သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒဏ်ခတ်မှုရုပ်သိမ်းရေး ဒေါ်အောင်ဆန်းစုကြည် အပေါ်မူတည်


 ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ တုန်းက အမေရိကန်လွှတ်တော်မှာ ဆုယူနေစဉ်
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ တုန်းက အမေရိကန်လွှတ်တော်မှာ ဆုယူနေစဉ်

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်လွှတ်တော်ဘက်က ဘယ်အဆင့်ထိရုပ်သိမ်းမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆုံးအဖြတ်ပေါ်မှာသာ မူတည်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပညာရှင် တဦးက ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်သတင်းပတ်အတွင်း စတင်မယ့် အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေလျော့ချရေးကိစ္စကို သမ္မတအိုဘားမား အစိုးရနဲ့သာမက အမေရိကန်လွှတ်တော်နှစ်ရပ်လုံးရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ရှိနေတာပါ။မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဆယ်စုနှစ်မက တညီတညွတ်တည်း ထောက်ခံခဲ့တဲ့ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုရုပ်သိမ်းရေးကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆုံးအဖြတ်ကိုပဲ ဦးစားပေးမှာဖြစ်တယ်လို့ သူ့အနေနဲ့ သုံးသပ်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ဝါရှင်တန်အခြေစိုက် အမေရိကန်ပါမောက္ခ ဒေးဗစ်စတိုင်ဘတ်က ပြောပါတယ်။

“အမေရိကန် လွှတ်တော်တခုလုံးက သူ့ကို အခိုင်အမာထောက်ခံထားပါတယ်။ တကယ်လို့ ဒဏ်ခတ်ပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က လိုလားတယ်ဆိုရင် သူ့အတွက် အလွယ်ဆုံးနည်းကတော့ ဒဏ်ခတ်ပိတ်ဆို့မှုဟာ ကျမတို့ အတွက် မလိုအပ်တော့ဘူးလို့ လွှတ်တော်ကို ပြောလိုက်ရုံပါပဲ။ တကယ်လို့ သူကသာ အဲဒီလို လုပ်မယ်ဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှု အတော်များများကို လွှတ်တော်ဘက်ကလည်း ပယ်ဖျက်ပေးပါလိမ့်မယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အဲဒီလို ပြောမှာလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောထားတာကတော့ ဒဏ်ခတ်ပိတ်ဆို့မှုကို သူလိုလားတယ် ဘာကြောင့်လဲဆိုတော့ စစ်တပ် အနေနဲ့ သူကိုဆက်ပြီးထောက်ခံတယ်ဆိုတာ သေချာမှုရှိအောင်လို့ ဖြစ်တယ်လို့ ပြောထားပြီးသာ ဖြစ်ပါတယ်။”

သေချာတာကတော့ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝထောက်ခံတယ်ဆိုတာပဲဖြစ်တယ်လို့ ပါမောက္ခ စတိုင်းဘတ်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ သမ္မတ အိုဘားမား အစိုးရ အနေနဲ့ အမေရိကန်လွှတ်တော်နဲ့ ညှိုနှိုင်း ဆောင်ရွက်နေကြောင်း သမ္မတအကြံပေးလည်းဖြစ်၊ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေးအရာရှိ Ben Rhodes ကလည်း ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့လည်း တွေ့ဆုံဖို့ရှိတယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် အခုချိန်ထိ အတည်ပြုလို့မရသေးပါဘူး။

အမေရိကန်နဲ့ မြန်မာ စစ်ရေးဆက်ဆံရေးနဲ့ပတ်သက်လို့ ပါမောက္ခစတိုင်ဘတ်ရဲ့ အမြင်ကတော့

“နှစ်နိုင်ငံ စစ်ရေးဆက်ဆံရေးမှာတော့ လူကိုသေစေနိုင်တဲ့ ကိစ္စတွေမဟုတ်ပဲ သင်တန်းပေးတာ၊ ပညာတော်သင်တွေလက်ခံတာ စတဲ့ အဆင့်မျိုးရှိလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။ အမေရိကန်စစ်တပ်ဟာ အဲဒီဘက်မှာ သိပ်ကောင်းပါတယ်။ အဲဒီလောက်တော့ ကျနော်တို့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ဒီအဆင့်မျိုးကို စိုးရိမ်ဖို့ မသင့်ဘူးလို့ မြင်ကြောင်း စတိုင်ဘတ်ကပြောပါတယ်။

စက်တင်ဘာလ (၁၄)ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတအိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံပြီးနောက် အမေရိကန် လွှတ်တော်ခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံဖို့ရှိသလို စက်တင်ဘာလ (၁၅)ရက်နေ့ ညနေပိုင်းမှာကျင်းပမယ့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ ညစာ စားပွဲကို တက်ရောက် မှာ ဖြစ်ပါတယ်။ အဲဒီနောက် နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပမယ့် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ (၂၁) နေ့မှာ တက်ရောက်မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG