သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ စာရေးဆရာ အရေး ဝင်မစွက်ဖို့ သြစတေးလျကို တရုတ် သတိပေး


သူလျှိုလုပ်တယ်ဆိုတဲ့ သံသယနဲ့ တရုတ်နိုင်ငံမှာ အဖမ်းဆီးခံနေရတဲ့ တရုတ်နွယ်ဖွား သြစတေးလျနိုင်ငံသား ရန်ဟန်းဂျွန်ရဲ့ အမှုမှာ သြစတေးလျ အစိုးရဘက်က ဘာမှဝင်မစွက်ဖို့ တရုတ်အာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။ ဇန်နဝါရီလကတည်းက ဘေဂျင်းမှာ အဖမ်းခံနေရတဲ့ ရန် ဟန်းဂျွန် နဲ့ ပတ်သက်ပြီး လတ်တလော တရုတ်အာဏာပိုင်တွေရဲ့ လုပ်ဆောင်မှုတွေကိုတော့ သြစတေးလျ အစိုးရက ပိုပြီး ဝေဖန်လာနေကြောင်း ဆစ်ဒနီက VOA သတင်းထောက် Phil Mercer ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

တရုတ်သံတမန်ဟောင်းတဦးဖြစ်တဲ့ စာရေးဆရာ ရန်ဟန်းဂျွန် ဟာ တရုတ်နိုင်ငံရဲ့ လုံခြုံရေးအတွက် ထိခိုက်အောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ စုံစမ်းစစ်ဆေးမှု ခံနေရတာ ဖြစ်ပေမယ့် အခုတော့ သူ့ကို သူလျှိုလုပ်တယ်ဆိုတဲ့ သံသယနဲ့ စွဲချက်တင်လိုက်ကြောင်း သြစတေးလျ အစိုးရကို အကြာင်းကြားခဲ့တာ ဖြစ်ပါတယ်။ သူ့ကို မိသားစုဝင်တွေနဲ့ရော သူ့ရဲ့ ရှေ့နေတွေနဲ့ပါ ပေးမတွေ့ပဲ ဇန်နဝါရီလကတည်းက ဘေဂျင်းမှာ ဖမ်းဆီးထားခဲ့တာပါ။

ဒါကြောင့် သြစတေးလျ အစိုးရက ပြင်းထန်တဲ့စာသားတွေပါတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ကန့်ကွက်ခဲ့ပြီး ဒီစာရေးဆရာကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ နေရာဟာ ဆိုးဝါးတဲ့ အခြေနေရှိတဲ့အတွက် သူ့အတွက် အလွန်အမင်းစိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။ဆစ်ဒနီ အခြေစိုက် ဒီပညာရှင်ကို သူ့ရဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းထားတာဆိုရင် ပြန်လွှတ်ပေးသင့်တယ်လို့ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

သြစတေးလျ မူဝါဒရေးရာ မဟာဗျူဟာ ဌာန က Alex Joske ကတော့ ဒီစာရေးဆရာအတွက် တခြား အနောက်အင်အားကြီး နိုင်ငံတွေကပါ ပါဝင် လုပ်ဆောင် လာသင့်တယ်လို့ ပြောပါတယ်။

“ ဗြိတိန်တို့ ကနေဒါတို့ အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂတို့လို နိုင်ငံတွေကလည်း ဒီကိစ္စမှာ ဝင်ပါသင့်ပါတယ်။ အာဏာရှင်နိုင်ငံတွေမှာ

လူတွေရဲ့ ရပိုင်ခွင့်အတွက် ဖိနှိပ်ချုပ်ချယ်မှုမရှိအောင် အကာကွယ်ပေးဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါ့အပြင် တရားဥပဒေနဲ့ အညီ လုပ်ဆောင် လာစေဖို့လည်း ကြိုးပမ်းပေးသင့်ပါတယ်။”

Yang ဟာ သက္ကရာဇ် ၂၀၀၀ အစောပိုင်းမှာ သြစတေးလျကို ပြောင်းရွှေ့အခြေချလာသူ ဖြစ်ပါတယ်။ စာရေးဆရာတယောက်ဖြစ်တဲ့ Yang ဟာ တရုတ်အာဏာပိုင်တွေကို ဝေဖန်ပြောဆိုမှုတွေကြောင့် ဒီနှစ်ဆန်းပိုင်းမှာ မသွားစဖူး တရုတ်ပြည်ကို သူပြန်သွားချိန်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

Yang ရဲ့ ဇနီးသည် ရန်ရူဂျန်း ကိုလည်း သြစတေးလျ အစိုးရက သြစတေးလျမှာ တရားဝင်နေထိုင်ခွင့် ပေးခဲ့တာဖြစ်ပေမယ့် တရုတ်အစိုးရက သူ့ဇနီးကို တရုတ်ပြည်ကနေ ထွက်ခွါခွင့် မပေးခဲ့ပါဘူး။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဂန်ရှောင် ကတော့ Yang ရဲ့ အမှုကို တရားဥပဒေအတိုင်း လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပြီး သူ့ကို ဖမ်းထားတာ နဲ့ ပတ်သက်ပြီး သြစတေးလျ အစိုးရရဲ့ ပြောကြားချက်တွေအတွက် တရုတ်အစိုးရက အတော် မကျေမနပ် ဖြစ်ရကြောင်း နဲ့ ဒီအမှု မှာ သြစတေးလျ အစိုးရ ဝင်မပါဖို့ တောင်းဆိုခဲ့တာပါ။

တရုတ်အစိုးရ ရဲ့ စွပ်စွဲထားတဲ့အတိုင်း Yang ကျူးလွန်ကြောင်း တွေ့ခဲ့ရင်တော့ သူဟာ နှစ်ရှည် ထောင်ဒဏ် ဒါမှမဟုတ် သေဒဏ်အထိ ကျခံရဖို့ ရှိနေတယ်လို့ သတင်းတွေမှာ ဖေါ်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG