သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျဝန်ကြီးချုပ် ရခိုင်အရေး ဒေါ်စုနှင့် ဆွေးနွေးမည်


၂၀၁၆ ခုနှစ်တုန်းက Laos ASEAN ထိပ်သီးစည်းဝေးပွဲတွင် Australia ဝန်ကြီးချုပ်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ်
၂၀၁၆ ခုနှစ်တုန်းက Laos ASEAN ထိပ်သီးစည်းဝေးပွဲတွင် Australia ဝန်ကြီးချုပ်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ်

ဒီကနေ့စတင်တဲ့ အရှေ့တောင်အာရှ ASEAN အဖွဲ့နဲ့ သြစတြေးလျ နိုင်ငံကြား ထိပ်သီးစည်းဝေးပွဲကို လာကြတဲ့ မြန်မာအပါအဝင် အာဆီယံခေါင်းဆောင်တချို့မှာ လူ့အခွင့်အရေးဆိုင်ရာ ဝေဖန်စရာအခြေအနေတွေရှိနေတဲ့အတွက် ဆန္ဒပြကန့်ကွက်မှုတွေရှိနေပါတယ်။

ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ အထူးထိပ်သီးစည်းဝေးပွဲမှာ ဆွေးနွေးမယ်လို့ Australia ဝန်ကြီးချုပ်က အာမ မခံပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံတဲ့အခါ ဆွေးနွေးမယ်လို့ပြောကြားထားပါတယ်။ Australia နဲ့ ASEAN ကြား ပထမဆုံးပြုလုပ်တဲ့ ထိပ်သီးစည်းဝေးပွဲမှာ လူ့အခွင့်အရေးကိစ္စက မီးမောင်းထိုးပြစရာဖြစ်နေတဲ့အကြောင်း မစုမြတ်မွန်က ဆက်ပြောပြပါလိမ့်မယ်။

Australia နိုင်ငံဟာ ASEAN အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမဲ့ ပထမဆုံး Australia ASEAN အထူးထိပ်သီးစည်းဝေးပွဲကို အိမ်ရှင်အဖြစ်ကျင်းပနေတာဖြစ်ပါတယ်။ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိတဲ့အနေနဲ့ရော အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံရေး။ ကုန်သွယ်ရေးမှာ ပိုပြီးနီးကပ်တဲ့ ဆက်ဆံရေးရနိုင်ဖို့အတွက်ပါ ခုလို ပထမဆုံး Australia ASEAN အထူးထိပ်သီးစည်းဝေးပွဲကို ပြုလုပ်တာဖြစ်ပါတယ်။ Sydney မြို့မှာ စနေ၊ တနင်္ဂနွေ ၂ရက်ကျင်းပမယ့် ထိပ်သီးစည်းဝေးပွဲကို တက်ရောက်ကြတဲ့ အာဆီယံခေါင်းဆောင်တချို့မှာ လူ့အခွင့်အရေးနဲ့ပါတ်သက်လို့ ဝေဖန်စရာတွေရှိနေချိန်မှာ ဝန်ကြီးချုပ် Malcolm Turnbull က Australia နိုင်ငံကို ဖိတ်ကြားတဲ့အတွက် ကန့်ကွက်ဝေဖန်မှုတွေလည်းရှိနေပါတယ်။

ကုန်သွယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးတို့ကို အာရုံစိုက်တဲ့ တချိန်ထဲမှာ လူ့အခွင့်အရေးကိုလည်း ဦးစားပေးဖို့ တိုက်တွန်းနေကြတာပါ။ ဖိလစ်ပိုင်မှာ သမ္မတ Rodrigo Duterte ရဲ့မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နှင်းတဲ့ စီမံကိန်းအတွင်း လူပေါင်းရာနဲ့ချီ ဥပဒေမဲ့ သတ်ဖြတ်ခံရတဲ့ကိစ္စ။ ကမ္ဘောဒီယားနိုင်ငံမှာ July လကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင် ဝန်ကြီးချုပ် Hun Sen က နိုင်ငံရေးအတိုက်အခံတွေ အစိုးရဆန့်ကျင်သူတွေကို နှိမ်နှင်းဖမ်းဆီးနေသလို သတင်းမီဒီယာတွေကို ဖိနှိပ်နေတဲ့ကိစ္စ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ရိုဟင်ဂျာ ၇ သိန်းလောက်ထွက်သွားတဲ့ကိစ္စတွေက လူ့အခွင့်အရေး လှုပ်ရှားသူတွေအတွက် ထောက်ပြစရာဖြစ်နေပါတယ်။ အဲဒီလိုခေါင်းဆောင်တွေကို လက်ခံတဲ့အတွက် Australia နိုင်ငံက သူတို့လုပ်ရပ်တွေကို ထောက်ခံရာ မရောက်ဘူးလားလို့ သတင်းထောက်တွေကလည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။ Australia ဝန်ကြီးချုပ် Malcolm Turnbull ကတော့ ဒေသတွင်းနိုင်ငံတွေနဲ့ Australia နိုင်ငံဆက်ဆံရေးဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတဲ့ ဆက်ဆံရေးမျိုးဖြစ်တယ်လို့ သောကြာနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

"အာဆီယံကို Australia ကလေးစားမှုနဲ့ ချဉ်းကပ်ဆက်ဆံတယ်ဆိုတာကို ပြောချင်ပါတယ်။ ကျွန်တော်တို့ဒေသထဲမှာ ASEAN ရဲ့အရေးပါမှုကို အလေးထားပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအားလုံးသဘောတူညီမှ ဆုံးဖြတ်တဲ့ ASEAN ရဲ့ပုံစံကို လေးစားပါတယ်။ အခုအထူးထိပ်သီးစည်းဝေးပွဲအတွင်းမှာ စီးပွားရေး၊ မဟာဗြူဟာ၊ လူ့အခွင့်အရေးစတဲ့ အကြောင်းအရာမျိုးစုံကို ဆွေးနွေးသွားမှာပါ။ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကျွန်တော်တွေ့ဆုံတဲ့အခါ ဆွေးနွေးမှာ ဖြစ်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံတဲ့အခါ ဆွေးနွေးမယ်လို့ Australia ဝန်ကြီးချုပ်ကပြောပေမဲ့။ ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်လို့ Australia ASEAN အထူးထိပ်သီးစည်းဝေးပွဲအတွင်း ထည့်သွင်းဆွေးနွေးမယ်လို့ အာမ မခံပါဘူး။ ဒါပေမဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေအရေးကို Sydney မှာတင်ပြဆွေးနွေးမယ်လို့ Australia သတင်းမီဒီယာတခုနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့်က ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တဲ့ အင်ဒိုနီးရှားသမ္မတက ရိုဟင်ဂျာဒုက္ခသည်ပြဿနာကို မြန်မာအပါအဝင် ASEAN ခေါင်းဆောင်တွေ။ Australia ခေါင်းဆောင်တွေနဲ့ ဝိုင်းဝန်းဖြေရှင်းနိုင်ဖို့အတွက် သူ့ဖက်က အစပြုဆွေးနွေးမယ်လို့ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဒုက္ခသည် ၇ သိန်းနီးပါးထွက်ပြေးရလောက်အောင် မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေက ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲမှုတွေရှိနေပါတယ်။ စစ်တပ်ရဲ့လုပ်ရပ်ကို ပြတ်ပြတ်သားသား ပြစ်တင် ရှုံချခြင်းမရှိတဲ့အတွက်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝိုင်းပြီးအပြစ်တင်နေကြတာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Malcolm Turnbull က နိုင်ငံခြားရေးဝန်ကြီး Julie Bishop တို့အနေနဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွန်းတွန်းတိုက်တိုက်ပြောဖို့ အခွင့်ကောင်းပဲလို့လည်း လူ့အခွင့်အရေးဖွဲ့တွေက ပြောနေပါတယ်။ လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားမှုတွေရပ်ပါလို့ အဓိပ္ပါယ်ရတဲ့ “Myanmar Stop Ethnic Cleansing” ဆိုတဲ့ ဆိုင်းပုဒ်ကို ချိတ်ဆွဲပြီး Sydney မြို့လယ်က အထင်ကရ Sydney Opera House ကဇာတ်ရုံရှေ့ ရေပြင်မှာ Amnesty International အဖွဲ့ဝင်တချို့က သောကြာနေ့က သင်္ဘောနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

"Australia က မြန်မာစစ်တပ်ကို ဆက်ပြီးထောက်ခံနေတာက ကမ္ဘာ့အလယ်မှာ စည်းကျော်နေတာဖြစ်ပါတယ်။ Amnesty International ရဲ့ လေ့လာချက်တွေအရ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ပြစ်မှတ်ထားပြီး စနစ်တကျ လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားတဲ့လုပ်ရပ်တွေ လုပ်နေတယ်ဆိုတာ သိရပါတယ်။ မြန်မာနဲ့ စစ်ရေးအရဆက်ဆံမှုကို ဖြတ်တောက်ပြီး Australia အစိုးရ Malcolm Turnbull တို့ရဲ့ ဦးဆောင်မှုကို ပြသဖို့လိုပါတယ်။"

မြန်မာစစ်တပ်ကို သင်တန်းပေးဖို့နဲ့ တပ်ဖွဲ့ဝင်တွေကို အင်္ဂလိပ်စာသင်ကြားပေးဖို့ Australia ကာကွယ်ရေး ဌာနက ၂၀၁၇ ခုနှစ် ၂၀၁၈ ခုနှစ်အတွင်း Australian ဒေါ်လာ ၄ သိန်းလောက် သုံးစွဲလိမ့်မယ်လို့ ABC သတင်း မှာ ဖော်ပြထားပါတယ်။ Australia နဲ့ ASEAN ခေါင်းဆောင်တွေကြား Sydney မြို့မှာ မတ်လ ၁၇ ရက်နဲ့ ၁၈ ရက် ၂ ရက်ကျင်းပမဲ့ အထူးထိပ်သီးစည်းဝေးပွဲဟာ ၂ ဖက်ဆက်ဆံရေး ခေတ်သစ်ကို စတင်လိုက်တာဖြစ်တယ်လို့ Australia အစိုးရက ပြောကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ Vietnam ဝန်ကြီးချုပ်တို့ကတော့ အထူးထိပ်သီးစည်းဝေးပွဲအပြင် Australia အစိုးရနဲ့ ၂ ဖက် သီးသန့်ဆွေးနွေးဖို့ အထူးဧည့်သည်တွေအနေနဲ့ ဖိတ်ကြားခံရတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ထဲကစလို့ ASEAN အဖွဲ့ကြီးအတွင်း Australia နိုင်ငံရဲ့ ညှိုနှိုင်းရေးမှူးအဖြစ် မြန်မာကဆောင်ရွက်ပေးခဲ့တဲ့အပေါ် ကျေးဇူးတင် အသိအမှတ်ပြုဖို့ဖြစ်တယ်လို့ ဝန်ကြီးချုပ် Turnbull ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ လောလောဆယ် Sydney မြို့မှာရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၁၉ ရက် တနင်္လာနေ့ကျရင် Canberra မြို့မှာ မြန်မာသံရုံးရဲ့ စီစဉ်မှုနဲ့ Australia ရောက်မြန်မာမိသားစုတွေနဲ့ တေ့ွဆုံမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG