သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဂျပန်ခရီးစဉ် နိုင်ငံအတွက် ရလဒ်ကောင်းတွေ ဖေါ်ဆောင်


ဂျပန်ချစ်ကြည်ရေးခရီးစဉ်အပြီး မြန်မာနိုင်ငံ ပြန်မည့် ဒေါ်အောင်ဆန်းစုကြည်အား တိုကျို နရီတာ လေဆိပ်မှာ ပို့ဆောင်သူ များနှင့်အတူ
ဂျပန်ချစ်ကြည်ရေးခရီးစဉ်အပြီး မြန်မာနိုင်ငံ ပြန်မည့် ဒေါ်အောင်ဆန်းစုကြည်အား တိုကျို နရီတာ လေဆိပ်မှာ ပို့ဆောင်သူ များနှင့်အတူ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ ဂျပန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ဟာ မြန်မာပြည်သူတွေအတွက်သာမက ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ အတွက်ပါ အကျိုးရလဒ်ကောင်းတွေ ဖြစ်စေခဲ့တယ်လို့ ဂျပန်ရောက် မြန်မာနိုင်ငံသား တချို့က ပြောဆို ပါတယ်။ နိုဝင်ဘာ ၁ ရက်ကနေ ၅ ရက်နေ့ထိ ဂျပန်ဘုရင်ဧကရာဇ် အပါအဝင်၊ ဂျပန်ဝန်ကြီးချုပ်နဲ့ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ ၊ ဂျပန် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ပါ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးခဲ့တဲ့အပေါ် သုံးသပ်ပြောဆိုလိုက်ကြတာပါ။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အကြီးအကဲတဦးအနေနဲ့ သူ့ရဲ့ ၅ ရက်ကြာ ဂျပန်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်ကို ဒီကနေ့မှာ အဆုံးသတ် လိုက်ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ သွားပြီဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက်အရ သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်အတွင်း ဂျပန်အစိုးရက မြန်မာနိုင်ငံကို ချေးငွေအပါအဝင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အတွက်ရော၊ စီးပွားရေး လူမှုရေးကဏ္ဍတွေမှာပါ ကူညီထောက်ပံ့သွားဖို့ ကတိပေး သဘောတူခဲ့တာတွေကို ကြည့်ရင်၊ မြန်မာနိုင်ငံအတွက် အကျိုးရလဒ်ကောင်းတွေ ဖြစ်စေခဲ့တယ်လို့ မြန်မာ့အရေးလှုပ်ရှားသူ တိုကျိုမြို့က ဦးသောင်းမြင့်ဦးက မြင်ပါတယ်။

“ ဂျပန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်ကို ဦးဆောင်ပြီးတော့ သွားနေတဲ့ လမ်းကြောင်းကို အောင်မြင်စေချင်လို့ရယ် အတွက်.. အခုလို ထူးခြားစွာ အကူအညီတွေ ပေးလိုက်တာပဲ။ ဒါတွေက ကျနော်တို့ နိုင်ငံအတွက် ကောင်းမွန်တဲ့ ရလဒ်တွေဖြစ်ပါတယ်။ ဒီမှာ သူရှိနေတဲ့ တလျှောက်မှာလည်းပဲ မြန်မာပြည်မှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေး ရင်းနှီးမြှုပ်နှံ မှုတွေ နည်းပညာအကူအညီတွေ နောင်အနာဂတ်အတွက် အားရစရာကောင်းတာတွေ အများကြီးလုပ်ဆောင်သွားတယ်။ မြန်မာပြည်ရဲ့ ပြည်တွင်း စစ် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်မှာလည်း ထိရောက်တဲ့ ကူညီမှုတွေကို ဂျပန်အစိုးရအနေနဲ့ ဆက်ပြီးတော့ ထဲထဲဝင်ဝင် ထိထိရောက်ရောက် ဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်လိမ့်မယ် ဆွေးနွေးမှုတွေ လုပ်သွားလိမ့်မယ်လို့ ကျနော် မြင်မိပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ ခရီးစဉ်ဟာ မြန်မာပြည်သူတွေအတွက်သာမက ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ အတွက်ပါ အကျိုး ဖြစ်စေတယ်လို့ ပြောသူကတော့ တိုကျိုမြို့က ဒေါ်မိုးမိုးအိဖြစ်ပါတယ်။

“ဒီခရီးစဉ်ဟာ အများကြီး အကျိုးသက်ရောက်မှု ရှိတယ်လို့ မြင်ပါတယ်။ မမိုးတို့ မြန်မာနိုင်ငံ သာမန်ပြည်သူ ပြည်သားတွေအထိ တနေ့ကို သူ အစီအစဉ် အများကြီးတွေ့သွားတဲ့ အထဲမှာ ကိုယ်နားမလည်တဲ့ မရှင်းလင်းတဲ့ အချက်တွေ ရှင်းပြသွားနိုင်သလို၊ တိုင်းပြည်အတွက်လဲ အထောက်အပံ့ အများကြီးရစေနိုင်တဲ့ အကူအညီတွေလည်း ရလိုက်တဲ့ အတွက်ကြောင့်မို့ ဒီခရီးစဉ်ကတော့ မမိုးတို့ မြန်မာနိုင်ငံသားတွေ အတွက် ကြီးမားတဲ့ အခွင့်အရေးတခု ရလိုက်တယ်လို့ပဲ မြင်ပါတယ်”

ဂျပန်နိုင်ငံကို ရောက်ပြီးနောက်တနေ့မှာပဲ မြန်မာနိုင်ငံသား တထောင်နီးပါးကို တိုကျိုမြို့မှာ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့တာပါ။ ဒီလိုတွေ့ ဆုံချိန် ပြောဆိုခဲ့တဲ့အထဲက အမှတ်ရစရာတခုနဲ့ ပတ်သက်ပြီး ဦးသောင်းမြင့်ဦးက ခုလိုပြောပါတယ်။

“ ဒီတခေါက်မှာ ထူးခြားတာ ဘာလဲဆိုတော့ ဂျပန်အပါအဝင် နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ကလည်း နိုင်ငံတကာကနေ ကိုယ့်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာအောင်၊ ကိုယ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံမှုတွေ လုပ်နိုင်ဖို့အတွက်ဆိုရင် ကိုယ့်နိုင်ငံသားတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ၊ အကျင့်စာရိတ္တတွေ၊ ဒီအခြေအနေတွေကို ကြည့်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်မှာ ဖြစ်တဲ့ အတွက် ကိုယ်တွေကလည်း ကိုယ့်နိုင်ငံနဲ့ ဆက်ဆံပြီးတော့ လုပ်ကိုင်ဆောင်ရွက်လောက်တဲ့ အရည်အချင်းတွေ အကျင့်သိက္ခာတွေ ရှိဖို့ လိုအပ်တယ် ဆိုတာကို မီးမောင်းထိုးပြသွားတယ် ”

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့အထဲမှာ တိုကျိုမြန်မာသံရုံးကို အခွန်ဆောင်ဖို့ ဆိုတဲ့ကိစ္စ လည်း ပါဝင်ပါတယ်။ ဒေါ်မိုးမိုးအိ ပြောတာကတော့ -

“ ဒီအခွန်ဆောင်တဲ့ကိစ္စကို မေးတဲ့အချိန်မှာ သူက ဘာပြောလဲဆိုတော့ - အခွန်ဆိုတာက တိုင်းပြည်တခုအတွက် လိုအပ်တယ်။ တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် ဒီအခွန်တွေကို ကောက်ရတယ်။ အခွန်မရလို့ရှိရင် ဒီတိုင်းပြည်ရဲ့ အကျိုးကိစ္စတွေ မလုပ်နိုင်ဘူးဆိုတာ သူပြောပြသွား တာပေါ့နော်။ မြန်မာနိုင်ငံဟာ အခွန်ဆောင်တဲ့ ယဉ်ကျေးမှု မရှိဘူးဆိုတဲ့သဘောမျိုး သူပြောသွားပါတယ်။ ဒါဟာ မဖြစ်သင့်ဘူးဆိုတာကို သူရှင်းပြပါတယ် ”

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း ဂျပန်အစိုးရက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဂျပန်မြန်မာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ရပ်တွေ ၅ နှစ်အတွင်းပူးပေါင်းဆောင်ရွက်သွားဖို့ ဂျပန်ယန်း ဘီလျံ ၈၀၀ ပေးခဲ့ပြီး၊ အဲဒီအထဲက ယန်း ဘီလျံ ၄၀ ကိုတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အသုံးပြုသွားဖို့ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG