သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ရောက် ဒေါ်စု နိုင်ငံခြားရေးဝန်ကြီး Boris Johnson နဲ့ တွေ့ဆုံ


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson နဲ့ မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် (MOFA)
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson နဲ့ မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် (MOFA)

ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ဆက်ပြီးထောက်ခံသွားမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ကပြောကြားလိုက်ပါတယ်။ ဗြိတိန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr. Johnson တွေ့ဆုံအပြီးမှာ ဗြိတိန် နိုင်ငံခြားရေးဌာနက ခုလိုကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်အပြည့်အဝ ပေါ်ပေါက်လာရေးအတွက် ဗြိတိန်အစိုးရဖက်က ဘယ်လိုကူညီဆောင်ရွက်နေသလဲဆိုတာကို မစုမြတ်မွန်က တင်ပြပါလိမ့်မယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ထဲက ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁၂ ရက် တနင်္လာနေ့မှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Boris Johnson နဲ့တွေ့ဆုံခဲ့ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ Lancaster House အဆောက်အဦးမှာ တေ့ွဆုံမှုအတွင်း မြန်မာအစိုးရသစ် ဦးစားပေးဆောင်ရွက်နေတဲ့ ကိစ္စတွေ၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးရဲ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေအတွက် ဆက်ပြီးထောက်ခံသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Boris Johnson က ထပ်ပြီးကတိပြုခဲ့ပါတယ်။ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ NLD အစိုးရ အတွက် ဘယ်လိုကိစ္စတွေက စိန်ခေါ်မှုတွေဖြစ်တယ်လို့ ဗြိတိန်အစိုးရဖက်က မြင်ထားသလဲဆိုတာကို မြန်မာ့ဒီမိုကရေစီရေးအတွက် အစဉ်အဆက်ဆောင်ရွက်နေတဲ့ Burma Campaign UK က စည်းရုံးရေးအရာရှိ မဝေနှင်းပွင့်သုန်ကို မေးကြည့်ပါတယ်။

“မြန်မာနိုင်ငံမှာ အစိုးရအပြောင်းအလဲဖြစ်တယ်ဆိုတာ သူတို့သိတယ်။ ဒါပေမယ့်လည်း စစ်တပ်ဘက်ကနေပြီးတော့ ပါလီမန်ထဲမှာ ၂၅ ရာခိုင်နှုန်းရှိနေတာ၊ တချို့နေရာဒေသတွေမှာ စစ်တပ်က အာဏာရှိနေတုန်းပဲဆိုတာကို သူတို့ သိတယ်ပေါ့နော်။ အဲဒါကြောင့်လည်း ရှေ့ဆက်ပြီးတော့ မြန်မာနိုင်ငံမှာ လိုအပ်တဲ့အကူအညီရှိလာခဲ့ရင် ၊ ပြီးလို့ရှိရင် ဗြိတိန်နိုင်ငံအစိုးရဘက်က သူတို့လုပ်နိုင်တဲ့ဟာမျိုးတွေ ရှိခဲ့ရင် သူတို့ ကူညီဖို့အဆင်သင့်ရှိပါတယ်ဆိုတာမျိုးတွေ ပြောတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ တခုကောင်းတာက အခု Boris Johnson က မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ သူအဲဒီလောက်ထိ စိတ်ဝင်စားမှုလည်းမရှိခဲ့ဘူး၊ ပြီးတော့ လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း သိပ်ပြောတာမျိုးမရှိဘူးဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတဲ့နောက်ပိုင်းမှာ သူပိုပြီးတော့ ပါဝင်လာမယ်လို့တော့ မျှော်လင့်မိတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုအတွင်း ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကိစ္စနဲ့ မြန်မာတနိုင်ငံလုံးငြိမ်းချမ်းရေး၊ ကိစ္စတွေကိုလဲ ဆွေးနွေးခဲ့ကြပါတယ်။ ဒါကြောင့် လက်ရှိဗြိတိန်အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကိစ္စအပေါ်မှာ ဘယ်လောက် အလေးထားကူညီမှုတွေရှိပါသလဲ ဆိုတော့။

“အခုဆိုရင် Conservative အစိုးရလက်ထက်မှာ သူ့တို့ရည်ရွယ်ချက်က ဘာလဲဆိုတော့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ အထူးသဖြင့် စစ်တပ် နဲ့ ပူးပေါင်းဆောင်ရွက်မယ်ပေါ့နော်။ အဲဒီလိုလုပ်ခြင်းအားဖြင့် စစ်တပ်ကလူတွေက မြန်မာနိုင်ငံအတွင်းထဲမှာ လူ့အခွင့်အရေးဆိုတာ ဘာလဲဆိုတာကို သိလာမယ်၊ သူတို့က အဲဒီလိုမျိုး Engage လုပ်ပြီးတော့ အပြောင်းအလဲတခုကို ရမယ်ဆိုပြီးတော့ မျှော်လင့်တယ် ။ အဲဒါကြောင့်လည်း မြန်မာစစ်တပ်ကို သူတို့ training ပေးတာတို့ ဘာတို့ လုပ်နေတယ်ရှင့်။

မေး။ ။ Boris Johnson နဲ့ တွေ့တဲ့အချိန်မှာ ဗြိတိန်စီးပွားရေးလုပ်ငန်းတွေပေါ့လေ ပိုပြီးတော့မှ ရင်းနှီးမြှပ်နှံမှုတွေလုပ်နိုင်မယ့်အခွင့်အလမ်းတွေကိစ္စဆွေးနွေးတယ်။ နောက်တခါ လယ်ယာစိုက်ပျိုးရေးတို့ ၊ ကျန်းမာရေးတို့ ၊ ပညာရေးတို့ ကဏ္ဍတွေမှာ ဒီ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေပိုပြီးတော့ မြှင့်တင်နိုင်ဖို့အတွက်ကိုလည်း သူတို့အမြင်ခြင်းဖလှယ်ဆွေးနွေးတယ် ဆိုပြီးတော့ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြောထားပါတယ်။ ဆိုတော့ လက်ရှိမှာကော ဒီလိုကိစ္စမျိုးတွေပေါ့နော် ဗြိတိန်စီးပွားရေးတွေ မြန်မာနိုင်ငံမှာ ပိုပြီး ရင်းနှီးမြှပ်နှံနိုင်ဖို့ ကိစ္စ ဘယ်လောက်အထိ သူတို့ ဗြိတိန်ဘက်ကလိုလားသလဲ၊ နောက်ပြီး ခုနပြောတဲ့ လယ်ယာစိုက်ပျိုးရေးတို့ ၊ ကျန်းမာရေးတို့ ၊ ပညာရေး ကဏ္ဍတွေမှာ ပိုပြီးတော့ အကူအညီတွေပေးနိုင်ဖို့အတွက်ကိုရော သူတို့ ဘက်က ဘာတွေ စီစဉ်ထားတာရှိတယ် ဆိုတာ သိရပါသလဲရှင့်။

ဖြေ။ ။ Conservative အစိုးရ ပြောင်းလာကတည်းကိုက သူတို့ အဓိက စိတ်ဝင်စားတဲ့ အကြောင်းအရာက စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုတွေကို သူတို့က ပိုစိတ်ဝင်စားတယ်၊ လူ့အခွင့်အရေးထက်စာရင်။ ဆိုတော့ မြန်မာနိုင်ငံမှာ အစိုးရမပြောင်းခင်ကတည်းက အရင်က စစ်အစိုးရနဲ့ ရင်းနှီးမြုပ်နှံမှုတွေလုပ်မယ် ပြီးလို့ရှိရင် engagement လုပ်ရင်းနဲ့ အပြောင်းအလဲတွေ ဖြစ်မယ်ဆိုပြီးတော့ သူတို့လုပ်လာတာပါ။ ရင်းနှီးမြုပ်နှံမှုလုပ်မယ်ဆိုရင် ကောင်းတယ် မြန်မာနိုင်ငံ တိုးတက်အောင်လုပ်ပေးမယ်ဆိုတဲ့ဟာမျိုးတွေဆိုရင်တော့ ကောင်းတယ်။ ဒါပေမယ့် တချိန်တည်းမှာလည်း ကိုယ်ကျိုးစီးပွားအတွက် ရှာတာမျိုးတွေတော့ မဖြစ်စေချင်ဘူး။ သူတို့ သိသင့်တာက မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဆိုတာက တိုင်းရင်းသားဒေသတွေဘက်မှာ ရှိနေတုန်းပဲ။ အဲဒါတွေအတွက်ကိုလည်း သူတို့ ထုတ်ဖော်ပြောဆိုခွင့်တွေလုပ်သင့်တယ်။”

Kofi Annan ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို မြန်မာအစိုးရက ဖွဲ့စည်းခဲ့တာနဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတာလို တိုးတက်မှုတွေကို စောစောစီးစီးမြင်ရတာကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုတဲ့အကြောင်းလည်း ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ အခြေအနေဆိုးဝါးနေတဲ့ ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းပြဿနာကို ဖြေရှင်းဖို့အတွက် ရခိုင်ကော်မရှင်ဖွဲ့တာက အရေးကြီးတဲ့ ဆောင်ရွက်မှုဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဌာနာက ဖော်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာပြည်သူတွေရဲ့ သတ္တိနဲ့ ပေးဆပ်မှုတွေကြာင့် စစ်အာဏာရှင်အစိုးရကနေ ဒီမိုကရေစီနည်းလမ်းကျ ပြည်သူတွေအားကိုးနိုင်တဲ့ အရပ်သားအစိုးရအုပ်ချုပ်မှုဆီ ကြီးမားတဲ့ ပြောင်းလဲမှုကြီးဖြစ်ပေါ်ခဲ့တယ်လို့ ဗြိတိန်အစိုးရကပြောပါတယ်။ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မှုနဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး အရပ်သားအစိုးရဖွဲ့စည်းနိုင်ခဲ့တဲ့တာနဲ့ ပါတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson က တေ့ွဆုံစဉ်မှာ ကိုယ်တိုင်ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်စုကြည်ဟာ တနင်္လာနေ့ အစောပိုင်းကတော့ ဗြိတိန်ပါလီမာန်ကို သွားရောက်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ John Bercow နဲ့ တေ့ွဆုံခဲ့ပါတယ်။ Mr. Bercow ဟာမြန်မာ့ဒီမိုကရေစီရေးအတွက်ကို ဟိုးအရင်ထဲက ကိုယ်တိုင်ပါဝင်လှုပ်ရှားလာခဲ့သူတယောက်ဖြစ်တာမို့ ဒီတေ့ွဆုံမှုကနေ ဘယ်လိုထူးခြားမှုတွေရှိလာနိုင်သလဲလို့ မေးတဲ့အခါမှာတော့

“Mr. John Bercow က မြန်မာ့အရေးနဲ့ပတ်သက်လာရင် အရမ်းကို အကူအညီပေးခဲ့တဲ့သူတယောက်ပါ။ သူကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့သူထဲမှာ တယောက်အနေနဲ့ ပါတာပေါ့နော်။ သူလုပ်နိုင်တဲ့ဟာ ပြီးတဲ့အခါကျရင် ဗြိတိန်အစိုးရအနေနဲ့ ဘာလုပ်နိုင်တယ်၊ ဘယ်နေရာမှာ ကူညီသင့်တယ်ဆိုတာ ပြောပါဆိုတာ မြန်မာလူမျိုးတွေနဲ့ တွေ့တဲ့အတိုင်းသူက ပြောတယ်။ ဆိုတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အချိန်မှာသူတို့ သေချာဆွေးနွေးပြီးတော့ သူတို့ ဘယ်လိုပါဝင်ကူညီလို့ရမယ်၊ ဆိုတာမျိုးကို သူတို့တွေ သေသေချာချာပြောဖြစ်မယ်လို့တော့ ယုံကြည်မိတယ်ရှင့်။”

Burma Campaign UK က စည်းရုံးရေးအရာရှိ မဝေနှင်းပွင့်သုန်ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့တုန်းက တော်ဝင်ကာကွယ်ရေးပညာကောလိပ်ကိုလဲ သွားရောက်လေ့လာခဲ့ပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာတော့ ဗြိတိန်ဝန်ကြီးချုပ် Theresa May နဲ့တွေ့ဆုံမယ်လို့ သိထားပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး အခုထက် ပိုတိုးတက်ဖို့အတွက် စီးပွားရေးကို ရှေ့တန်းတင်တာမျိုးမလုပ်ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုက်တွန်းသွားဖို့ မျှော်လင့်တယ်လို့လဲ မဝေနှင်းပွင့်သုန်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်နိုင်ငံခရီးပြီးရင် အမေရိကန်ပြည်ထောင်စုကို ခရီးဆက်မှာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG