သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် အားလုံးလက်ခံတဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ ဒေါ်စုပြော


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ငြိမ်းချမ်းရေးရဖို့ဆိုရင် ပြည်သူအားလုံး ပါဝင်လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတခု ရှိဖို့လိုတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာလုပ်တဲ့ (၇၂) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားမှာ ပြောတဲ့မိန့်ခွန်းထဲ အဲဒီလို ထည့်ပြောသွားတာပါ။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ကတော့ ဒီနေ့ကိုပဲ (၇၂) ကြိမ်မြောက် ရှမ်းအမျိုးသားနေ့အဖြစ် အခမ်းအနား ကျင်းပပါတယ်။ ဒီအကြေ ာင်း ဗွီအိုအေမြန်မာပိုင်း သတင်း ထောက် ကိုဇော်ထက်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ်ဖွဲ့စည်းဖို့ ဗုဒ္ဓဟူးနေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက် ပြီး နောက်တနေ့မှာပဲ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းထဲမှာ ထည့်ပြောသွားတာပါ။

“ငြိမ်းချမ်းရေးရဖို့ဆိုလို့ရှိရင် အများပြည်သူက လက်ခံတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုလည်း လိုအပ်ပါတယ်။ ကျမတို့ပြည်သူတွေ အားလုံးကြားမှာလည်း ရင်ကြားစေ့ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျမတို့ ရည်ရွယ်ချက်တွေ၊ ပန်းတိုင်တွေ တခါတလေ တူပေမယ့်လည်း ဘယ်လိုပုံစံနဲ့ ဒီပန်းတိုင်ကို ချီတက်သွားရမယ်ဆိုတဲ့အတွေးအခေါ်တွေဟာ ကွဲလွဲတတ်ပါတယ်။ ဒီဟာတွေက တကယ့်ကို ကျမတို့ပြည်ထောင်စုအပေါ်မှာ စေတနာထားမယ်ဆိုရင် ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ မဟုတ်ပါဘူး။ အားလုံးဟာ အလျှော့အတင်းလုပ်ဖို့ အဆင်သင့်ရှိတယ်၊ အားလုံးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ချမ်းသာ၊ ကြွယ်ဝ၊ သာယာ၊ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီးပဲဖြစ်တယ်ဆိုလို့ရှိရင် ကျမတို့ မတူကွဲပြားတဲ့ စိတ်သဘောထားတွေကို ညှိယူဖို့ဟာ အခက်အခဲရှိမှာ မဟုတ်ပါ ဘူး။”

ပြည်သူလူထုရွေးကောက်တင်မြောက်တဲ့ အစိုးရတစ်ရပ်နဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကိုလုပ်ဆောင်နေပေမဲ့လည်း အားလုံးမျှော်လင့်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဆင့်ကို မရောက်သေးဘူးဆိုတာကိုလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောသွားပါတယ်။

“ကျမတို့အားလုံး မျှော်မှန်းတဲ့၊ ကျမတို့လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဆင့်ကိုတော့ မရောက်သေးဘူး ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီကိုရောက်အောင်ဖို့ ဆက်သွားဖို့ဆိုတာ ကျမတို့ရဲ့ တာဝန်ဖြစ်ပါတယ်။ ကျမတို့မျိုးဆက် တွေရဲ့ သမိုင်းပေးတာဝန်လို့ ပြောလို့ရှိရင် မှားမယ် မထင်ပါဘူး။ ဒါကြောင့်မို့ နိုင်ငံတနိုင်ငံ တိုးတက်ဖို့၊ ဖွံ့ဖြိုးဖို့၊ အောင်မြင်ဖို့ ဆိုလို့ ရှိရင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ မဖြစ်မနေရှိရမယ့်ကိစ္စတရပ် ဖြစ်ပါတယ်။”

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ရှမ်းပြည်နယ်နေ့အခမ်းအနားအဖြစ် ကျင်းပချိန်မှာပဲ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA ကတော့ ၇၂ ကြိမ်မြောက် ရှမ်းအမျိုးသားနေ့အဖြစ် သူတို့ရဲ့ဌာနချုပ်ရှိရာ လွယ်တိုင်းလျဲန်မှာ ကျင်းပပါတယ်။ ရှမ်းအမျိုးသားနေ့လို့ သတ်မှတ်ကျင်းပတာနဲ့ ပတ်သက်ပြီး RCSS ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးစိုင်းငင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“သူတို့ကတော့ ရှမ်းပြည်နယ်နေ့လို့သုံးတာပေါ့နော် ဒါကအစိုးရဘက်က တရားဝင်သုံးနေတဲ့ အသုံးအနှုန်း။ ဒါပေမဲ့ ကျနော်တို့ ဘက်ကတော့ အမျိုးသားနေ့ဆိုတဲ့ဟာ နေ့ထူးနေ့မြတ်ပေါ့ ကျနော်တို့ ရှမ်းပြည်အမျိုးသားအားလုံးနဲ့သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ် ဖြစ်တယ်ဆိုပြီး ကျနော်တို့က ရှမ်းပြည်အမျိုးသားနေ့လို့ ပြောတာဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကိုအခြေခံတဲ့ ပြည်ထောင်စု ကို ကျနော်တို့ တည်ဆောက်မှာဖြစ်တယ်လေ၊ ဒါကြောင့်မို့ အခုတော့ နိုင်ငံရေး ဆွေးနွေးပွဲကနေတဆင့်ပဲ ကျနော်တို့က ဒီ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်အရှေ့ပိုင်းနဲ့ တောင်ပိုင်းမြို့တွေဆီ ဖေဖော်ဝါရီလ ၅ ရက်နေ့ ကစလို့ သွားရောက်ပြီးတော့ ဒေသခံတွေနဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေက တာချီလိတ်၊ မိုင်းယောင်း၊ ကျိုင်းတုံ၊ မိုင်းတုံနဲ့ မိုင်းဆတ်မြို့တွေဆီ သွားပြီးတဲ့နောက် အခု တောင်ကြီးမြို့မှာရောက်နေတာပါ။

မိုင်းတုံကနေ မိုင်းဆတ်ကို တပ်မတော်ရဟတ်ယာဉ်တွေနဲ့ ခရီးဆက်တဲ့အချိန် ရဟတ်ယာဉ်တက်သွားပြီး သိပ်မကြာခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါသွားတဲ့ ရဟတ်ယာဉ် ဆီယိုစိမ့်တာကြောင့် မိုင်းတုံမှာ အရေးပေါ် ပြန်ဆင်းပြီး ရဟတ်ယာဉ် ပြောင်းပြီးတော့ ခရီးဆက်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်မှာ ဆုံးဖြတ်ချက်မှန်မှန်နဲ့ စနစ်တကျ လုပ်ဆောင်ခဲ့တဲ့အတွက် တပ်မတော်နဲ့ ရဟတ်ယာဉ်မှူးကို ဒေါ်အောင်ဆန်းစုကြည် က ကျေးဇူးတင်စကားဆိုတဲ့အကြောင်း ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ကိုးကားပြီး သတင်းတွေမှာဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG