မြန်မာနိုင်ငံမှာ အလွတ်ကျက် ပညာရေးစနစ်ကို ပြောင်းလဲပြီး ကိုယ်ပိုင်အတွေးအခေါ်နဲ့လေ့လာသင်ယူတဲ့ စနစ်မျိုးကို ပြုစုပျိုးထောင်ရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
စနေနေ့ သြဂုတ်လ (၁၁) ရက်နေ့က မန္တလေးမြို့မှာကျင်းပတဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကို တက်ရောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က လူငယ်များနဲ့ စာပေ စကားဝိုင်းမှာ အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အလွတ်ကျက်မှတ်မှ အမှတ်ရတယ်ဆိုတဲ့စနစ်ကို ပြောင်းရမှာ ဖြစ်ပြီး ကိုယ့်အတွေးအခေါ်ကို ကိုယ်သုံးပိုင်ခွင့်ပေးတဲ့ စနစ်မျိုးကို ပြုစုပျိုးထောင်ရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒါ့အပြင် စာအုပ်၊ စာပေချစ်မြတ်နိုးပြီး စိတ်ပိုင်း ဆိုင်ရာ တိုးတက်အောင်တည်ဆောက်ဖို့အတွက် စာများများ ဖတ်ကြဖို့ လူငယ်တွေကို တိုက်တွန်းသွားပါတယ်။
သူ့အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အရ အသက်မွေးဝမ်းကျောင်း ပညာကျောင်းတွေကို လည်း အားပေးသွားဖို့ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တချိန်တည်းမှာပဲ တက္ကသိုလ်ပညာရေးကို အဆင့်မြှင့်တဲ့နေရာမှာ သုတေသနလုပ်တာတွေကို အားပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပခဲ့တဲ့ လူငယ်များနဲ့ စာပေစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဘာသာရပ်နယ်ပယ်ပေါင်းစုံက တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၂၀ ယောက် ပါဝင်ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ မန္တလေးတိုင်းခရီးစဉ် မတိုင်ခင် မကွေးတိုင်း ကိုလည်း သွားရောက်ခဲ့ပြီး ပခုက္ကူမြို့မှာ ဒေသခံပြည်သူများနဲ့ စကားဝိုင်းကိုလည်း ပြုလုပ်ခဲ့ပါတယ်။