သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းတွေ့ဆုံ


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ (ဧပြီ ၉၊ ၂၀၁၃)
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ (ဧပြီ ၉၊ ၂၀၁၃)

လွှတ်တော်အစည်းအဝေး တက်ရောက်ဖို့ နေပြည်တော်ကို ရောက်ရှိလာတဲ့အတိုက်အခံပါတီ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ ဒီကနေ့မှာပဲ သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။ ဒီတကြိမ်ပြန်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ပြဋ္ဌာန်းနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲက တိုက်တွန်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ပြန်ရုပ်သိမ်းရေးဆိုင်ရာ ဥပဒေကိစ္စနဲ့ ပတ်သက်ပြီး အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အဓိကထား ဆွေးနွေးဖို့ရှိတယ်လို့လည်း NLD လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ အသေးစိတ် ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန် တင်ပြပေးထားပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မီတီ ဥက္ကဋ္ဌလည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ NLD ပါတီ ဗဟိုကော်မတီဝင်လည်းဖြစ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဝင်းထိန်က ဗွီအိုအေမြန်မာပိုင်းကို အတည်ပြုပါတယ်။

“တွေ့တာတော့ သိတယ်။ တွေ့တာ သူရဦးရွှေမန်းဖြစ်ဖို့များတယ်။ တနာရီလောက်ထင်တယ်၊ ကြည့်ရတာတော့။”

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းတို့ ဘယ်လိုအကြောင်းအရာတွေကို အဓိက ထားဆွေးနွေးခဲ့တယ် ဆိုတာကိုတော့ NLD က တရားဝင် ထုတ်ပြန်ပြောဆိုခြင်းမရှိပါဘူး။ ဒီတကြိမ်တွေ့ဆုံမှုဟာ အာဏာရပါတီပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌရာထူးကနေ သူရ ဦးရွှေမန်း ရပ်ဆိုင်းခံလိုက်ရပြီးတဲ့နောက် အတိုက်အခံပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးအကြိမ် နေပြည်တော်မှာ တွေ့ဆုံတာလည်းဖြစ်ပါတယ်။

အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီတကြိမ် လွှတ်တော်အစည်းအဝေးမှာတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ( right to recall) ဥပဒေနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးဖို့ ရှိပါတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

“ကျနော်တို့ မှန်းဆတာပေါ့- Rights to Recall ဆိုတဲ့ဥပဒေနဲ့ပတ်သက်လို့ ပြောကြဆိုကြမယ့်အနေအထားရှိတယ်။ ဒါပေမယ့် ဥပဒေတခု လုပ်တယ် ဆိုရင်တော့လည်း တရက်၊ နှစ်ရက်နဲ့ပြီးတာ မဟုတ်တဲ့အခါကျတော့ ရက်တွေက ပြောရမယ့်သဘောလည်းရှိတယ်။ ဒါပေမယ့်လည်း အခုဟာက လွှတ်တော်ကလည်း ပြီးတော့မယ်၊ ရွေးကောက်ပွဲကာလ…မယ်ဆိုတော့လည်း ဘယ်လိုစီစဉ်ကြမလဲတော့ ကျနော်လည်းမသိဘူး။ ကျနော်တို့ကတော့ Rights to Recall ကို ဥပဒေကြောင်းနဲ့၊ နိုင်ငံတကာစံနဲ့ ယှဉ်ထိုးပြီးတော့မှ လုပ်ဖို့အတွက်၊ နိုင်ငံတကာစံနဲ့ညီတဲ့ဟာမျိုး၊ ညီတဲ့ဥပဒေဖြစ်ဖို့ ရည်မှန်းထားပါတယ်။”

လွှတ်တော်ကိုယ်စားလှယ် တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို အမြန်ဆုံး အတည်ပြု ပြဋ္ဌာန်းပေးဖို့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ပြည်ထောင်စုလွှတ်တော်ကို ထပ်မံ တိုက်တွန်းထားတာဖြစ်ပါတယ်။ ဒါဟာ အာဏာရပါတီဥက္ကဋ္ဌ ရာထူးက ရပ်ဆိုင်းခံလိုက်ရတဲ့ သူရ ဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှုယ်အဖြစ်က ရုပ်သိမ်းဖို့ ဖိအားပေးတဲ့သဘောလားလို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေချိန်လည်းဖြစ်ပါတယ်။

ဒီဥပဒေအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ဥပဒေကြမ်းပြင်ဆင်ရေး ကော်မတီတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံကြဖို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖိတ်ကြားထားတယ်လို့လည်း သီပေါမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကပြောပါတယ်။

“မနက်ဖြန် ကျနော်တို့ ပါတီစုံက လွှတ်တော်ကိုယ်စားလှယ်တွေကို အဲဒီကိစ္စဆွေးနွေးဖို့ ဖိတ်ထားတယ်ဗျ။ ဦးရွှေမန်းက နိုင်ငံရေးပါတီတွေနဲ့တိုင်ပင်မယ်လို့ ပြောထားတာရှိတယ်လေ။ Rights to Recall ဥပဒေကြမ်းနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးလိမ့်မယ်။”

မေး။ ။ ဦးရွှေမန်းနဲ့ပေါ့နော်။

ဖြေ။ ။ ဟုတ်တယ်၊ ဟုတ်တယ်၊ ဦးရွှေမန်းက ဖိတ်ထားတာပဲ။ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီက-လို့ ပြောတယ်။

မေး။ ။ အန်ကယ်လ်၊ ဦးရွှေမန်းနဲ့ဒေါ်စုနဲ့ ဒီကနေ့တွေ့တဲ့အပေါ်မှာ အန်ကယ်လ် ဘယ်လို မြင်ပါလဲရှင့်။

ဖြေ။ ။ မကြာခနတော့ သူတို့က ဒီလိုပဲတွေ့ပြီးတော့ အမြင်ချင်းဖလှယ်နေကြလေ။ ဒါ ဖြစ်နိုင်တာတော့ အတွင်းပိုင်းသတင်းတွေပေါ့၊ ဘာတွေ၊ ဘာတွေ ဖြစ်နိုင်တယ်၊ ဘယ်လို ဘယ်လို အချင်းချင်းက ဖြစ်နိုင်တယ်ဆိုတာတွေ အဲလို ပြောကြဆိုကြ ဆွေးနွေးကြတာပဲဖြစ်မှာပေါ့။

မေး။ ။ အန်ကယ်၊ နောက်ပြီးတော့ ဦးရွှေမန်းက ဒီနေ့ ရေဘေးတွေ ဘာတွေလည်း သူ သွားလှူတာတွေ ဘာတွေရှိတော့ facebook မှာလည်း စာတွေတင်တာမျိုးပေါ့နော်၊ ဘယ်လိုမျိုးလို့ အန်ကယ်လ်ထင်ပါလဲရှင့်။

ဖြေ။ ။ အရင်ခေတ်တွေတုန်းကတော့ - စစ်အာဏာရှင်စနစ်အောက်မှာတုန်းကတော့ ဒီလိုဖြစ်သွားပြီးလို့ရှိရင် ငြိမ်ကုပ်သွားတာပေါ့ဗျာ။ အခုဟာကတော့ ပါတီဥက္ကဋ္ဌအဖြစ်က ထုတ်ပယ်ခံလိုက်ရတဲ့ကိစ္စက ဥပဒေမဲ့ဇွတ်အတင်း၊ အဲလိုမျိုး လုပ်မယ့်ပုံမပေါ်ဘူးဆိုတဲ့သဘောလို့- ကျနော် အဲလိုယူဆပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်တဲ့ သူရဦးရွှေမန်း ဦးဆောင်ပြီး လွှတ်တော်ဆွေးနွေးပွဲတွေ ပြန်စတင်တော့မယ့်အချိန် ဒီတကြိမ်လွှတ်တော်တွင်း တပ်မတော်သားကိုယ်စားလှယ်တွေ၊ အာဏာရပါတီကိုယ်စားလှယ်တွေ၊ အတိုက်အခံပါတီ ကိုယ်စားလှယ်တွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ဘယ်လိုအကြောင်းအရာတွေ အဆိုတင်သွင်းချက်တွေကို ဆွေးနွေးနိုင်မလဲ ဆိုတာကိုလည်း နိုင်ငံရေးအင်အားစုတွေက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG