သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ Czech ကို ဒေါ်စု တိုက်တွန်း


Prague မြို့တော်မှာ ပြုလုပ်တဲ့ ချက်-မြန်မာ စီးပွားရေးညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံ မိန့်ခွန်းပြော
Prague မြို့တော်မှာ ပြုလုပ်တဲ့ ချက်-မြန်မာ စီးပွားရေးညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံ မိန့်ခွန်းပြော

ပထဝီအနေအထားအရ မဟာဗျူဟာ မြောက်တဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် သူတွေအတွက် နောက်ဆုံး အခွင့်အလမ်းတွေ အပြည့်အဝရှိနေသလို၊ စိတ်မပျက် စေရဘူးလို့ သူ့အနေနဲ့ ကတိပေးကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က Prague မြို့တော်မှာ ပြုလုပ်တဲ့ ချက်-မြန်မာ စီးပွားရေးညီလာခံမှာ ပြောကြားသွားပါတယ်။

ချက်နဲ့ မြန်မာ နှစ်နိုင်ငံကြား အဓိက ဦးစားပေးလာတဲ့ စီးပွားရေးဆိုင်ရာ သံတမန်ဆက်ဆံရေး ဟာ အာရှနဲ့ ဥရောပ အတွက် နည်းဗျူဟာ အရ ဘယ်လောက်ထိ အရေးပါနိုင်ပါသလဲ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ပဋိပက္ခတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အနောက်နိုင်ငံတွေက လာရောက် ရင်းနှီးမြှုပ်နှံဖို့ တွန့်ဆုတ်နေချိန်မှာ ချက်သမ္မတ နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံကို ချက် လုပ်ငန်းရှင်တွေ ကိုယ်တိုင် လာကြည့်ဖို့နဲ့ ရင်းနှီးမြှုပ်နှံတဲ့အခါမှာလည်း စိတ်မပျက်စေရဘူးလို့ သူ့အနေနဲ့ ကတိပေးကြောင်း အင်္ဂါနေ့က Prague မှာပြုလုပ်တဲ့ ချက်-မြန်မာ စီးပွားရေးညီလာခံမှာ ပြောကြားသွားပါတယ်။

တနင်္လာနေ့က ချက် ဝန်ကြီးချုပ် Andrej Babis နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာလည်း မြန်မာဟာ ဈေးကွက်စီးပွားရေးအရ အရှေ့တောင် အာရှမှာ နောက်ဆုံးအခွင့်အလမ်းတခုအဖြစ် ရှိနေတဲ့အတွက် လာရောက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖိတ်ခေါ်ခဲ့ပါတယ်။

“မြန်မာဟာ စီးပွားရေး ရင်းနှီးချဲ့ထွင်မှုအတွက် အရှေ့တောင်အာရှမှာ နောက်ဆုံး အခွင့်အလမ်း တခုဖြစ်နေပြီး ဒါဟာ စီးပွားရေးအရ ကြီးမားတဲ့ ခြေလှမ်းတွေ လှမ်းနေတဲ့ ချက်သမ္မတနိုင်ငံအတွက် ဆွဲဆောင်မှု ဖြစ်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။”

ချက်လုပ်ငန်းရှင်တွေနဲ့ မြန်မာလုပ်ငန်းရှင်တွေ တက်ရောက်တဲ့ စီးပွားရေးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ အချက်တွေထဲမှာ- ပထဝီအနေအထားအရ မဟာဗျူဟာကျပြီး၊ ဈေးကွက် စီးပွားရေးအရဆိုရင်လည်း တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ နိုင်ငံတွေကြားမှာ အားလုံးစုံစည်းရာဖြစ်နေတဲ့ လမ်းဆုံလမ်းခွမှာ မြန်မာနိုင်ငံ တည်ရှိနေတယ်လို့ ဆိုပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့ အာဆီယံ ဈေးကွက်ဟာ စားသုံးသူဦးရေ ၃.၅ သန်းမက အလားအလာ ရှိနေသလို၊ ဒါဟာ ကမ္ဘာ့ GDP (ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး) ရဲ့ ၂၀% ရှိနေပြီး ခေတ်သစ်ကမ္ဘာမှာ တခါမှ မမြင်ဘူးသေးတဲ့ အားမန်အပြည့်နဲ့ အင်အားအကောင်းဆုံး ဈေးကွက် ဖြစ်လာဖို့ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံ မှာ ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို နံနက်စာ တည့်ခင်း ဧည့်ခံခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး Tomas Petricek ကလည်း ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေတုန်းက ချက်ကိုစလိုဗက်ကီးယားလို့ ခေါ်တဲ့ ချက်နိုင်ငံဟာ မြန်မာအတွက် ကားဘီး၊ လယ်ထွန်စက်နဲ့ သကြား စက်ရုံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ကြီးကြီးမားမားထား ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အခုတော့ သတ္တု တူးဖေါ်ရေး၊ ဆေးဝါး၊ လေကြောင်းဆိုင်ရာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ချက်နဲ့ မြန်မာ စီးပွားရေး လုပ်ငန်းရှင်တွေ အဓိကထား ပူးပေါင်းလုပ်ဆောင်ဖို့ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ချက် နိုင်ငံမှာ အခြေချ နေထိုင်နေသူလည်းဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချက်နိုင်ငံခရီးစဉ်ကို အနီးကပ်စောင့်ကြည့်နေတဲ့ ကိုလင်းသန့်ကတော့ နှစ်နိုင်ငံ ကုန်သွယ်စီးပွားရေးမှာ ချက်က အရှုံးခံနေတဲ့ အနေအထားမှာရှိနေတယ်လို့ အခုလိုပြောပါတယ်။

“ချက်ကတော့ မြန်မာပြည်ကို အဓိကတင်ပို့တာကတော့ ခရစ်စတယ်ရှိတယ်၊ စက်ယန္တယားပစ္စည်းတွေ လမ်းခင်းစက်တို့ဘာတို့ပေါ့နော်။ ဘီယာပို့တယ် ဝိုင်လည်းတချို့ပို့တာရှိတယ်။ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ ပညာရေးအထောက်အကူပြုပစ္စည်းတွေပို့တယ်။ အခုသူတို့ ကြိုးစားနေတာက mining နဲ့ ပတ်သက်တဲ့ machine တွေလည်း ပို့ဖို့လုပ်နေတယ်။ အရင်တုန်းက လုပ်တာတွေကြည့်မယ်ဆိုရင် ၂၀၁၈ ခုနှစ် မှာ ချက်နဲ့ မြန်မာ ကုန်သွယ်မှုမှာ ချက်ဘက်က အရှုံးပေါ်တယ်ပေါ့နော်။ ၂၃ ရာခိုင်နှုန်းလောက် ချက်ဘက်က လျော့သွားပြီး မြန်မာဘက်က ၆၆ ရာခိုင်နှုန်းမြင့်မားလာတာကို ဝန်ကြီးချုပ် Andrej Babis က ဒီနေ့ ဖိုရမ်ဖွင့်မိန့်ခွန်းမှာတောင်မှ ပြောသွားတယ်။

မေး။ ။ မြန်မာမှာ ချက်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက အခြား အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ တို့နဲ့ ယှဉ်ပြိုင်နိုင်မယ့် အလားအလာရှိလားရှင့်။

ကိုလင်းသန့် ။ ။ ချက်က EU အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက်ကြောင့် EU ဥပဒေတွေနဲ့ ကျင့်သုံးရတာဖြစ်သလို ချက်နိုင်ငံရဲ့ တကိုယ်တည်း သီးခြားထိတွေ့ဆက်ဆံမှုနဲ့လည်းသူလုပ်နေတာရှိတယ်။ ဒါပေမယ့် သူ့မှာက တခြား ဥရောပနိုင်ငံတွေလို ဒီ ဂျာမနီတို့လို့ ပြင်သစ်တို့လို အရမ်းချမ်းသာတဲ့ နိုင်ငံမဟုတ်ဘူး။ ချက်ကုန်ပစ္စည်းကလည်း ဂျာမနီတို့လို ဈေးအရမ်းကြီးတဲ့ ပစ္စည်းတော့မဟုတ်ဘူး ။ မြန်မာအတွက်တော့ အဆင်ပြေတယ်။ ဈေးနည်းနည်းသက်သာတယ်။ ဒါပေမယ့် ကွာလတီကတော့ EU ကွာလတီရှိတာပေါ့နော်။ ဆိုတော့ သူကတော့ သိပ်ပြီးတော့ Compete လုပ်ဖို့လည်း အာရှက အထူးသဖြင့် ဂျပန်နဲ့ တရုတ်တို့နဲ့ လည်း compete လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာရှပစ္စည်းတွေက အာရှ standard တွေကျတော့ ဒီက ဥရောပနဲ့ ယှဉ်လိုက်ရင် နည်းနည်းဈေးသက်သာတာပေါ့ ။ ဈေးသက်သာတော့ ဈေးကွက်ထဲမှာလည်း တိုးဖို့မလွယ်တော့ သူတို့သိတယ်။ သူတို့ကတော့ ဖြေးဖြေးချင်း ဈေးကွက်တွေကို ရသလောက်တိုးချင်တယ် တကွက်လောက်ပေါ့ အဲဒါသူတို့မျှော်လင့်ထားပုံရတယ်။

မေး။ ။ အဲတော့ ချက်နဲ့ မြန်မာ ကြား ဦးစားပေးရှိနေတဲ့ စီးပွားရေးဆိုင်ရာ သံတမန်ဆက်ဆံရေးက ပထဝီအနေအထားအရ မဟာဗျူဟာ မြောက် အရေးပါတဲ့ အနေအထား ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားပါတယ်။ ဒါဟာ တကယ်ပဲဖြစ်လားနိုင်မလားရှင့်။

ကိုလင်းသန့်။ ။ ဖြစ်လာနိုင်တယ်။ ဒါကလည်း သူတို့ ခြေကုတ်ယူနေတာပဲ။ အမှန်အတိုင်းပြောမယ်ဆိုရင် တကယ်တမ်း ချက်ကုမ္ပဏီ တော်တော်များများက ဂျာမန်လုပ်ငန်းရှင်တွေနဲ့ partnership တွေများတယ်။ အဲဒီတော့ ဂျာမန်ကလည်း ချက်ကို ရှေ့တန်းတခုလိုသဘောထားပြီးတော့ နောက်က တွန်းနေတာလည်းရှိတယ်။ ဆိုလိုတာက EU အနေနဲ့ တိုက်ရိုက်ဝင်တာမဟုတ်ပဲနဲ့ ချက်အနေနဲ့သွား၊ သွားပြီးရင် ခုံနေရာယူ ပြီးရင် အဲဒီရလာတဲ့ ခုံနေရာမှာ ငါတို့ နေရာလေးချဲ့ကြတာပေါ့ ဆိုတဲ့ စဉ်းစားတွေးခေါ်မှုရှိတယ်လို့ ကျနော်သံသယဖြစ်မိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးညီလာခံတက်ရောက်ပြီးတဲ့နောက်မှာ နိုင်ငံခြားရေးဝန်ကြီး Tomas Petricek နဲ့အတူ Prague မြို့မှာ မြန်မာသံရုံး သစ်ပြန်လည်ဖွင့်လှစ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ဒါအပြင် ချက်သမ္မတ Milo Zeman နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။ ချက်နဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဟာ အရင်ကထက် ပိုမိုနီးကပ်လာခဲ့ကြောင်း သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အဓိက ထား ပြောခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဟန်ဂေရီနိုင်ငံကို အလုပ်ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG