သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ္စမတ်တိုက်ခိုက်မယ့် အကြမ်းဖက်အစီအစဉ် Australia တားဆီး


ခရစ္စမတ်တိုက်ခိုက်မဲ့ အကြမ်းဖက်အစီအစဉ် Australia တားဆီး
ခရစ္စမတ်တိုက်ခိုက်မဲ့ အကြမ်းဖက်အစီအစဉ် Australia တားဆီး

Australia နိုင်ငံ ၊ Melbourne မြို့က အထင်ကရနေရာတွေအပေါ် Christmas နေ့မှာ တိုက်ခိုက်ဖို့ စီစဉ်နေသူလို့ ဆိုသူတွေကို ရဲတပ်ဖွဲ့က လက်ဦးမှုရယူ ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ရန်အန္တရာယ်အဆင့်ကို ဖြစ်နိုင်တဲ့ အဝါရောင်အဆင့်မှာ သတ်မှတ်ထားဆဲဖြစ်ပါတယ်။ Melbourne မြို့အပြင် Sydney လိုမြို့ကြီးတွေမှာလည်း Christmas ကာလလုံခြုံရေးကို တိုးမြှင့်ထားပါတယ်။ Sydney မြို့က Phil Mercer ပေးပို့တဲ့ သတင်းနဲ့အတူ မစုမြတ်မွန်က စုစည်းတင်ပြပါတယ်။

Australia နိုင်ငံ Victoria ပြည်နယ် Melbourne မြို့မှာ Christmas နေ့ကျရင် အကြီးအကျယ် တိုက်ခိုက်မှုကြီးလုပ်ဖို့ ပြင်ဆင်နေကြသူလို့ ဆိုသူတွေကို သောကြာနေ့အစောပိုင်းက Melbourne မြို့ရပ်ကွက်တခုမှာ ရဲတွေက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခဲ့သူ ၄ ယောက်ဟာ အသက် ၂၀ ဝန်းကျင် Australia နိုင်ငံမှာမွေးဖွားတဲ့ လက်ဘနွန်လူမျိုးတွေဖြစ်ပြီး နောက်တယောက်ကတော့ အီဂျစ်နွယ်ဖွားAustralia နိုင်ငံသားဖြစ်ပါတယ်။

စီးနင်းရှာဖွေမှုအတွင်း ဖမ်းမိတဲ့ အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်တို့ကို နောက်ပိုင်းမှာ စွဲချက်မတင်ဘဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့အပြောအရ သူတို့ဟာ IS စစ်သွေးကြွအဖွဲ့ကို အားကျပြီး တိုက်ခိုက်မှုလုပ်ဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။ အိမ်လုပ်ဖောက်ခွဲရေးလက်နက်တွေ လုပ်ရာမှာသုံးတဲ့ပစ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။Australia နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Melbourne မြို့ထဲက St. Paul's Cathedral ဘုရားရှိခိုးကျောင်း၊ Flinders Street ဘူတာရုံကြီးတွေအပါအဝင် အထင်ကရနေရာတွေကို တိုက်ခိုက်ဖို့စီစဉ်နေကြတာလို့ဆိုပါတယ်။ Victoria ပြည်နယ်အုပ်ချုပ်ရေးမှူး Daniel Andrews ကတော့ မကောင်းဆိုးဝါးလုပ်ရပ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။

နိုင်ငံထဲမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်မှုကို ကြိုတင်ကာကွယ်နိုင်ခဲ့တယ်လို့ ဝန်ကြီးက Malcolm Turnbull ကပြောပါတယ်။ အခုဆိုရင် နိုင်ငံတကာမှာ အစွန်းရောက်တွေရဲ့ အန္တရာယ်ပိုများလာနေတယ်လို့လည်း ပြောခဲ့ပါတယ်။

“ကမ္ဘာတဝန်းမှာ အကြမ်းဖက်မှု အန္တရာယ်တွေကို တွေ့မြင်နေရပါတယ်။ ဒီသီတင်းပါတ်အစောပိုင်းကပဲ ဘာလင်မြို့မှာ လော်ရီကားနဲ့တိုက်ခိုက်မှုဖြစ်ခဲ့တယ်။ Nigeria, Yemen, တူရကီ, Somalia, Egypt နဲ့ Jordan နိုင်ငံတွေအပါအဝင် နေရာအများအပြားမှာ အလားတူ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ အစ္စလာမ်မစ် အစွန်းရောက်ဝါဒီတွေရဲ့အန္တရာယ်က ကျွန်တော်တို့အားလုံးအပေါ် သက်ရောက်နေတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်သမားတွေကြောင့်တော့ ကျွန်တော်တို့ ကြောက်နေစရာမလိုပါဘူး”

Victoria ပြည်နယ်ရဲတပ်ဖွဲ့၊ Australia ပြည်ထောင်စုရဲတပ်ဖွဲ့နဲ့ လုံခြုံရေးဌာနတွေရဲ့ စုံစမ်းထောက်လှမ်းမှုတွေလုပ်ခဲ့ပြီး ဖမ်းဆီးမှုတွေလုပ်ခဲ့တာပါ။ ဒီဇင်ဘာ ၂၆ ရက်နေ့ကျရင် ပရိတ်သတ် ၁ သိန်း လောက်လာမယ်လို့ မျှော်လင့်ထားတဲ့ Australia နဲ့ Pakistan ကြား Cricket ကစားပွဲကျင်းပမယ့် အားကစားကွင်းကြီးအပါအဝင် Melbourne မြို့ထဲက အထင်ကနေရာတွေမှာ လုံခြုံရေးတိုမြှင့်ထားပါတယ်။ Australia တနိုင်ငံလုံးရဲ့ လုံခြုံရေးအဆင့်ကိုလည်း အကြမ်းဖက်တိုက်ခိုက်ရန် ဖြစ်နိုင်တဲ့ အဝါရောင်အဆင့်မှာ ဆက်လက်ထားရှိပါတယ်။ ခုလိုအချိန်မှာAustralia ကို အလည်ရောက်နေတဲ့ မသိင်္ဂီလင်းက သူမြင်တွေ့နေရတဲ့ အခြေအနေကို Melbourne မြို့ကနေ ခုလိုပြောပြပါတယ်။

“စစချင်းကတော့ ၄ ယောက်တောင် ဖမ်းမိတယ်ဆိုတော့ နည်းနည်းတော့ ကြောက်သွားတာပေါ့နော်။ ဒါပေမယ့်လည်း မြို့ထဲမှာ သွားလာနေတဲ့အခါကျတော့ ဒီက မြို့ခံတွေရော Tourist တွေရော သူတို့က အဲဒါကို ဖမ်းမိသွားတယ်ဆိုတဲ့အခါကျတော့ သိပ်ပြီးတော့ Concern ရှိပုံမရဘူး။ ဒီအတိုင်းပဲသွားလာလှုပ်ရှားနေတာတွေ့ရတော့ ကိုယ်လည်းနည်းနည်း တော့ အံသြတာပေါ့နော်။ ဒါပေမယ့် မနေ့တုန်းက Museum သွားတဲ့အခါမှာတော့ ရဲ ၂ ယောက် ၃ ယောက်လောက်ကို တွေ့တယ်။ အခုဆိုရင်လည်း ရဲကားတွေ သွားနေတာပေါ့နော်။ သူတို့ကတော့ သူတို့အလုပ်သူတို့ လုပ်ပုံရပါတယ်။ ဘယ်လိုပြောရမလဲ လူတွေကို အရမ်းကြီး စိတ်အနှောက်အယှက်ဖြစ်ရတဲ့လောက်အထိတော့ သွားလာ၊ လှုပ်ရှားပြီးတော့ စစ်ဆေးနေတာကို မတွေ့ရဘူး။ ဒါပေမယ့် သူတို့ ရှိတော့ ရှိနေတယ်ပေါ့နော်၊ ဥပမာ-ရပ်နေတာမျိုး၊ ကားနဲ့လှည့်နေတာမျိုးတွေတော့ရှိတယ်။ သူတို့တွေကို စောင့်ကြည့်နေတဲ့သဘောလေးတွေတော့ တွေ့ရတယ်ပေါ့နော် ။ ပြီးတော့ သူတို့ မိလည်းမိတယ်၊ နောက်မဖြစ်ခင်မှာလည်း သူတို့ ကာကွယ်နိုင်တယ်ဆိုတဲ့အခါကျတော့ သူတို့ အလုပ်လုပ်ပုံလုပ်နည်းကိုတော့ ယုံကြည်မိတယ်ပေါ့နော်၊ Safe တော့ ဖြစ်တယ်ရှင့်။ Tourist တွေ နောက် ဒေသခံတွေရောက အေးအေးဆေးဆေးသွားလာနေကြတယ်ဆိုတော့ ကိုယ့်အတွက်တော့ ဆန်းတာပေါ့နော် ၊ ကိုယ်ကတော့ ကြောက်တာပေါ့နော် ရုတ်တရက်ဆိုတော့လေ။”

ခုလို Melbourne မြို့မှာ လုံခြုံရေးတွေ တိုးမြှင့်ထားသလို Sydney မြို့ကြီးမှာလည်း လုံခြုံရေးအတွက် လုံလောက်တဲ့ ဆောင်ရွက်မှုတွေလုပ်ထားတယ်လို့ New South Wales ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ တစုံတရာ တိုက်ခိုက်နိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတဲ့ သတင်းမရပေမဲ့ ခုလို Christmas နဲ့ နှစ်သစ်ကူူးပွဲတော်ကာလမှာ အများပြည်သူတွေ ဘေးကင်းစေမို့ လုံခြုံရေးအစီအစဉ်တွေ လုပ်ထားတယ်လို့ ရဲကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG