သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သွေးကြွတိုက်ခိုက်ရေး ဖိလစ်ပိုင်ကို သြစတေးလျ ကူညီမည်


IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ဖိလစ်ပိုင် အစိုးရတပ်
IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ဖိလစ်ပိုင် အစိုးရတပ်

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Mindanao ပြည်နယ်အတွင်းမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ဖိလစ်ပိုင် အစိုးရကို ကူညီတဲ့အနေနဲ့ သြစတေးလျအစိုးရက စစ်ဘက် ကင်းထောက်လေယာဉ် ၂ စီး ပို့ပေးမှာ ဖြစ်ပါတယ်။ ဖိလစ်ပိုင် တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့လအတွင်း Marawi မြို့ကို သိမ်းပိုက်ခဲ့တဲ့ IS အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ သောင်းကျန်းသူတွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတာပါ။ ဒီအကြောင်း Sydney မြို့ကနေ Phil Mercer ပေးပို့ထားတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အရှေ့တောင် အာရှတိုက်အတွင်း အစွန်းရောက် အစ္စလာမ်ဝါဒ ပြန့်ပွားလာနေခြင်းဟာ သြစတေးလျနိုင်ငံရဲ့ အကျိုးစီးပွားကို တိုက်ရိုက် ခြိမ်းခြောက်နေကြောင်း သြစတေးလျအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။ ဒါကြောင့်လည်း Marawi မြို့ကို ပြီးခဲ့တဲ့ မေလ နှောင်းပိုင်းက သိမ်းပိုက်ခဲ့ကြတဲ့ စစ်သွေးကြွတွေ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ ဖိလစ်ပိုင် တပ်ဖွဲ့တွေ သိရှိနိုင်ရေးအတွက် သြစတေးလျက AP-3C Orion အမျိုးအစား ကင်းထောက်လေယာဉ် ၂ စီး ပို့ပေးဖို့ စီစဉ်နေတာပါ။

Marawi မြို့ စတင်သိပ်းပိုက်ခံရတဲ့အချိန်ကစလို့ လူပေါင်း ၄၀၀ လောက် သေဆုံးခဲ့ပြီး အများစုဟာ စစ်သွေးကြွတွေ ဖြစ်ကြပါတယ်။ အရပ်သား တထောင်လောက်ဟာလည်း မြို့ထဲမှာ ပိတ်မိနေကြပြီး ဖိလစ်ပိုင်အစိုးရတပ်တွေ ရှေ့တိုး ထိုးစစ်ဆင်လာနေတာကြောင့် အဲဒီ မြို့ခံတွေကို စစ်သွေးကြွတွေက လူသား ဒိုင်းသဖွယ် အသုံးချဖို့ ထိန်းသိမ်းထားတာ ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ တခြား ထောင်ပေါင်းများစွာသော ဒေသခံတွေဟာလည်း အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက လူပေါင်း ၂၂ သန်းလောက် နေထိုင်တဲ့ Mindanao ပြည်နယ်အတွင်းမှာ ရှိနေတဲ့ အစွန်းရောက် စစ်သွေးကြွတွေကို တိုက်ခိုက်တဲ့နေရာမှာ သြစတေးလျက ရောက်လာမယ့် ထောက်လှမ်းရေး လေယာဉ်တွေက အထောက်အကူ ပြုစေမယ်လို့ ဖိလစ်ပိုင် စစ်တပ်ပြောခွင့်ရက ပြောပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အတန်ကြာကတည်းက Mindanao ပြည်နယ်ထဲမှာ ခွဲထွက်ရေးသမားတွေနဲ့ ပြန်ပေးဆွဲ ဂိုဏ်းအဖွဲ့တွေ သောင်းကျန်းနေခဲ့တာပါ။

အင်ဒိုနီးရှားနဲ့ မလေးရှား စတဲ့ တခြား တိုင်းပြည်တွေက Jihadist လို့ခေါ်တဲ့ အစွန်းရောက် အစ္စလာမ် အုပ်စုတွေဟာလည်း Marawi ကိုလာပြီး ပူးပေါင်း တိုက်ခိုက်နေကြတယ်လို့ သုတေသီတွေက ယုံကြည်နေကြတာပါ။

အဲဒီ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေဟာ သူတို့ တိုင်းပြည်အသီးသီးကို ပြန်ကြပြီး မတည်ငြိမ်မှုတွေ ပြန့်ပွားအောင် လုပ်ဆောင်ကြလိမ့်မယ်ဆိုပြီး ပဋိပက္ခလေ့လာ သုံးသပ်ရေးဌာနက ညွန်ကြားရေးမှူး Sidney Jones က စိုးရိမ် ပူပန်နေပါတယ်။

“Marawi မှာ ဖြစ်ပျက်နေတာတွေက အင်ဒိုနီးရှားတို့၊ မလေးရှားတို့ကိုပါ ရိုက်ခတ်နေတယ်ဆိုတာကတော့ သိသာ ထင်ရှားပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားက တိုက်ခိုက်ရေးသမားတွေဟာ Marawi မှာရှိတဲ့ ညွန့်ပေါင်းအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက် နေကြတယ်ဆိုတာကလည်း သိသာပါတယ်။ အဲဒီ လူတွေဟာ Marawi မှာ တိုက်ခိုက်ရေး အတွေ့အကြုံတွေ၊ အကြမ်းဖက်လုပ်ငန်း တရားဝင်လုပ်ပိုင်ခွင့် အသစ်တွေ ရလာပြီ ဖြစ်တာကြောင့် သူတို့ တိုင်းပြည်အသီးသီးကို ပြန်ပြီး အဲဒီမှာ အကြမ်းဖက်မှုတွေ လုပ်လာနိုင်ပါတယ်။”

ဖိလစ်ပိုင် စစ်တပ်အနေနဲ့ ထောက်လှမ်းရေးနဲ့ စစ်ဆင်ရေး ဆိုင်ရာကိစ္စရပ်တွေမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို Marawi မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ပြသနေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ ဒါ့အပြင် အိမ်နီးချင်း မလေးရှားနဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေကလည်း ဒေသတွင်း အစွန်းရောက် အကြမ်းဖက်ဝါဒ မပြန့်ပွားအောင် အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်တာမျိုး မတွေ့ရဘူးလို့လည်း အဲဒီ ကျွမ်းကျင်သူတွေက ဝေဖန် ပြောဆိုကြပါတယ်။

ဒီ ၃ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပြီး သတင်းအချက်အလက်တွေ ဖလှယ်တာ၊ ရေကြောင်းကနေ အကြမ်းဖက် တိုက်ခိုက်ရေး သမားတွေ တနိုင်ငံကနေ တနိုင်ငံကို ကူးလူး သွားလာမှုတွေကို ကန့်သတ်ဖို့ ကြိုးစားတဲ့အနေနဲ့ ပူးတွဲ ရေကြောင်း ကင်းလှည့်တာတွေ လုပ်ဆောင်ကြဖို့ သဘောတူခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG