သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်တွေမှာ NLD ဝင်ပြိုင်တာ တိုင်းရင်းသား အကျိုး အတွက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ ကယားပြည်နယ် စည်းရုံးရေး ခရီးစဉ် (စက်တင်ဘာ ၁၀၊ ၂၀၁၅) သတင်းဓာတ်ပုံ NLD Chairperson.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ ကယားပြည်နယ် စည်းရုံးရေး ခရီးစဉ် (စက်တင်ဘာ ၁၀၊ ၂၀၁၅) သတင်းဓာတ်ပုံ NLD Chairperson.

တိုင်းရင်းသားဒေသတွေမှာ NLD ဝင်ရောက်ယှဉ်ပြိုင်တာဟာ ဗဟိုအစိုးရတရပ် အနေနဲ့ တိုင်းရင်းသား အခွင့်အရေးအပြည့်အဝ ကာကွယ်ပေးဖို့ အတွက်ဖြစ်တယ် လို့ ကယားပြည်နယ် စည်းရုံးရေး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ကပြောဆို လိုက်ပါတယ်။ NLD အနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်လက်တွေ့ အကောင်အထည်ဖေါ်ပေးနိုင်မယ် ဆိုရင် တိုင်းရင်းသားတွေရဲ့ထောက်ခံ မဲအပြည့်ရမှာဖြစ်တယ်လို့ အဝေးရောက် တိုင်းရင်းသားတွေထဲမှာ သုံးသပ်သူတွေ ရှိပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံပြောပြမှာပါ။

နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးတွေကို စက်တင်ဘာလ (၈)ရက်နေ့ မှာ တရားဝင် စတင်ခွင့်ရပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကယားပြည်နယ် စည်းရုံးရေးခရီးစဉ်ကို မနေ့က စတင်လိုက်တာပါ။

ဒီမောဆိုခရီးကို လာကြိုကြတဲ့တိုင်းရင်းသားတွေ။
ဒီမောဆိုခရီးကို လာကြိုကြတဲ့တိုင်းရင်းသားတွေ။

အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ NLD ပါတီကြီး အနေနဲ့ ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်သလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာတဲ့ တိုင်းရင်းသားပြည်သူတွေကို အခုလို ပြောသွားပါတယ်။

”ကျမတို့ဟာ တခြားပါတီအဖွဲ့အစည်းတွေနဲ့ ယှဉ်ပြီးတော့ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်တွေဟာ အရွေးခံမှာပါ။ ဒီလိုကျမတို့ အရွေးခံတာဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကျမတို့ နည်းသွားစေချင်လို့ မဟုတ်ပါဘူး။ ဗဟိုအစိုးရတခုဖွဲ့ပြီးတော့ တိုင်းရင်းသားတွေရဲ့အခွင့်ရေးတွေကို ပြည့်ပြည့်၀၀ ကာကွယ်စောင့်ရှောက်မြင့်တင်ပေးချင်လို့ဖြစ်ပါတယ်။ ဗဟိုအစိုးရသာ လုပ်နိုင်မှာဖြစ်ပါတယ်။”

ဒါအပြင် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲဖြစ်ဖို့ အခွင့်ကောင်းရတဲ့ အချိန်ဖြစ်တာကြောင့် ရွေးကောက်ပွဲမှာ မဲပေးကြဖို့ လည်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းသွားပါတယ်။

“အခုအချိန်မှာ တကယ့်စစ်မှန်တဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီစနစ် တခုဘက်ကို ပြောင်းဖို့ အခွင့်အရေးနောက်တခုရလာတာပါ။ ဒီအခွင့်အရေးကို ကျမတို့ လက်မလွှတ်ဖို့ လိုပါတယ်။ အခု နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ရွေးကောက်ပွဲဟာ ကျမတို့နိုင်ငံ အနာဂတ်အတွက်အင်မတန်မှ အရေးကြီးပါတယ်။”

ဒေသခံပြည်သူတွေ ကြိုဆို။
ဒေသခံပြည်သူတွေ ကြိုဆို။

အခုလို တိုင်းရင်းသားဒေသတွေမှာ အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD အပါအဝင် လက်ရှိအာဏာရ ကြံခိုင်ဖွံဖြိုးရေးပါတီကြီးတွေ လာရောက်ယှဉ်ပြိုင်တာ ဟာ ဒေသခံ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍကို လျော့နည်းစေတယ်လို့ တိုင်းရင်းသားပါတီတချို့ကဝေဖန်ပြောဆိုနေကြတာပါ။

ဒါပေမဲ့လည်း NLD ကစစ်မှန်တဲ့ ဒီမိုကရေစီကိုသာ လက်တွေ့ အကောင် အထည်ဖေါ်နိုင် မယ် ဆိုရင် တိုင်းရင်းသားတွေဘက်က NLD ကိုမဲတွေပေး မှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုရောက် ချင်းနိုင်ငံရေးသမားတဦးဖြစ်တဲ့ ဦး Valthang က ပြောပါတယ်။

“Free and Fair Election လုပ်ခဲ့ရင် တိုင်းရင်းသားတွေက လွတ်လွတ်လပ်လပ် အချုပ်ချယ် မရှိပဲနဲ့ သူတို့စိတ်ရင်းမှာရှိတဲ့ လူကိုတော့ မဲပေးမှာပဲထင်တယ်။ ဒါကြောင့်မို့လို့ ဒေါ်စုတို့က ဒီမိုကရေစီအရေးကို ဦးစားပေးပြီးတော့ ဒီ policy တွေ ချထားတယ်ဆိုရင် သူ့ကိုပဲ မဲပေးမှာပါ။”

ပြီးခဲ့တဲ့ စက်တင်ဘာလ (၅)ရက်နေ့က ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပထမဆုံးအကြိမ် သွားခဲ့တဲ့ စည်းရုံးရေးခရီးစဉ်မှာလည်း စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု စနစ် တည်ဆောက်ဖို့ NLD အနေနဲ့ တစိုက်မတ်မတ်ကြိုးစားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောသွားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းရင်းသားဒေသ စည်းရုံးရေး ခရီးစဉ်တွေတွင်း လူထုဟောပြောပွဲတွေမှာ ဒေသခံ တိုင်းရင်းသားပြည်သူတွေထောင်နဲ့ချီပြီး တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG