သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်စပါးသိုလှောင်မှု စာရင်းအချက်အလက် စစ်ကောင်စီစုဆောင်း


ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာ ဆန်အတင်အချလုပ်နေတဲ့ လုပ်သားများကိုတွေ့ရစဉ် (အောက်တိုဘာ ၂၈၊ ၂၀၂၃)
ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာ ဆန်အတင်အချလုပ်နေတဲ့ လုပ်သားများကိုတွေ့ရစဉ် (အောက်တိုဘာ ၂၈၊ ၂၀၂၃)

စပါးတင်းရေ ၅,၀၀၀ အထက် သိုလှောင်ထားသူတွေအားလုံး ဂိုထောင်စာရင်း တင်ပြရပေးမယ်လို့ မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်းက မနေ့က ဗုဒ္ဓဟူးနေ့မှာ အသိပေးလိုက်ပါတယ်။ အခုနှစ်စပါးအထွက်က ပြီးခဲ့တဲ့နှစ်လို နည်းနိုင်တဲ့အတွက် လယ်သမားတွေ၊ ကုန်သည်တွေ၊ ပို့ကုန်လုပ်ငန်းရှင်တွေ၊ ဝေးလံခေါင်ဖျား နေရာတွေက ဒေသခံတွေအားလုံး စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုးရိမ်စပြုလာတာပါ။ ဆန်နဲ့စပါးကို အများအပြား ဝယ်ယူစုဆောင်းမှုတွေကြောင့် ဆန်စျေးက ပြည်တွင်းမှာ ဆက်တက်လာပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

ဆန်၊ စပါးသိုလှောင်မှု အခြေအနေကို သိရဖို့အတွက် နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းမှာ စာရင်း ကောက်ယူတာကို ကနဦး လုပ်ဆောင်သွားမယ်လို့ မနေ့ ဇွန်လ ၂၁ ရက်စွဲနဲ့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။ စပါးတင်းရေ ၅,၀၀၀ အထက်၊ ဒါမှမဟုတ် ဆန်တန်ချိန် ၅၀အထက် သိုလှောင်ထားသူတွေ အားလုံး အခုဇွန်လ ၂၆ရက် နောက်ဆုံးထားပြီး စာရင်းတင်ပြပေးရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သိုလှောင်ရုံတွေမှာ ကွင်းဆင်းစစ်ဆေး အတည်ပြုတာကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်း၊ စိစစ်သွားမယ်လို့လည်း ပြောပါတယ်။

အခု စာရင်းကောက်ယူနေတာဟာ အချက်အလက်စုဆောင်းဖို့ထက် ဒီအပေါ်မှာ အကျိုးအမြတ် အသာစီးရဖို့ ရည်ရွယ်ချက်တွေ ပါနေမလားဆိုတာ တောင်သူလယ်သမားတွေက သံသယရှိကြပါတယ်။ ပြည်တွင်းမှာ ဘယ်လောက် သိုလှောင်ထားတယ်၊ ဆန်လက်ကျန် ဘယ်လောက်ရှိနိုင်တယ်ဆိုတဲ့ အချက်အလက်ကို သိရနိုင်ဖို့ ဆန်လုပ်ငန်းရှင်တွေ၊ ပို့ကုန်သမားတွေက ပြီးခဲ့တဲ့ လေးငါးလထဲက ကြိုးပမ်းနေတာပါ။ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက သူ့အမြင်ကို အခုလိုပြောပြပါတယ်။

"စစ်တမ်းတခုက သူတို့ကောက်တာကတော့ ဟုတ်တယ်၊ ကောက်သင့်တဲ့ အနေအထားဆိုတာ သေချာတယ်။ ဒါပေမဲ့ အဲဒီစစ်တမ်းကို စနစ်တကျ၊ စေတနာရှိရှိ၊ အမှန်တကယ် အသုံးချမလားပေါ့။ အဲဒါ သံသယဖြစ်စရာလို့ ကျနော်တွေ့တယ်။ အစိုးရတရပ်က တောင်သူတွေကို အကျိုးပြုနိုင်ဖို့အတွက် အချက်အလက်ကို အခြေခံပြီး စနစ်တကျ ပြင်ဆင်ဖို့လိုတယ်ဆိုတာက အမှန်ပဲ။ တဖက်မှာက စီးပွားရေး သမားတွေလို့ ပြောလို့ရတယ်ပေါ့၊ သူတို့တွေက အဲဒီအချက်အလက်ကို စနစ်တကျသိထားမှ သူတို့ ဘာလုပ်သင့်တယ်ဆိုတဲ့ အနေအထားပေါ်မှာ သူတို့ ကစားလို့ရမှာကိုး။ ဆိုတော့ ကျနော်ထင်တယ် အဓိကတော့ တောင်သူဘက်ကတွေးရင် ဒီအချက်အလက်တွေ ဒီကိန်းဂဏန်းတွေက တောင်သူတွေကို တစုံတရာအကျိုးရှိရှိ အသုံးထားတာကို မတွေ့ရသေးဘူး။ အဲဒါက အမှန်ပဲ။"

စစ်ကောင်စီဘက်က လယ်သမားတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထောက်ပံ့ပေးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်အပါအဝင် တခြားနေရာတွေမှာ မုန်တိုင်းကြောင့် နေအိမ်ပျက်စီး ဆုံးရှုံးတာ၊ ကျွဲနွားသေဆုံးရတာတွေကို ထည့်တွက်ရလိမ့်မယ်လို့ သူကပြောပါတယ်။ ဒါကြောင့် စိုက်ဖို့ အရင်းအနှီးရှိရင်တောင်မှ လုပ်ငန်းခွင်ဝင်ဖို့ ခက်ခဲလိမ့်မယ်လို့ ဦးကျော်ဇံက ပြောပါတယ်။

"ရင်းနှီးမတည်ငွေကို ရှာကြံပြီး ရရင်တောင်မှ အခုဆိုရင် မျိုးစပါးပေါ့၊ အခက်အခဲအတော်လေးကို ရှိနေတယ်၊ တပြည်လုံးအတိုင်းအတာနဲ့။ မျိုးစပါး မရှိသလောက် ဖြစ်သွားပြီပေါ့နော်။ အဲဒီမျိုးစပါးကို ရရင်တောင်မှ သွင်းအားစုပေါ့၊ မြေဆီတအိတ်ကို တသိန်းကျော်နေပြီဗျာ။ ဆိုတော့ အရင်နှစ်တုန်းက ခြိုးခြံချွေတာပြီးတော့ ဝယ်နိုင်ရင်တောင် ဒီနှစ်မှာ အဲဒီ အရင်းမရှိတဲ့ကြားထဲ အကုန်လုံးပွင့်သွားတော့ ပါသွားတော့ဗျာ။ အဲဒီအရင်းအနှီးအတွက်က တော်တော်လေးကို အခက်အခဲကြုံရမဲ့ အနေအထားရှိတယ်။"

အခုနှစ်မှာ မိုခါမုန်တိုင်း ဝင်ရောက်သွားတဲ့ နေရာတွေမှာ စပါးမစိုက်နိုင်သေးပါဘူး။ ဒီထဲမှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်တဲ့ WFP တို့ကို အရင်ကတည်းက မှီခိုနေရတဲ့ ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ မောင်းတောလို မြို့နယ်တွေလည်း ပါနေပါတယ်။ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် အခုနှစ်မှာလည်း စားနပ်ရိက္ခာ ဖူလုံမှု မရှိနိုင်ကြောင်း ဘူးသီးတောင်က လယ်သမားတဦးက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ စိုးရိမ်မှုရှိတယ်၊ လယ်သမားတွေ စိုက်ပျိုးရေးဒဏ်လည်း ရှိတယ်။ အခု မုန်တိုင်းဒဏ်လည်း ရှိတယ်ဆိုတော့ စပါးစိုက်ပျိုးလိုက်ရင်လည်း အရှုံးပေါ်တာလည်း ရှိတယ်ဆိုတော့ အများစုက စိုက်ပျိုးမှုမှာတော့ နည်းတယ်ပေါ့။ ဆိုတော့ ဒေသတွင်း ဝမ်းစာဖူလုံမှု မရှိဘူး။ ကျနော်တို့ဘက်မှာ WFP တို့၊ ICRC တို့ဘက်က ထောက်ပံ့တဲ့ဟာနဲ့ပဲ အားကိုးပြီးမှ နေရတဲ့ဒေသပါ။"

လယ်လုပ်နိုင်တဲ့ အရွယ်တွေကလည်း ရေကြည်ရာ၊ မြက်နုရာကို ရွှေ့ပြောင်းရင်း ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာနေပါတယ်။ ဒါကလည်း လယ်မစိုက်နိုင်တဲ့ အကြောင်းရင်းထဲက တခုဖြစ်လာတယ်လို့ လယ်သမားတွေက ပြောပါတယ်။ အခုဆိုရင် မြို့ပေါ်မှာ ၂၄ပြည်ပါတဲ့ ဆန်ချောတအိတ်ကို ၁၃၀,၀၀၀ ကျပ်လောက်ရှိပြီး၊ ဆန်ကြမ်းစျေးလည်း တသိန်းနားကို ကပ်လာပါတယ်။ စိုက်ပျိုးရေးအကြံပေး အဖွဲ့အစည်းတွေကတော့ လာမဲ့နှစ်တွေမှာလည်း အယ်နီညိုရာသီဥတု ခံစားရနိုင်တဲ့ အခြေအနေကို သတိပေးထားပါတယ်။ ဒီရာသီဥတုကြောင့် စပါးစိုက်တဲ့ နိုင်ငံအများစုမှာ အထွက်နှုန်းတွေ လျော့ကျနိုင်ပါတယ်။ ဒါကြောင့် စိုးရိမ်တကြီး ဝယ်ယူမှု၊ သိုလှောင်မှုတွေ ဖြစ်လာနိုင်ခြေ ရှိတာပါ။ ပြည်ပနိုင်ငံတွေကလည်း အများအပြား ဝယ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

အခုနှစ် ဇန်နဝါရီလ တလတည်းမှာတင် ကုမ္ပဏီ ၄၉ခုက ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂၆၈,၀၀၀ ကျော် တင်ပို့ထားတယ်လို့ မြန်မာ့စီးပွားကူးသန်းဌာန စာရင်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်ကို အများဆုံး ရောင်းချခဲ့တာပါ။ ဒါက ပြီးခဲ့တဲ့ ၁၀လအတွင်းမှာ အများဆုံးအဖြစ်နဲ့ စံချိန်တင်ခဲ့တာပါ။

မြန်မာနိုင်ငံအတွင်းမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် စားနပ်ရိက္ခာ ပြတ်လပ်နိုင်ခြေ ရှိနေတာကို ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့ FAO က အခုနှစ် မေလကုန်မှာ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG