းပြုစုတဲ့အခါမှာ အမှားအယွင်းတွေ အများကြီးပဲ တွေ့နေရတဲ့ဟာကတော့ လတ်တလောဖြစ်ပျက်နေတဲ့ပြသနာပေါ့။ အဲ့ဒီ့အပေါ်မှာတော့ ကျနော်တို့အနေနဲ့လည်း သက်ဆိုင်ရာ UEC (Union Election Commission) ကိုပြောသွားမှာပါ။ နောက်တခုက ကျနော်တို့ လူတွေက တခြားအဖွဲ့အစည်းတွေပေါင်းပြီးတော့ ကွင်းဆင်းပြီးတော့ မဲဆန္ဒရှင်စာရင်း သွားကြည့်ဖို့ဆိုပြီး ပြည်သူလူထုကို Educated လုပ်နေပါတယ်။ ကျနော်တို့အမြင်ကတော့ ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ အဖြေမဟုတ်ပါဘူး။ တိုင်းပြည်အတွက် အဖြေလည်း မဟုတ်ပါဘူး။ သို့သော်လည်း ရွေးကောက်ပွဲဟာ ကျနော်တို့ ဒီမိုကရေစီရေး ကြိုးပမ်းတဲ့သူတွေအတွက် ကြီးမားတဲ့ အလှည့်အပြောင်းတခုကို ဖြစ်ပေါ်အောင် ကျနော်တို့ကိုယ်တိုင်က ဖန်တီးရမယ်လို့ ကျနော်တို့မြင်ပါတယ်။

အဲ့တော့ ပြည်သူလူထုကို ကျနော်တို့တိုက်တွန်းချင်တာက မဲစာရင်းတွေ ဘယ်လို မှားမှား ကျနော်တို့အပေါ်မှာ ဘယ်လောက်ပဲ Free and Fair မဖြစ် မဖြစ် ကျနော်တို့ဟာ တစုတစည်းတည်း တညီတညွတ်တည်း ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်အင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေ အနိုင်ရရှိဖို့ ကျနော်တို့ ပြည်သူနဲ့အတူ ကြိုးစားရလိမ့်မယ်လို့ အဲဒါကိုပဲ တိုက်တွန်းချင်ပါတယ်။"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ဒီလိုထုတ်ပြန်နေတဲ့အချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေဘက်က ကြိုတင်ထုတ်ပြန်ထားတဲ့ စာရင်းတွေကို သေချာကြည့်ရှုစစ်ဆေးပြီး မှားယွင်းလွဲချော်မှုတွေ တွေ့တဲ့အခါ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကို အသိပေးပြီး သတ်မှတ် လျောက်လွှာတွေနဲ့ ပြန်လည်လျှောက်ထားပေးဖို့ တိုက်တွန်းထားပြီး ဒီလိုပြည်သူတွေဘက်က ပူးပေါင်းပါဝင်မှသာ မဲဆန္ဒရှင်စာရင်း တရားဝင်ထုတ်ပြန်တဲ့ အခါ အမှားအယွင်း နည်းနိုင်မှာဖြစ်တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ မဲစာရင်းပြုစုရေးတာဝန်ခံတွေက တိုက်တွန်းပြောဆို ထားပါတယ်။

XS
SM
MD
LG