သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ပအို့ဝ်ခရီးစဉ်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်ခရီးစဉ် (ဓာတ်ပုံ Taunggyi NLD)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်ခရီးစဉ် (ဓာတ်ပုံ Taunggyi NLD)

ပြည်မနဲ့ တိုင်းရင်းဒေသတွေကြား တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရနိုင်ဖို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ထောင်သွားနိုင်ဖို့ က တိုင်းပြည်အတွက် အင်မတန်မှ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ပထမဆုံးအကြိမ် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခရီးစဉ်မှာ ဒေသခံ တိုင်းရင်းသားတွေကို ပြောဆိုလိုက်ပါတယ်။ နိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေ ဖော်နိုင်ရေး လွှတ်တော်တွင် ဒီမိုကရေစီ အင်အားစုတွေ အင်အားကြီးမားနိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းဒေသတွေမှာပါ လာရောက် ယှဉ်ပြိုင်ရတာဖြစ်တယ် ဆိုတာကိုလည်း ဒေသခံတွေကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒီကနေ့ စတင်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပထမဆုံးအကြိမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရီးစဉ် အကြောင်း မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၅) ရက်နေ့ စနေနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ ပထမဆုံးအကြိမ် ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရီးစဉ်ကို စတင်လိုက်ပါတယ်။ ရှမ်းပြည်နယ် ဟဲဟိုးကနေတဆင့် ရှမ်းပြည်နယ် ဆီဆိုင်မြို့ကို သွားရောက်ပြီး ဆီဆိုင်မြို့မှာ ဒေသခံပြည်သူလူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။

ပြည်မနဲ့ တိုင်းရင်းဒေသတွေကြား အခွင့်အရေးတန်းတူညီမျှဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရက်ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ဖို့ တိုင်းရင်းသားအားလုံးက ဝိုင်းဝန်းကြိုးပမ်းကြရမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံတိုင်းရင်းသားတွေကို ပြောဆိုလိုက်ပါတယ်။

“ကျမတို့ဟာ ၁၉၈၈ ခုနှစ်ကတည်းက စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတခု ဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ဒီ ၂၇ နှစ်အတွင်းမှာ ကျမတို့ တခါမှ မယိမ်းယိုင်ခဲ့ပါဘူး။ ဒီမိုကရေစီအပေါ်မှာ ကျမတို့ လုံးဝ သစ္စာမဖောက်ခဲ့ပါဘူး။ ပြည်ထောင်စုမူအပေါ်မှာလည်း ကျမတို့ လုံးဝ သစ္စာမဖောက်ခဲ့ပါဘူး။ တကြိမ်တခါမှာဆိုလို့ရှိရင် ပြည်ထောင်စုဆိုတဲ့၊ ဖက်ဒရယ်ဆိုတဲ့စကားကို သုံးလို့ရှိရင် ရာဇဝတ်မှု-လို့တောင်မှပဲ တချို့က စွပ်စွဲချင်တယ်။ ဒါပေမယ့် ကျမတို့အနေနဲ့ တစိုက်မတ်မတ် တိုင်းရင်းသားများလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ကျမတို့ ရပ်တည်ခဲ့တယ်။ ဖက်ဒရယ်ဆိုတာဟာ …မဟုတ်ဘူး၊ ဖက်ဒရယ်ဆိုတာဟာ ကျမတို့ ပြည်မနဲ့ ပြည်နယ်တွေ၊ တိုင်းတွေကြားမှာ မျှတတဲ့အာဏာခွဲယူခြင်း၊ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံ့အကျိုးအတွက် ပြည်ထောင်စုစိတ်နဲ့ ဘာလုပ်ခဲ့သလဲဆိုတာကို ပြန်ပြီးတော့ ကြည့်ပါ။ အဲသလိုကြည့်ပြီးမှ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။”

အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ၂၀၁၅ မှာ ဘာကြောင့် တတိုင်းပြည်လုံးအတိုင်းအတာနဲ့ တောင်တန်းပြည်မ တိုင်းရင်း ဒေသတွေပါမချန် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရပါသလဲဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကို ရှင်းပြပါတယ်။

“ဒီလိုပါ။ ကျမတို့ တနိုင်ငံလုံးမှာပေါ့နော်။ အကြမ်းဖျင်းအားဖြင့် ၇၀၊ ၇၅ လောက်ဆိုရင်တော့ စိတ်ချရတယ်ပေါ့။ ဒီတိုင်းရင်းသားဒေသတွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လာပြီးတော့ ယှဉ်ပြိုင်ရတာလည်း အဲဒါကြောင့်ဖြစ်တယ်။ အားလုံးပေါင်းပြီး ကျမတို့ ၇၀ % လောက်တော့ လိုတယ်။ ”

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခုလို သွားရောက်တာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို တည်ဆောက်ဖို့ ရှိတဲ့ရည်မှန်းချက်နဲ့ အဖွဲ့ချုပ်ရဲ့ တိုင်းရင်းသားတွေအပေါ်မှာ ထားတဲ့ သဘောထားကို ပြသတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဓိကအားဖြင့်တော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါပဲ။ NLD အနေနဲ့က - တချို့က တိုင်းရင်းသားတွေနဲ့ မပေါင်းဘူး - ဘာ ညာပြောတာပေါ့။ကျနော်တို့ NLD ထဲမှာ တိုင်းရင်းသားတွေ အများကြီးပဲ။ ကျနော်တို့ ပြည်ထောင်စုအတွက်လုပ်တာ၊ အားလုံးအတွက်လုပ်တာ။ ပြည်ထောင်စု တည်ဆောက်ရေးက မဖြစ်မနေ မြန်မာ့နိုင်ငံရေးမှာ လုပ်ကိုလုပ်ရမှာ။ ဘယ်လိုတည်ဆောက်မလဲ၊ ဘယ်လိုဖွဲ့စည်းမလဲပြောတာ။ တိုင်းရင်းသားတွေနဲ့ အပြေအလည်ညှိနှိုင်းပြီးမှ လုပ်ရမယ့်ကိစ္စ၊ NLD က ကိုယ်လုပ်ချင်တာ သက်သက်ကြီးပြောနေရင် တဘက်သတ်ပြောသလို ဖြစ်တယ်၊ နော်။ တိုင်းရင်းသားတွေနဲ့ စုစုစည်းစည်း တိုင်ပင်ဆွေးနွေးပြီး လုပ်ရမှာပါ။ ဒါမှ ရေရှည်တည်တံ့မှာ။ ဒီဟာတွေကို ဆွေးနွေးပြောကြားဖို့ အဓိကဖြစ်လိမ့်မယ် ထင်ပါတယ်။”

ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာရာ လမ်းတလျောက် ဒေသခံပြည်သူလူထုတွေဖြစ်တဲ့ ရှမ်း၊ ပအို့ဝ်စတဲ့ တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဝတ်စုံပြည့် ဝတ်ဆင်ပြီး ရိုးရာတေးဂီတ၊ အကတွေနဲ့ ဖျော်ဖြေပြီး သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတယ်လို့ ဒီကနေ့ ဆီဆိုင်မြင်ကွင်းကို ရှမ်းပြည်နယ်ဒေသခံတဦးလည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးမျိုးက အခုလို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်ခရီးစဉ် (ဓာတ်ပုံ Taunggyi NLD)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်ခရီးစဉ် (ဓာတ်ပုံ Taunggyi NLD)

“ပအို့ဝ်တင်မကပါဘူး။ ကယားရော၊ ရှမ်းလူမျိုးရောပေါ့။ တော်တော်များများ တိုင်းရင်းသားဝတ်စုံတွေနဲ့ ကြိုကြပါတယ်။ ကြိုတဲ့လူကတော့ အားလုံး (၃) သောင်းအထက်မှာပဲ ရှိပါတယ်။ မသွားဖူးတဲ့ ဒေသဖြစ်ပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ပေါ်တော့ အကုန်လုံးလက်ခံကြပါတယ်။ လက်ခံလို့လည်း ကြိုဆိုပွဲတို့၊ ဘာတို့ ညာတို့ စည်စည်ကားကားသိုက်သိုက်ဝန်းဝန်းနဲ့ ဖြစ်လာတာပါ။ လက်မခံဘူးဆိုရင်လည်း ဒီလိုဖြစ်လာမှာမဟုတ်ဘူး။ ပြီးခဲ့တဲ့တခေါက်တုန်းက နည်းနည်း တားမြစ်တာတွေတော့ ရှိပါတယ်။ လူထုခေါင်းဆောင်တစ်ယောက်ကို လက်ခံမှုအား တော်တော်လေး အားကောင်းလာပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို သွားဖို့စီစဉ်ခဲ့တာ ပထမ ပျက်သွားပြီးတဲ့နောက် အခုတကြိမ်မှာတော့ သူ့ရဲ့ ပထမဆုံးအကြိမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျောက်တိုင်ကွင်းမှာ လူထုနဲ့တွေ့ဆုံမှာဖြစ်ပြီး ဝမ်ဟွေ့ရွာ UNODC စိုက်ကွင်းနဲ့ လုပ်ငန်းတွေကို လေ့လာဖို့ရှိပြီး နောက် တောင်ကြီးမြို့မှာ ရှမ်းပြည်နယ် တောင်ပိုင်း တခုလုံးက ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် NLD လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ အပြန်လမ်းတလျှောက် တောင်ကြီး၊ ရွှေညောင်လူထုကိုလည်း တွေ့ဆုံပြီးနောက်မှာတော့ တနင်္ဂနွေညနေမှာပဲ ရန်ကုန်ကို ပြန်လည်ထွက်ခွာမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သိရှိရ ပါတယ်။

XS
SM
MD
LG