သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး့ခရီးစဉ် မြန်မာ့အရေး လှုပ်ရှားသူတွေမကျေနပ်


သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေတိုးမြှင့်ဆောင်ရွက်ဖို့ ဇွန်လ (၂)ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်အပေါ်အပြုသဘောမြင်ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြုပြင်ရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို တိုက်တွန်းတာမျိုးမရှိတဲ့အတွက် သြစတြေးလျရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက အားမလိုအားမရဖြစ်နေကြပါတယ်။ အကြောင်းစုံကိုမအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ဖို့အပြင် ပညာရေးနဲ့ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေမှာ ကူညီဆောင်ရွက်ဖို့ဖြစ်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ကြေညာချက်မှာဖေါ်ပြထားတာပါ။ ဒါ့အပြင် ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံမှာ ဖြစ်ပါတယ်။ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အပေါ် အပြုသဘောမြင်ပေမယ့် မြန်မာ့ဒီမိုကရေစီ အသွင်ကူပြောင်းရေးမှာ အရေးပါနေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ရေးနဲ့ ပတ်သက်လို့ တိုက်တွန်းဖေါ်ပြထားတာမျိုးမရှိတဲ့အတွက် အားမရဖြစ်မိတယ်လို့ ဆစ်ဒနီမြို့အခြေစိုက် မြန်မာ့ရေးရာရုံး တာဝန်ခံ ဒေါက်တာမြင့်ချိုက ဗွီအိုအေကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်လာသွားတဲ့ နိုဝင်ဘာလကုန်တုန်းက ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ်အသစ် Tony Abbott နဲ့ သတင်းစာရှင်းလင်းပွဲ မှာလည်း ထောက်ခံအားပေးဖို့ကို တရားဝင်ဖော်ထုတ်သွားတယ်။ ကျနော်တို့ မြန်မာတွေနဲ့တွေ့တဲ့ပွဲမှာလည်း သြစတြေးလျအစိုးရနဲ့ ပြည်သူတွေက ထောက်ခံလာအောင် ကြိုးစားပေးပါလို့ တိုက်တွန်းသွားတော့ လက်မှတ်ရေးထိုးတဲ့ ကမ်ပိန်းတွေ ကျနော်တို့လုပ်ပြီးတော့ ဒါနဲ့ပတ်သက်ပြီး ကြိုးစားလာတာ၊ တလောက ကျနော်တို့ လက်မှတ်တွေအကုန်လုံးကိုစုဆောင်းပြီးတော့ စာတစ်စောင်နဲ့အတူ သြစတြေးလျအစိုးရအနေနဲ့ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲရေးအတွက် ထောက်ခံအားပေးပါတယ်ဆိုတဲ့ဟာကို တရားဝင်ထုတ်ပြန် ကြေညာချက်ထုတ်ပြန်ပေးဖို့ ကျနော်တို့ တောင်းဆိုထားတာ ရှိပါတယ်။ အခု နိုင်ငံခြားရေးဝန်ကြီးကတော့ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ကို တုံ့ပြန်တာ မရှိသေးပါဘူး။ ဒီအပေါ်မှာ ကျနော်တို့အနေနဲ့ နည်းနည်းလေးတော့ အားမရဘူးခင်ဗျ။”

မစ္စ် Julie Bishop ဟာ ဇွန်လတွင်း သြစတြေးလျနိုင်ငံကိုသွားခဲ့တဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ အစရှိတဲ့ ၈၈မျိုးဆက်ခေါင်းဆောင်တွေကို မြို့တော်ကင်ဗရာမှာ တွေ့ဆုံခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ သြစတြေးလျအစိုးရဟာ မြန်မာနိုင်ငံအပေါ်မှာ ပိတ်ဆို့အရေးယူထားတဲ့ လက်နက်ရောင်းဝယ်ရေးကလွဲပြီး ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုနဲ့ ငွေကြေးဆိုင်ရာ လွဲှပြောင်းမှုလုပ်ငန်းတွေကို ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီအထဲမှာ သြစတြေးလျနိုင်ငံကိုလာဖို့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့မိသားစုအပါအဝင် လူ (၄၀၀) ကျော်ရဲ့အမည်စာရင်းတွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားမှုကို ယာယီ ရုပ်သိမ်းပေးခဲ့တယ်လို့ ဒေါက်တာမြင့်ချိုက ပြောပါတယ်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တုန်းကပေါ့လေ၊ သူတို့ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရအသစ် တက်လာတဲ့အခါမှာ ဦးသိန်းစိန်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တယ်ဆိုပြီးတော့ အသိအမှတ်ပြုပေးပြီးတော့ ဗိုလ်ချုပ်သန်းရွှေ အပါအဝင်ပေါ့လေ၊ သူတို့ အပေါင်းအပါတွေ၊ မိသားစုဝင်တွေ အဲဒိ ၄၀၀ ကျော်ကို သြစတြေးလျကို ခရီးသွားလာခွင့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပိတ်ပင်ထားတာကို တော်တော်များများကို သူတို့က ဆိုင်းငံ့ထားလိုက်တယ်။ နောက် ဘဏ္ဍာရေးအရ ငွေသွင်းငွေထုတ် ကိစ္စတွေကိုလည်း ဆိုင်းငံ့ထားလိုက်တယ်။ နောက်တချက်က စစ်ရေးအရတော့ ဘာမှ ပိတ်ဆို့ဒဏ်ခတ်တာတွေကို မရုပ်သိမ်းသေးဘူး။ လက်နက်ရောင်းဝယ်လို့ မရဘူး၊ နည်းပညာတွေ လွဲှပြောင်းပေးလို့ မရဘူး။ သို့သော်လည်းပဲ စစ်ရေးအရ နှစ်ဘက်ဆက်ဆံတဲ့ ကိစ္စတွေကိုတော့ စပြီး လုပ်လာပြီ။”

သြစတြေးလျအနေနဲ့ အရင်ကတည်းကိုက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို ပြင်းပြင်းထန်ထန်ချမှတ်ထားတာမျိုးမရှိပါဘူး။ လက်ရှိ သြစတြေးလျအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာလည်း စီးပွားရေးကို အဓိကထားတဲ့ သံတမန်ဆက်ဆံရေးဖြစ်ပါတယ်။ ဒါကြောင့် သြစတြေးလျ စီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ ပညာရေး၊ စိုက်ပျိုးရေး၊ ရေနံနဲ့သဘာဝဓါတ်ငွေ့၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းစတာတွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ သြစတြေးလျအစိုးရက တိုက်တွန်းအကြံပေးထားပါတယ်။ လူသားချင်းစာနာမှု အကူအညီအပိုင်းမှာတော့ သြစတြေးလျနိုင်ငံဟာ မြန်မာနိုင်ငံကို အဓိကထောက်ပံ့ပေးနေတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်လို့ ဒေါက်တာမြင့်ချိုက ဆိုပါတယ်။

“အင်္ဂလန်နိုင်ငံပြီးရင်တော့ အရက်ရောဆုံးနိုင်ငံလို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ သြစတြေးလျနိုင်ငံရဲ့အကူအညီတွေဟာ အရင်တုန်းကဆိုရင် ၂၅ သန်း၊ တနှစ်ကို သန်း ၅၀ ပေးနေတာကနေ ဒီနေ့ဆို သန်း ၁၀၀ နီးပါးအထိ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေတယ်။ နောက် တခြား HIV/ AIDS နဲ့ ပတ်သက်ပြီးတော့ 3-D Fund လို ကိစ္စတွေမှာလည်း ပိုက်ဆံတွေ အများကြီးထည့်တယ်၊ ပြောရရင်တော့ဗျာ- ရခိုင်အရေးအခင်းလို ကိစ္စတွေမှာလည်း လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးတယ်။”

မနေ့ကထုတ်ပြန်တဲ့ သြစတေးလျနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ မငြိမ်မသက်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးနဲ့ လူသားချင်း စာနာမှု လိုအပ်ချက်တွေအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ သြစတြေးလျက တိုက်တွန်းသွားမယ်လို့ ဖော်ပြထားပါတယ်။ မနက်ဖြန် ခရီးစဉ်စတင်မယ့် သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး Julie Bishop ဟာ မြန်မာနိုင်ငံကို လာရောက်တဲ့ စတုတ္ထမြောက် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံအပြင် လာအိုနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG