သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာ အကြမ်းဖက်တိုက်ခိုက်မှု Australia ကူညီစုံစမ်းမည်


သီရိလင်္ကာလုံခြုံရေးရဲများ
သီရိလင်္ကာလုံခြုံရေးရဲများ

သီရိလကာၤနိုင်ငံမှာ ခရစ်ယာန်တွေရဲ့ ဘာသာရေး အထွဋ်အမြတ်နေ့ ဖြစ်တဲ့ အီစတာ တနင်္ဂနွေနေ့က ဗုံးဖောက်ခွဲ တိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးတဲ့ နေရာမှာ သြစတေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး အရာရှိတွေ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သြစတေးလျဘက်က အတည်ပြုပါတယ်။ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ဘက်ကတော့ တိုက်ခိုက်မှုက သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောဆိုပေမယ့် သက်သေ အထောက်အထားတော့ မပြပါဘူး။ သြစတေးလျ နိုင်ငံ ဆစ်ဒနီကနေ ဗွီအိုအေ သတင်းထောက် Phil Mercer သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

သီရိလကာၤနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခရစ်ယာန်တွေရဲ့ ဘာသာရေး အထွဋ်အမြတ်နေ့ ဖြစ်တဲ့ ခရစ်တော် ရှင်ပြန် ထမြောက်တော်မူရာနေ့ အီစတာ တနင်္ဂနွေနေ့မှာ ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေ တိုက်ခိုက်ခံခဲ့ရပြီး လူပေါင်း ၃၀၀ ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရပါတယ်။ အီစတာ တနင်္ဂနွေ ဘုရားကျောင်းတက် ဝတ်ပြုသူ ခရစ်ယာန် ဘာသာဝင်တွေ အများအပြား အပါအဝင် သေဆုံးဒဏ်ရာရသူတွေထဲမှာ သီရိလင်္ကာ နိုင်ငံသားတွေ အများစု ဖြစ်ပါတယ်။ သီရိလကာၤနိုင်ငံမှာ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာထားသလို လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရမှု အတွက် နိုင်ငံတဝန်း ကြေကွဲဝမ်းနည်းဖွယ်နေ့ အဖြစ်လည်း သီရိလကာၤ သမ္မတ Maithripala Sirisena က ကြေညာခဲ့ပါတယ်။

မနေ့ အင်္ဂါနေ့က အီစတာနေ့ တိုက်ခိုက်မှု အတွင်း သေဆုံးရသူတွေကို အောက်မေ့ အမှတ်ရတဲ့ အနေနဲ့ မြို့တော် ကိုလံဘိုက ပြည်သူတွေ ခဏတာ တိတ်ဆိတ်ငြိမ်သက်ခဲ့ကြတဲ့ အင်္ဂါနေ့ မနက်ခင်းမှာဘဲ အစ္စလာမ္မစ် အစွန်းရောက် IS အဖွ့ဲက တိုက်ခိုက်မှုက သူတို့ လက်ချက်ဆိုပြီး သူတို့ရဲ့ Amaq သတင်းအေဂျင်စီကနေ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အထောက်အထားတွေတော့ မပြပါဘူး။ သီရိလကာၤ ဝန်ကြီးချုပ် Ranil Wickremesinghe ကတော့ IS အဖွဲ့ရဲ့ ပြောဆိုချက်ကို စုံစမ်းရေးမှူးတွေ ဆန်းစစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

“လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ စုစည်းမှု အရ နိုင်ငံရပ်ခြားနဲ့ ဆက်စပ်မှု ရှိတယ်လို့ ကျနော်တို့ အနေနဲ့ ရှုမြင်ပါတယ်၊ နောက် ဒီလို ဆက်စပ်မှု ရှိတယ်ဆိုတာကို အထောက်အထား တချို့ကလည်း သက်သေထူနေပါတယ်။ ဒါကြောင့် IS အဖွဲ့ဘက်က အခုလို ပြောဆိုလာတာကို ဆန်းစစ်သွားမှာပါ။ IS နဲ့ ဆက်စပ်မှု ရှိတယ်လို့လည်း သံသယ ရှိထားပါတယ်။”

ပြီးခဲ့တဲ့ လတုန်းက နယူးဇီလန် နိုင်ငံ ChristChurch မြို့က မူဆလင် ဗလီ နှစ်ခု တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ အခုလို တိုက်ခိုက်ခဲ့ကြတာဆိုတဲ့ သီရိလကာၤ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံတင်ပြချက်ကိုလည်း စုံစမ်းရေးမှူးတွေက လေ့လာသုံးသပ်နေကြောင်း ဝန်ကြီးချုပ်က အင်္ဂါနေ့ နှောင်းပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ နိုင်ငံခြားသား ၃၁ ဦးကိုတော့ ဘယ်သူတွေ ဖြစ်လဲ ဆိုတာကို သီရိလကာၤ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော်ထားပြီး ဖြစ်ပြီး တဒါဇင်ကျော်ကတော့ ပျောက်ဆုံးနေပါတယ်။ သေဆုံးသူတွေထဲမှာ အမေရိကန်၊ ဗြိတိန်၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ ဒိန်းမတ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်ကြီးရဲ့ ကလေးသုံးဦးလည်း သေဆုံးခဲ့ရပါတယ်။ နောက် သြစတေးလျ က ၁၀ နှစ် အရွယ် သမီးဖြစ်သူနဲ့ မိခင်တို့လည်း သေဆုံးခဲ့ရပါတယ်။ သြစတေးလျ ဝန်ကြီးချုပ် Scott Morrison ကတော့ အခုလို ပြောပါတယ်။

“ ဝမ်းနည်းဖွယ်ရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး အတွင်း သြစတေးလျ နိုင်ငံသား နှစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူတို့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရသလို သြစတေးလျ ပြည်သူတွေ အားလုံးလည်း ထပ်တူကြေကွဲ ဝမ်းနည်းနေကြမှာ သေချာပါတယ်။”

သီရိလကာၤမှာ တိုက်ခိုက်ခဲ့သူတွေကို ရှာဖွေရေးမှာ ကူညီဖို့ အတွက် သြစတေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့ဝင်တွေကို စေလွှတ်သွားမယ်လို့လည်း သြစတေးလျ ဝန်ကြီးချုပ် Morrison က ပြောဆိုခဲ့ပါတယ်။ သြစတေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့ အနေနဲ့ကတော့ နိုင်ငံတကာ အကြမ်းဖက် ဝါဒစွဲ ကြမ်းကြုတ်ရက်စက်မှုတွေမှာ အတွေ့အကြုံရှိပါတယ်။ ၂၀၀၂ ခုနှစ် အောက်တိုဘာလ တုန်းက အင်ဒိုနီးရှား နိုင်ငံ အပန်းဖြေကျွန်း ဘာလီမှာ ဗုံးခွဲတိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးမှုတွေမှာ သြစတေးလျ ပြည်ထောင်စု ရဲတပ်ဖွဲ့က အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဘာလီ တိုက်ခိုက်မှု အတွင်း လူ ၂၀၀ ကျော် သေဆုံးခဲ့ရပြီး သြစတေးလျ နိုင်ငံသား ၈၈ ဦး ပါဝင်ခဲ့ပါတယ်။ သြစတေးလျ ဆိုင်ရာ သီရိလကာၤ ကောင်စစ်ဝန် Lal Wickrematunge ကတော့ သြစတေးလျရဲ့ ကျွမ်းကျင်မှုက အရေးပါ လိမ့်မယ်လို့ ပြောပါတယ်။

“သြစတေးလျ ဝန်ကြီးချုပ်ရဲ့ ထောက်ပံ့မှုကို ကြိုဆိုပါတယ်။ သြစတေးလျဟာ သီရိလကာၤရဲ့ ရင်းနှီးတဲ့ မဟာမိတ် အဖြစ် အစဉ် ရှိနေပါတယ်။ ဘယ်အတိုင်းအတာ ထောက်ပံ့ကူညီမယ်ဆိုတာတော့ မသိသေးပါဘူး။ အစ အဆုံး အပြည့်အစုံ ကမ်းလှမ်းမယ်လို့ ယုံကြည်ပါတယ်။ အခုလောလောဆယ်မှာတော့ သြစတေးလျ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ထောင်က သီရိလကာၤမှာ ရောက်ရှိနေပါတယ်။ သြစတေးလျနဲ့ သီရိလကာၤရဲ့ ဆက်ဆံရေးက သိပ်ပြီး ခိုင်မာပါတယ်။”

တိုက်ခိုက်မှုတွေ ဖြစ်ပြီး နာရီပိုင်း အကြာမှာ ရဲတပ်ဖွဲ့ရဲ့ စီးနင်းရှာဖွေမှုတွေ အတွင်း သံသယ ရှိသူ ၂၄ ယောက်ကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။ အစ္စလာမ္မစ် ဂျီဟဒ် အဖွဲ့ ဖြစ်တဲ့ NTJ - National Thowheed Jamath က တိုက်ခိုက်မှုကို ကြိုးကိုင်ဆောင်ရွက်တာလို့ ယူဆခံထားရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ လက်သည် အဖြစ်စွပ်စွဲထားတဲ့ အဖွဲနဲ့ ပတ်သက်ပြီး သီရိလကာၤ အာဏာပိုင်တွေကို အရင်က သတိပေးထားကြတယ်ဆိုတာလည်း ထွက်ပေါ်လာပါတယ်။ ဒီလ အစောပိုင်းမှာဘဲ ခြိမ်းခြောက်မှု တခု ရှိနေကြောင်း အမေရီကန်နဲ့ အိန္ဒိယ လုံခြုံရေး အဖွဲ့တွေက သီရိလကာၤကို သတိပေးထားတယ်ဆိုပြီးလည်း အမေရိကန် မီဒီယာမှာ ဖော်ပြပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်ကတော့ ခရီးသွား သတိပေးချက်ထဲမှာ နောက်ထပ် တိုက်ခိုက်မှု ဖြစ်နိုင်ခြေတွေကို သတိပေးထားပါတယ်။ သြစတေးလျ နိုင်ငံသားတွေ သီရိလကာၤကို မသွားကြဖို့ သြစတေးလျ အစိုးရက တိုက်တွန်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG