သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံအရေး လွှတ်တော်အမတ်တွေမှာ တာဝန်ရှိဟု ဒေါ်စုပြောဆိုတဲ့အပေါ် သုံးသပ်ချက်


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်

ပြည်သူလူထုရဲ့လိုလားချက်၊ မျှော်လင့်ချက်၊ စိုးရိမ်ချက်တွေအပေါ် လူထုရဲ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေဘက်က မှန်မှန်ကန်ကန် သုံးသပ်ပြီး လေးလေးနက်နက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ ဆုံးဖြတ်ရပါမယ်လို့ ဒုတိယအကြိမ်လွှတ်တော် (၃) နှစ်မြောက် နှစ်ပတ်လည်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။ လူထုက ရွေးချယ်တင်မြှောက် လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဘက်က နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် စဉ်းစားပြီး လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသား ဆောင်ရွက်နေကြပါတယ်လို့လည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီဖွဲ့ဖို့ ကန့်ကွက်ခဲ့တဲ့ အတိုက်ခံပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တဦးက ပြောပါတယ်။ ဒုတိယအကြိမ် လွှတ်တော် (၃) နှစ်တိုင်လာချိန် လူထုရဲ့ ဆန္ဒကို လွှတ်တော်ကိုယ်စားလှယ်တွေဘက်က အမှန်တကယ်ဖြည့်ဆည်းနိုင်ခဲ့ကြပါသလား အမြင်သဘောထားတွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာကျင်းပခဲ့တဲ့ ဒုတိယအကြိမ်လွှတ်တော် (၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာတော့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်အသီးသီးက လွှတ်တော်နာယက၊ ဥက္ကဋ္ဌတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြချိန် “လွှတ်တော်အစ ပြည်သူက” ဖြစ်ပြီး ဒီမိုကရေစီလွှတ်တော်တစ်ခု ပေါ်ပေါက်ဖို့ဆိုတာဟာ ပြည်သူလူထုရဲ့ပါဝင် ပတ်သက်မှုဟာ အဓိကကျတဲ့အကြောင်း၊ ဒါကြောင့် ပြည်သူ့ လိုလားချက်၊ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားဆောင်ရွက်ကြရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ အခုလို မိန့်ခွန်းပြောခဲ့ပါတယ်။

“ဒီမိုကရေစီဆိုတာ ပြည်သူကိုအခြေခံတဲ့စနစ်၊ ပြည်သူရဲ့ထောက်ခံမှုကို ဘယ်လို ရအောင်လုပ်ရမလဲ၊ ပြည်သူက ဘာတွေလိုလားသလဲ၊ ပြည်သူရဲ့မျှော်လင့်ချက်တွေက ဘယ်လိုတွေရှိသလဲ၊ စိုးရိမ်မှုတွေက ဘယ်လိုရှိသလဲ ဆိုတာ စပြီးတော့ ဒီလွှတ်တော် ရွေးကောက်ပွဲတွေကို မဝင်ခင်ကတည်းက နိုင်ငံရေးပါတီများဟာ လေ့လာရ တယ်။ လွှတ်တော်ထဲကို ဝင်ချင်ရင်၊ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ချင်ရင် ပြည်သူလူထုရဲ့ ထောက်ခံမှု ရအောင် ယူရမယ်။ မှန်မှန်ကန်ကန် ဥပဒေနဲ့ကိုက်ညီတဲ့ နည်းတွေနဲ့ ဒီထောက်ခံမှုကို ဘယ်လိုရအောင်ယူရမလဲဆိုတာ လွှတ်တော်ကို အကြောင်းပြုပြီးတော့ ကိုယ်စားလှယ်လောင်းများဟာ တဦးချင်းတဦးချင်း သင်ယူရတာ ဖြစ်ပါတယ်။ လွှတ်တော် ထဲ ရောက်လာတဲ့အခါမှာ ဥပဒေပြုမဏ္ဍိုင်ဆိုတာ ဥပဒေပြု တယ်ဆိုတာဟာ နိစ္စဓူဝ ပြည်သူတွေနဲ့ သက်ဆိုတဲ့ဥပဒေတွေ မဟုတ်ဘူး။ အခုဆိုရင် ကမတို့နိုင်ငံအတွက် အဓိကအကျဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်များဟာ တာဝန်ရှိလာပါတယ်။ ဒီတာဝန်တွေကို ထမ်းဆောင်ဖို့ဆိုတာ ဒီမိုကရေစီကို ပြုစုပျိုးထောင်တဲ့ အလုပ်တခုပဲလို့ ကျမတို့ ဒီလိုပဲမြင်စေချင်ပါတယ်။”

နိုင်ငံနဲ့ပြည်သူလူထုအကျိုးစီးပွားအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ အပေါ်မှာ အဓိက တာဝန်ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က လွှတ်တော်မိန့်ခွန်းမှာ ထည့်သွင်းပြော ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ NLDက တင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့ရေး အဆိုကို တပ်မတော်သားကိုယ်စားလှယ်တွေနဲ့အတူ တဦးတည်း မတ်တပ်ရပ်ပြီး ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့သူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ မင်းကင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကတော့ လွှတ်တော်ကိုယ်စားလှယ် တယောက်ရဲ့ တာဝန်နဲ့အညီ လူထုအတွက် သူဆောင်ရွက်နိုင်ခဲ့တာကို အခုလိုပြောပြပါတယ်။

“ကျနော့်ရဲ့ရပ်တည်ချက်က တပ်မတော်နဲ့ တထပ်တည်း မကျတာတွေလည်း ရှိပါတယ်လို့၊ တပ်နဲ့ဦးတို့နဲ့ တထပ်တည်း အမြဲတမ်း ကျချင်မှကျလိမ့်မယ်။ ..ဆိုတော့ ဦးတို့ကတော့ ဘာဖြစ်လဲဆိုရင်တော့ မျက်နှာကိုမကြည့်ဘူး။ ကိုယ့်အပေါ်ငြိုငြင်သွားမှာ၊ ကိုယ့်အပေါ် စိတ် ကွက်သွားမှာ၊ ကိုယ့်အပေါ် ချစ်လာမှာ၊ မုန်းလာမှာ-ဒါတွေကို မကြည့်ဘူး။ အမျိုးသား အကျိုးစီးပွားအပေါ်မှာပဲ rely လုပ်မှာပေါ့။ ဒီသဘော ရှိတာပေါ့နော်။

အခုလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့မှ လွှတ်တော်ဆိုတာက ဥပဒေကို လိုက်နာရမယ့်အထဲမှာ သူက အခေါင်အချုပ်ပဲလေ။ ဘာကြောင့်လဲဆိုတော့ သူက legislative Pillar ရဲ့ သူကအချုပ်အခေါင်ဖြစ်နေတာကိုး။ အဲဒီအဖွဲ့ဝင်တွေ ကိုယ်နှိုက်က ဒီလိုမျိုး လုပ်တယ်ဆိုလို့ရှိရင်တော့ ဒါ- ဘာခေါ်မလဲ၊ သမိုင်းမှာ ဦးတို့ တရားခံအဖြစ်မခံနိုင်ဘူး။ အဲဒီတော့ အတည်ပြုချင် ပြုနိုင်လိမ့်မယ်လေ။ သူများ majority weight နဲ့တော့ အတည်ပြုသွားလိမ့်မယ်။ ဒါပေမယ့် အတည်ပြုသွားတဲ့အထဲမှာ ဦးတို့မပါဘူးဆိုတာ ကိုတော့ ဦးတို့က ရပ်ရမှာပေါ့။ ဒီသဘော ရှိတာပေါ့နော်။

အဲဒီတော့ တာဝန်ကျေတယ်၊ မကျေဘူးဆိုတာကတော့ ကိုယ့်ဖာသာကိုယ် evaluation လုပ်ဖို့ဆိုပြီး ခက်တယ်လေ။ အဲဒီတော့ ကိုယ့်ကိုကိုယ် အကဲဖြတ်ဖို့ကတော့ ပြည်သူရဲ့တာဝန်ပဲ။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်ကတော့ တာဝန်ကျေပွန်တဲ့ လွှတ်တော်ကိုယ်စားလှယ် တဦးဆိုတာ ပြည်သူလူထုကို ကိုယ်စားပြုပြီး လူထုအတွက် စဉ်းစားချက်တွေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်ရဲရမယ် ဆိုတာကို အခုလိုပြောဆိုခဲ့ပါတယ်။

“တကယ်တော့ တာဝန်ကျေတဲ့ ပြည်သူ့ကိုယ်စားလှယ် တယောက်လောက် ဂုဏ်ရှိတဲ့ ပုဂ္ဂိုလ်ဆိုတာဟာ ဒီမိုကရေစီ စနစ်မှာ မရှိနိုင်ပါဘူး။ တာဝန်ကျေတဲ့ ပြည်သူ့ ကိုယ်စားလှယ်ဟာ ပြည်သူလူထုကို အကျိုးပြုတယ်၊ ပြည်သူလူထုကို ကိုယ်စားပြုတယ်၊ ပြည်သူလူထုအတွက် တချိန်လုံး စဉ်းစားပေးရပါတယ်။ ကိုယ့်ရဲ့ပါတီအပေါ်မှာ ရှိတဲ့ တာဝန်၊ ကိုယ့်ရဲ့ပြည်သူအပေါ်မှာရှိတဲ့ တာဝန်၊ ကိုယ့်ရဲ့နိုင်ငံအပေါ်မှာရှိတဲ့ တာဝန် တာဝန်အမျိုးစုံကို ချင့်ချိန်ပြီး မှန်မှန်ကန်ကန်သုံးသပ်ပြီး လေးလေးနက်နက် လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတွေကို လုပ်ဖို့ ဆုံးဖြတ်ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တိုင်းဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာအတွက်တင်မဟုတ် ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက်ပါ စဉ်းစားဖို့ လိုပါတယ်။ လွှတ်တော်ထဲမှာ ကိုယ်ပြောလိုက်တဲ့စကား၊ ပြောပုံပြောနည်း၊ ကိုယ့်ရဲ့ ရည်ရွယ်ချက် ဒါတွေဟာ ကိုယ်တဦးတည်းအပေါ်မှာ ရောင်ပြန်ဟပ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ပါတီတခု အပေါ်မှာလည်း ရောင်ပြန်ဟပ်တာမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ အပေါ်မှာပါ ရောင်ပြန်ဟပ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန် ဟာ အင်မတန်မှ ကြီးလေးပါတယ်။ တကယ့်ကို အများပြည်သူကနေ လေးစားခင်မင်တဲ့၊ တန်ဖိုးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ကျမတို့ရဲ့ အခုခေတ်တင်မဟုတ်ဘူး နောင် ခေတ်မှာ လာမယ့် ကိုယ်စားလှယ်တွေအားလုံးအတွက် စံနာမူနာဖြစ်သွားနိုင် ပါတယ်။ ဒီလို စံနမူနာဖြစ် သွားပြီ ဆိုရင် ကျမတို့ရဲ့ ဒီမိုကရေစီစနစ် အခြေခိုင် သွားအောင်လို့ လုပ်ပေးရာရောက်ပါတယ်။”

ဆိုတော့ - လူထုက တခဲနက်ဆန္ဒမဲပေးခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်တဲ့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာရော လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ပြည်သူလူထုရဲ့ ဆန္ဒသဘောထား အကျိုးစီးပွားနဲ့ ဥပဒေပြုမှုတွေကို ဆောင်ရွက်နိုင်ခွင့်ရှိခဲ့ပါရဲ့လားဆိုတဲ့အပေါ်မှာတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းတဦးဖြစ်ခဲ့သူ ဦးရဲထွန်းက အခုလိုသုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ဥစ္စာက ယေဘုယျ အမှန်တရားပဲလေ။ ယေဘုယျ အမှန် တရားပဲ ဆိုတော့ ဘယ်အချိန်ပဲပြောပြော သူပြောတဲ့ဟာက မှန်နေမှာပဲ။ ကျနော် နားထောင်ကြည့်တော့ -ရာနှုန်းပြည့် အားရ ကျေနပ်လောက်စရာ ရှိတယ်လို့တော့ ပြောလို့ မရဘူးပေါ့လေ။ အဲဒါကတော့ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ ကျနော်တို့နိုင်ငံ ကိုယ်နှိုက်က ဒီလို ပါတီစုံ ဒီမိုကရေစီ၊ လွှတ်တော်တွင်း ဒီမိုကရေစီတွေ ဘာတွေနဲ့ ဝေးကွာနေတာ ဖြစ်တဲ့အခါကျတော့ ပထမအကြိမ်မှာကတည်းကိုက တော်တော်များများ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လုပ်ရင်းသင်၊ သင်ရင်းနဲ့ လုပ်ကြရတာကိုး။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင်း အတိုက်အခံ ပါတီတွေဆိုတာ တကယ်တော့ တိုက်ခိုက်ဖို့မဟုတ်ဘဲ တဦးနဲ့ တဦးနဲ့ အရည်အချင်း မြင့်မားအောင်လုပ်ပေးဖို့နဲ့ ကိုယ်နဲ့မတူတဲ့ အမြင်သဘောထားတွေကို ချင့်ချိန်သုံးသပ်ရင်းနဲ့ ကိုယ့်အမြင်ကမမှန်ဘူးဆိုရင် ပြောင်းရဲတဲ့သတ္တိရှိရမှာဖြစ်သလိုကိုယ့်အမြင်က မှန်တယ်ဆိုရင်လည်း ရပ်တည်ရဲတဲ့ သတ္တိရှိကြပါလို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG