[[Zawgyi/Unicode]]
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့ အမှုတွေထဲက ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ အမှုနှစ်ခုကို ဒီနေ့ အမိန့်မချဖြစ်ဘဲဒီဇင်ဘာ ၂၇ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
နေပြည်တော်အထူတရားရုံးက ဒီအမှု ၂ ခုအတွက် ဒီနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အမိန့်ချဖို့ အရင်က သတ်မှတ်ထားပေမဲ့ ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။ တရားသူကြီးဘက်က ဘာ အကြောင်းပြချက် မှပေးဘဲ လာမယ့်သီတင်းပတ်ကို ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
ဒီနေ့ အမိန့်မချဖြစ်ခဲ့တဲ့အမှု ၂ ခုဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ မြနန်းဘုံသာလမ်းနေအိမ်ကိုဝင်ရောက်ရှာဖွေရာမှာ စကားပြောစက် (၁၀)လုံး နဲ့ကြိုးမဲ့စက်သွယ်ရေးကို ကြားဖြတ်ပိတ်နိုင်တဲ့ Jammer တစ်စုံ တွေ့လို့ဆိုပြီး ပို့ကုန်သွင်းကုန် ဥပဒေနဲ့ စတင်စွဲဆိုခဲ့တာဖြစ်ပါတယ်။အဲဒီစကားပြောစက်တွေ လက်ဝယ်ပိုင်ဆိုင်တာဟာ ဆက်သွယ်ရေးဥပဒေချိုးဖောက်တာဖြစ်တယ်ဆိုပြီး မတ်လမှာ ဆက်သွယ်ရေးပုဒ်မတပ်ပြီး ထပ်တရားစွဲထားတာဖြစ်ပါတယ်။
ပို့ကုန်သွင်းကုန်ဥပဒေအရ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်တယ်ဆိုရင် ထောင် ၃ နှစ် ဒါမှ မဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်ပြီး ဆက်သွယ်ရေးဥပဒေအရဆိုရင် ထောင် ၁ နှစ် ဒါမှမဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်တယ်ဆိုတဲ့ အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေချိုးဖောက်မှုအတွက် ထောင်ဒဏ် ၂ နှစ်ချခဲ့ပြီးမှ၊ စစ်ကောင်စီ အကြီးအကဲက ပြစ်ဒဏ် ၂ နှစ် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပါတယ်။
ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာပြုလုပ်တဲ့ကြားနာပွဲမှာဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ နောက်ထပ်အမှုတစ်ခုဖြစ်တဲ့ သဘာဝဘေးစီမံဥပဒေပုဒ်မအမှုအတွက် ဒေါက်တာဇော်မြင့်မောင်ကို လူကိုယ်တိုင်သက်သေ ထွက်ဆိုခွင့်ပြုမပြုနဲ့ ကိစ္စကိုကြားနာခဲ့ပါတယ်။
ဒေါက်တာဇော်မြင့်မောင်အနေနဲ့ဗွီဒီယို ကွန်ဖရန်းဇင်းနဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ
သက်သေထွက်ဆိုရမယ်လို့ တရားသူကြီးက ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေဘက်ကတော့ သူနဲ့ သက်သေထွက်ရမယ့် အမှုအကြောင်း သေသေချာချာ ဆွေးနွေးခွင့်ရနိုင်ဖို့ လိုလားတဲ့အတွက် လူကိုယ်တိုင် တရားရုံးကိုလာရောက် ထွက်ဆိုဖို့ တင်ပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ မန္တလေးထောင်မှာ ဖမ်းဆီးခံနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ကိုယ်တိုင်ကလည်း နေပြည်တော်ကို ကိုယ်တိုင် လာရောက်ထွက်ဆိုဖို့ ဆန္ဒပြုခဲ့ပေမယ့် ထောင်အာဏာပိုင်တွေဘက်က ခရီးသွားခွင့်မပေးတာမို့ တရားရုံး ဘက်က သက်သေထွက်ဆိုခွင့်နဲ့ပတ်သတ်လို့ အခုလို ဆုံးဖြတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ရုံးထုတ်ချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝတ်စုံနဲ့ ရုံးထုတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
================
[[Unicode]]
#MyanmarMilitaryCoup #AungSanSuuKyi #VOABurmese
================