သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိမိအခွင့်အရေးအတွက် တာဝန်တရပ်အနေနဲ့ မဲပေးဖို့ ဒေါ်စု တိုက်တွန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ ကယားပြည်နယ် စည်းရုံးရေး ခရီးစဉ် (စက်တင်ဘာ ၁၁၊ ၂၀၁၅) သတင်းဓာတ်ပုံ NLD Chairperson.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ ကယားပြည်နယ် စည်းရုံးရေး ခရီးစဉ် (စက်တင်ဘာ ၁၁၊ ၂၀၁၅) သတင်းဓာတ်ပုံ NLD Chairperson.

အစိုးရရဲ့ဆုံးဖြတ်ချက်တွေဟာ လူတိုင်းရဲ့ ဘဝကို လွှမ်းမိုးမှုရှိတာကြောင့် မိမိတို့ရဲ့ အခွင့်အရေးအတွက် လူတိုင်း တာဝန်တရပ်အနေနဲ့ ရွေးကောက်ပွဲမှာ တက်တက်ကြွကြွ မဲပေးဆုံးဖြတ်ဖို့ လိုတယ်လို့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ် လွိုင်ကော်မြို့မှာ မနေ့ညနေပိုင်းက ဟောပြောခဲ့ပါတယ်။ ဒါဟာ တိုင်းရင်းသားတွေရဲ့ မဲပေးခွင့် အသိပညာကို ပိုဖြစ်စေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကိုယ်လိုချင်တဲ့ အစိုးရမျိုး ပေါ်ပေါက်လာဖို့ဆိုရင် ပြည်သူတွေမှာ အခွင့်အရေးရှိသလို တာဝန်လည်း ရှိတယ်လို့ လွိုင်ကော်မြို့ ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့တာပါ။

“ကိုယ့်ဟာကိုယ် တန်ဖိုးထား လေးစားပြီး နာခံမယ့် စနစ်အရသာ ကိုယ်စားလှယ်တွေကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ကိုယ့်ကို မနာခံမယ့်သူတွေ အာဏာရှင်လို အုပ်ချုပ်မယ့်သူတွေ စိုးမိုးတဲ့ အစိုးရဆိုရင် ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို လေးစားမှာလည်း မဟုတ်ဘူး။ နောက်ဆုံးကျတော့ ပြည်သူတွေဟာ အဖိနှိပ်ခံဘဝကို ရောက်သွားမှာပါပဲ။ ဒါကြောင့် ကိုယ်လိုချင်တဲ့အစိုးရမျိုး ပေါ်ပေါက်လာအောင်လို့ လုပ်ဖို့ဟာ အခွင့်အရေးရှိသလို တာဝန်လည်း ဖြစ်ပါတယ်။ ကိုယ်ကတာဝန်မကျေလို့ ကိုယ့်အခွင့်အရေးတွေ ဆုံးရှုံးသွားလို့ရှိရင်တော့ ဒါဟာ ကိုယ့်ရဲ့ အပြစ်လို့ပဲ သတ်မှတ်ရမှာပါ။ ဒါကြောင့် ကျမတို့ ပြည်သူလူထုဟာ ရွေးကောက်ပွဲတွေထဲမှာ တက်တက်ကြွကြွ ပါဝင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လူတိုင်းလူတိုင်းရဲ့ ဘဝပေါ်မှာ လွှမ်းမိုးမှုရှိတယ်။”

အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ကြောင့် တိုင်းရင်းသားတွေ မဲပေးလိုစိတ်ကို ပိုပြီး မြှင့်တင်ပေးရာ ရောက်တယ်လို့ ကရင်နီလူငယ်သမဂ္ဂ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကျော်ထင်အောင်က သုံးသပ်ပါတယ်။

“တိုင်းရင်းသားဒေသတွေမှာ အားနည်းနေတဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု ပုံစံမျိုးကိုသာ မျက်စိဖွင့်ပေးလာတာ ဖြစ်တဲ့အတွက် ကျနော်တို့ဒေသရဲ့ မဲပေးလိုစိတ်ကို ပိုမိုပြီးတော့မှ မြင့်မားလာစေတဲ့ လုပ်ဆောင်မှုတရပ်အနေနဲ့ လက်ခံပါတယ်။ ကျနော်တို့ ဒေသရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားတရပ်ကိုတော့ ကျေကျေလည်လည် ဖြေရှင်းပေးနိုင်မယ့် အစိုးရတရပ်အနေနဲ့ လှုံ့ဆော်ပြီးတော့မှ ပြောသွားတယ်ဆိုသော်ငြားလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ်အရတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဝန်ခံသွားတာကတော့ ဒီ ၁ဝဝ ရာခိုင်နှုန်းလုံး နိုင်မှ ၇၅ ရာခိုင်နှုန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ အစိုးရ ဖွဲ့လာနိုင်ရင်တောင်မှ ဖွဲ့စည်းပုံပြင်ရဦးမယ်ဆိုတဲ့ အနေအထားတရပ်အရ ဖွဲ့စည်းပုံကိုတော့ လွှတ်တော်အတွင်း၊ လွှတ်တော်ပြင်ပ လုပ်ကိုင်ဆောင်ရွက်သွားမယ်ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသားအများစု လိုလားတဲ့ တကယ့်စစ်မှန်သော ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုကြီးတရပ် ပေါ်ပေါက်လာလိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်ခင်ဗျာ။”

နိုင်ငံရဲ့အပြောင်းအလဲနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်သူလူထုရဲ့အင်အားက အဓိက ကျတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

“နိုင်ငံတနိုင်ငံ အောင်မြင်ဖို့၊ နိုင်ငံတနိုင်ငံ တိုးတက်ဖို့ဆိုတာဟာ ပြည်သူ့ရဲ့အင်အား အင်မတန်မှ လိုပါတယ်။ ပြည်သူ့အင်အားမပါဘဲနဲ့ ဘယ်နိုင်ငံမှ မတိုးတက်နိုင်ပါဘူး။ ကျမတို့ ကမ္ဘာတဝှမ်းကို ကြည့်လိုက်ပါ။ တိုးတက်တဲ့နိုင်ငံတွေဆိုတာ ပြည်သူကို အခြေခံတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ မတိုးတက်ဆုံး နိုင်ငံတွေဟာ ပြည်သူကို အလေးမထား တန်ဖိုးမထားတဲ့ အာဏာရှင်စနစ်ရဲ့ လွှမ်းမိုးတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီလို ကယားပြည်နယ်လို နေရာမျိုးမှာတောင်မှ နိုင်ငံခြားမှာသွားပြီးတော့ ဝမ်းစာအတွက် ရှာနေရတဲ့ လူငယ်တွေ အင်မတန်မှ များပါတယ်။ ဒါဟာ ကိုယ့်နိုင်ငံမှာ ကိုယ့်ပြည်သူလူထုအတွက် ဖူလုံအောင် မလုပ်ပေးနိုင်လို့ ဖြစ်ရတဲ့ ကိစ္စပါ။”

ပင်လုံစိတ်ဓာတ်သဘောအရ တိုင်းရင်းသားတွေအားလုံး ပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံရဲ့ကိစ္စရပ်တွေကို ဖြေရှင်းနိုင်မယ်လို့ ကယားပြည်နယ်မှာ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။

“အားလုံးသိတဲ့အတိုင်းပဲ ကျမတို့ လွတ်လပ်ရေးရဲ့ အခြေခံအုတ်မြစ်မှာ ပင်လုံစိတ်ဓာတ်ဟာ အင်မတန်မှ အရေးပါပါတယ်။ ပင်လုံ စိတ်ဓာတ်ဆိုတာဟာ ကျမတို့ တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့်သာ ကျမတို့နိုင်ငံအတွက် အဓိကကျတဲ့ ကိစ္စတွေ အောင်မြင်နိုင်မယ်ဆိုတဲ့ ယုံကြည်မှု ဖြစ် ပါတယ်။”

တိုင်းရင်သားဒေသတွေမှာ NLD က အနိုင်ရလိုတယ်ဆိုပေမဲ့ လက်တွေ့မှာ တိုင်းရင်းသားတွေနဲ့ လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG