သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာခြေ/ဥ ပြန်ပြင်ရေး သြစတြေးလျအလေးထား


ဦးဂျင်မီ၊ ဦးမင်းကိုနိုင်တို့နဲ့ သြစတြေးလျ ပါလီမန်အမတ်များဖြစ်တဲ့ မစ္စတာ The Hon. Laurie Ferguson (Co-convener of the Australian Parliamentarians for Democracy in Burma - APDB and ALP MP) နဲ့The Hon. Philip Ruddock လစ်ဗရယ်ပါတီကိုယ်စားလှယ်၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်းတို့အား တွေ့ရစဉ်။
ဦးဂျင်မီ၊ ဦးမင်းကိုနိုင်တို့နဲ့ သြစတြေးလျ ပါလီမန်အမတ်များဖြစ်တဲ့ မစ္စတာ The Hon. Laurie Ferguson (Co-convener of the Australian Parliamentarians for Democracy in Burma - APDB and ALP MP) နဲ့The Hon. Philip Ruddock လစ်ဗရယ်ပါတီကိုယ်စားလှယ်၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟောင်းတို့အား တွေ့ရစဉ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ပူးပေါင်းပြီး အဓိက ဖော်ဆောင်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို သြစတြေးလျအစိုးရဘက်က အလေးအနက်ထားကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop က ပြောဆိုလိုက်ပါတယ်။ သြစတြေးလျရောက် ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်အဖွဲ့နဲ့ တွေ့ဆုံပြီး လက်ရှိမြန်မာနိုင်ငံရေး၊ စီးပွားရေးနဲ့ ပြည်သူတွေရဲ့လူမှုဘဝလုံခြုံမှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ချိန် ပြောဆိုလိုက်တာပါ။ ၈၈မျိုးဆက်ငြိမ်းချမ်းပွင့်လင်းအဖွဲ့ရဲ့ သြစတြေးလျခရီးစဉ် နောက်ဆုံးရသတင်းတွေကို မဆုမွန်က တင်ပြပေးထားပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး(စမ်းချောင်း) တို့ဦးဆောင်တဲ့အဖွဲ့ သြစတြေးလျ ဆစ်ဒနီမြို့မှာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေနဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
၈၈မျိုးဆက်တွေ ဖော်ဆောင်နေတဲ့ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေး ဝန်ကြီးဘက်က အလေးအနက်ထား မေးမြန်းခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဆစ်ဒနီရောက် မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာမြင့်ချိုက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ပထမဦးဆုံး နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပုဒ်မ ၄၃၆ ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လောက် အလားအလာရှိသလဲဆိုတဲ့ ကိစ္စကို အရင်မေးတယ်ခင်ဗျ။ အဲဒီအပေါ်မှာတော့ ကိုမင်းကိုနိုင်တို့ကတော့ ဒါက တကယ်ကိုလုပ်ရမယ့် မဖြစ်မနေကို ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တာမို့လို့ အလားအလာထက်စာရင် လူထုက ပိုပြီးတော့ နိုးကြားလာပြီ၊ ပါဝင်ထောက်ခံလာပြီဆိုတော့ ဒီထက်ပိုပြီးတော့ ဆက်ပြီးတော့ သွားဖို့ပဲ ရှိတယ်၊ မဖြစ်ဖြစ်အောင်တော့ ကျနော်တို့ ကြိုးစားကြမယ်ဆိုပြီးတော့ ကိုမင်းကိုနိုင်က ရှင်းပြတယ်။

"လက်ရှိ မြန်မာနိုင်ငံရဲ့အဓိကပြဿနာဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတော့ သူတို့က တချိန်တုန်းကတော့ပေါ့ဗျာ။ သူတို့က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ လုံးဝ အပြစ်အနာအဆာတွေနဲ့ပြည့်နေတယ်ဆိုတာ သူတို့ ထုတ်ဖော်ကြေညာဖူးတယ်ဗျ။ ဒါပေမယ့် အခု အစိုးရဖြစ်လာတဲ့အခါကျတော့ အဲဒီကိစ္စကို သူတို့ နည်းနည်းလေး ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောနေတဲ့အခါကျတော့ လက်ရှိ ကိုမင်းကိုနိုင်တို့က ဒီကိစ္စဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတင် မကဘူး၊ စီးပွားရေးအာမခံချက်ရှိဖို့ရော၊ လူမှုရေးတည်ငြိမ်ဖို့ရော အစစအရာရာ အားလုံးကို တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ရော ဒီဖွဲ့စည်းပုံရှိနေရင် မဖြစ်ဘူး၊ ဒါကို ပြောင်းလဲမှသာလျှင် အားလုံးအဆင်ပြေတဲ့လမ်းကြောင်းကို ရောက်မယ်၊ ဒါကြောင့်မို့လို့ ဒီ ၄၃၆ ကိုဖျောက်ရေးဟာ ဖွဲ့စည်းပုံပြောင်းရေးရဲ့ တခါးဝကို ဖွင့်တာဖြစ်တယ်၊ ဒါကိုသာ သြစတြေးလျအစိုးရအနေနဲ့ သေချာ သဘောပေါက်နားလည်ပြီးတော့ ပြုပြင်ပြောင်းလဲရေးကို၊ ဖွဲ့စည်းပုံ ၄၃၆ ကို ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို ထောက်ခံအားပေးသင့်တယ်၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုတည်းနဲ့ မြန်မာနိုင်ငံရေးပြဿနာတွေဟာ ပြေလည်လာမှာ မဟုတ်ဘူး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေလည်း ရမှာမဟုတ်ဘူး၊ ငြိမ်းချမ်းရေးနဲ့ ဝေလာဝေးပေါ့နော်။ ဒီအားလုံးအချုပ်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ရေးသာ ဖြစ်တယ်ဆိုပြီးတော့ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီက အချက်အလက်နဲ့ သေချာထောက်ပြပါတယ်ခင်ဗျ။

"ဝန်ကြီးကတော့ အဲဒီအပေါ်မှာ သူ့အနေနဲ့ အလေးထားပြီးစဉ်းစားပါမယ်၊ သို့သော် ချက်ခြင်းဘာမှတော့ သူ မတုံ့ပြန်သေးဘူး။ သူက ဂျူလိုင် ၂ ရက်နေ့မှာ မြန်မာနိုင်ငံကိုသွားတဲ့အခါကျရင်တော့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့တွေ့ပြီး ဒါကို ထပ်ပြီးဆွေးနွေးစဉ်းစားပါမယ်လို့တော့ သူပြောတယ်။ ဒါပေမယ့် ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြဿနာကြီးဖြစ်နေတယ်ဆိုတာကိုတော့ သူ လက်ခံပါတယ်။”

လက်ရှိမြန်မာနိုင်ငံတွင်းက နိုင်ငံရေး တည်ငြိမ်ဖို့၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တရားဥပဒေစိုးမိုးမှုရှိရေးတို့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးက အရေးတကြီး လိုအပ်တယ်ဆိုတာကို ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈မျိုးဆက်အဖွဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံချိန် အလေးအနက်ထား ပြောခဲ့တယ်လို့ ဒေါက်တာမြင့်ချိုက ရှင်းပြပါတယ်။

မကြာခင်ရက်ပိုင်းမှာပဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဘက်က ကိုမင်းကိုနိုင်တို့ဘက်က တောင်းဆိုတဲ့ တာဝန်သိ၊ ကျင့်ဝတ်သိက္ခာနဲ့ညီညွတ်တဲ့ ရင်းနှီးမြုပ်နှံမှုတွေရှိရေး၊ ဒေသခံပြည်သူတွေအတွက် ဘဝလုံခြုံမှုရှိရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီးလည်း ထဲထဲဝင်ဝင်ဆွေးနွေးခဲ့ကြပါတယ်။

“စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်း ဝန်ကြီးက မေးတဲ့အခါမှာ တကယ့်ကို တာဝန်သိတဲ့၊ ကျင့်ဝတ်သိက္ခာနဲ့ညီညွတ်တဲ့ ပြည်ပစီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ဖို့ကို သဘောတူတယ်၊ သို့သော် ဒေသခံတွေ၊ ပြည်သူတွေအတွက်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့ နည်းပညာတွေကိုလည်းပဲ လွဲှပြောင်း ရယူပေးနိုင်တဲ့ အနေအထားမျိုးတွေ၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်တဲ့အနေအထားမျိုးတွေ ဖြစ်တဲ့ ဒီစီးပွားရေးလုပ်ငန်းမျိုးတွေကိုတော့ အရေးတကြီးလိုအပ်တယ်ဆိုတာမျိုးတွေကို စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ရှင်းပြတယ်။

"ဒါပေမယ့် စီးပွားရေးနဲ့ နိုင်ငံရေးတွေ အကုန်လုံး တည်ငြိမ်ဖို့ဆိုတာကလည်း လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲပြီးတော့ အာမခံချက်တွေ ရှိအောင်လုပ်မှ ဖြစ်မယ့်အတွက်ကြောင့် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး ကိစ္စမှာလည်း သြစတြေးလျအစိုးရကနေ အင်တိုက်အားတိုက် ထောက်ခံအားပေးဖို့ တိုက်တွန်းပေးဖို့ ကိစ္စကိုလည်းပဲ တောင်းဆိုခဲ့တာတွေ ရှိပါတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း မြန်မာအစိုးရကို သေချာတိုက်တွန်းပြီးတော့ အမြန်ဆုံး ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကိစ္စတွေကို တောင်းဆိုခဲ့တယ်။ တခြား ဥပဒေမဲ့တဲ့ကိစ္စတွေ၊ စသည်ဖြင့်ပေါ့- ပညာရေး၊ ကျန်းမာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်း ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့က ဝန်ကြီးမေးတဲ့ မေးခွန်းတွေကို သေချာရှင်းပြပါတယ်။”

ဇွန် ၂၁ရက်နေ့မှာတော့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈မျိုးဆက်အဖွဲ့ဟာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ အပြန်အလှန်ဆွေးနွေးကြခဲ့ကြပြီးတဲ့နောက်မှာတော့ အခုဆိုရင် သြစတြေးလျနိုင်ငံ ပါ့ခ်မြို့ကို ခရီးနှင်သွားကြပြီဖြစ်ပါတယ်။

သြစတြေးလျအစိုးရအနေနဲ့ ၈၈မျိုးဆက်ကျောင်းသားတွေ ဆွေးနွေးခဲ့တဲ့ လက်ရှိအခြေအနေတွေကို အလေးအနက်ထားစဉ်းစားပြီး မြန်မာအစိုးရအပေါ် တိုက်တွန်းသွားမယ်လို့ မျှော်လင့်သလို ဒီသြစတြးလျခရီးစဉ်က မြန်မာပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးတွေကို ထိရောက်စေတဲ့ခရီးစဉ်တစ်ခုဖြစ်မယ်လို့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ယူဆနေကြတာလည်းဖြစ်ပါတယ်။
XS
SM
MD
LG