သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကုန်ကြေးကျများတဲ့ သြစတေးလျ ရွေးကောက်ပွဲ မေ ၁၈ရက် ကျင်းပမည်


သြစတေးလျနိုင်ငံမှာ လာမယ့် စနေနေ့ မေလ ၁၈ ရက်နေ့ မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ကျဆင်းရိပ်ပြနေတဲ့ စီးပွါးရေးကြောင့် ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးမှုတွေမှာ စီးပွါးရေး စီမံခန့်ခွဲမှု တွေနဲ့ ပတ်သက်ပြီး အဓိကထား မဲဆွယ်ခဲ့ကြတာကို တွေ့ရပါတယ်။ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မဲဆန္ဒရှင်တွေကြား အဓိက စိုးရိမ်ပူပန်နေ ကြ တဲ့အချက်တွေထဲ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ Sydney မြို့ကနေ VOA သတင်းထောက် Phil Mercer သတင်းပေးပို့ထားတာကို မမြသဇင်အောင် ကပြောပြပေးပါမယ်။

သြစတေးလျ မဲဆွယ်စည်းရုံးပွဲတွေမှာ အရင်ကနဲ့ မတူ ငွေကို ရေလိုသုံးပြီး မဲဆွယ်လာကြတာကို တွေ့ရပါတယ်။ ငွေကြေးချမ်းသာတဲ့ လူတွေရဲ့အထောက်အပံ့ခံ ပါတီငယ်တွေ ဟာလည်း အဓိက ပါတီကြီးတွေဖြစ်တဲ့ ဗဟိုလက်ယာယိမ်း Liberal-National ညွန့်ပေါင်း ပါတီနဲ့အတိုက်အခံ Labor ပါတီတို့နဲ့ ပါဝင်ယှဉ်ပြိုင်လာကြတာကိုလည်း တွေ့ရပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး Sydney တက္ကသိုလ်ကStewart Jackson က သူ့အမြင်ကို အခုလို ပြောပါတယ်။

“ ရွေးကောက်ပွဲ အတွက် နိုင်ငံရေး ပါတီတွေက အပြိုင်အဆိုင် ငွေလမ်းခင်း မဲဆွယ်နေကြတာဗျ။ TV မှာရော Facebook မှာရော၊ Instagram နဲ့ Twitter ရော ရှိရှိသမျှ ဆိုရှယ်မီဒီယာ အကုန်သုံးပြီး ကြော်ငြာကြတာ။”

Liberal Party ပါတီ ကိုဦးဆောင်သူ လက်ရှိဝန်ကြီးချုပ် Scott Morrison ကတော့ ရိုးရှင်းတဲ့ အယူအဆကို အခြေခံထားတဲ့ သူ့ရဲ့ စီးပွါးရေး စီမံခန့်ခွဲမှုတွေ အပေါ် ယုံကြည်ကြဖို့ မဲဆန္ဒရှင်တွေကို အခုလို စည်းရုံးပါတယ်။

“ ပညာသင်မယ်။ အလုပ်ကို ကြိုးကြိုးစားစားလုပ်မယ်။ စီးပွါးရေး လုပ်ငန်းတခုခုလုပ်မယ်။ ကိုယ့်တာဝန် ကိုယ်ယူမယ်။ အများ အကျိုးဆောင်မယ်။ ကျွန်တော်တို့ သြစတေးလျ လူမျိုးတွေက ဘဝကို ရိုးရိုး ရှင်းရှင်းပဲတွေးတာဗျ။”

အတိုက်အခံ ပါတီ ခေါင်းဆောင် Bill Shorten ကတော့ အခွန် နဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှု တွေကို လုပ်ပေးမယ်လို့ ဆိုပါတယ်။

“ နိုင်ငံတကာ ကုမ္မဏီတွေက မျှမျှတတ အခွန်ပေးဆောင်တာကို လိုချင်တယ်လို့ ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ။ ဒီ ကုမ္မဏီတွေက ကျွန်တော်တို့ နိုင်ငံ အခွန်စနစ်ကို လုံး၀ အလေးမထားကြဘူး။ ဒါတွေ ကို ရပ်ပစ်နိုင်တဲ့ အစီအစဉ်သစ် တခု ကျွန်တော်မနေ့က ကြေညာထားပါတယ်။ ”

သြစတေးလျ မဲဆန္ဒရှင် အတော်များများကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး အဓိက စိုးရိမ်ပူပန်နေကြတာကို တွေ့ရပါတယ်။ Queensland ပြည်နယ်မှာ အိန္ဒိယ ကုမ္မဏီ Adani က အဆိုပြုထားတဲ့ Carmichael ကျောက်မီးသွေး သတ္တုတွင်း လုပ်ငန်း က သဘာ၀၀န်းကျင် ချစ်မြတ်နိုးသူတွေကြား ဝေဖန်စရာ ဖြစ်နေတာပါ။ တကယ်လို့ အကောင်အထည် ဖော်ဖြစ်ရင် ဒီ သတ္တုတွင်းက ကမ္ဘာမှာ အကြီးဆုံး ကျောက်မီးသွေး သတ္တုတွင်း ဖြစ်လာမှာပါ။ သြစတေးလျ ရာသီဥတုဆိုင်ရာ ကောင်စီကတော့ ဒီကိစ္စကို ဂရုမစိုက်ရင် နောင် နှစ်ပေါင်း ၈၀ မှာ ကမ္ဘာကြီးပူနွေးလာမယ့် ပြဿနာကြောင့် သြစတေးလျ ပြည်တွင်းစီးပွါးရေးကို ဒေါ်လာ ၂.၅ ထရီလီယံထိ ထိခိုက်လာနိုင်တယ်လို့သတိပေးထားတာပါ။ တချို့ က ဒေသတွင်း သယံဇာတ စီမံကိန်းတွေ ရှိဖို့လိုတယ်လို့ ပြောသလို မဲဆန္ဒရှင်တဦးဖြစ်တဲ့ Rochelle Rodier ကတော့ ဒီစီမံကိန်းကို လုံး၀ ဆန့်ကျင်ကြောင်း ပြောပါတယ်။

“ Adani ကျောက်မီးသွေး လုပ်ငန်းကို လုံးဝလက်မခံနိုင်ပါဘူး။ Galilee ချိုင့်ဝှမ်း တခုလုံးထိခိုက်မှာလေ။ သြစတေးလျ တခုလုံး၊ တကမ္ဘာလုံး အကုန်ထိခိုက်ကုန်မှာပေါ့။”

အထွေထွေ ရွေးကောက်ပွဲမှာ သြစတေးလျ မဲဆန္ဒရှင် ၁၆ သန်း မဲပေးကြမှာ ဖြစ်ပါတယ်။ နိုင်ငံသား အများစုကတော့ နိုင်ငံရေးတည်ငြိမ်မှုကို လိုလားနေကြပြီး နိုင်ငံမှာ ဝန်ကြီးချုပ် သက်တမ်းပြည့် ဆောင်ရွက်ခွင့် မရတာ ၁၀ နှစ်ကျော် ရှိနေပြီဖြစ်တဲ့ အတွက် နိုင်ငံရေးပါတီ အချင်းချင်း တိုက်ခိုက်နေမှုတွေကို အဆုံးသတ်စေချင်နေကြပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG