သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှုနယ်ရဲ့ စိန်ခေါ်မှုသစ်


ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများ (ဇွန်၊ ၂၄၊ ၂၀၁၈)
ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများ (ဇွန်၊ ၂၄၊ ၂၀၁၈)

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ UNESCO ကမ္ဘာ့အမွေအနှစ်အဖြစ် ဇူလိုင် ၆ ရက်မှာ သတ်မှတ်ခံရပြီး အဲဒီနောက်မှာ တွေ့ရမယ့် စိန်ခေါ်မှုတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့လိုကြောင်း ခရီးသွားလုပ်ငန်းမှာ ပါဝင် ပတ်သက်သူတွေက ပြောလိုက်ပါတယ်။ သူတို့အမြင်ကို မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

ယူနက်စကို (UNESCO) ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားတဲ့ ပုဂံက ရက်ပိုင်းအတွင်း ပြည်တွင်း၊ ပြည်ပမှာ စိတ်ဝင်စားမှု များနေသလို လာမယ့် ခရီးသွားရာသီမှာ ဧည့်သည် ပိုပြီးဝင်လာမယ်လို့ ခန့်မှန်းနေကြတာပါ။ ခရီးသွားတွေအတွက် အခြေခံ အဆောက်အဦးတွေ လုပ်ဖို့ လိုသလို အဲဒါတွေကြောင့် ထိခိုက် မပျက်စီးအောင်လည်း အစိုးရက ကနဦး စီမံကိန်း အမြန်ရေးဆွဲဖို့လိုကြောင်း မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာအသင်း အတွင်းရေးမှူး ဦးသူရအောင်က ဗွီအိုအေကိုပြောပါတယ်။

"ရှေ့နှစ်ကို ခရီးသွားအလုံးအရင်းနဲ့ ဝင်လာခဲ့ရင် ကျနော်တို့က ကြိုပြင်ဆင်ထားဖို့ လိုတယ် အဲဒီအတွက်။ ဥပမာ လိုအပ်တဲ့ infrastructure တွေ ဘာတွေရှိလည်း ဒါတွေက လုပ်ကို လုပ်ရမှာ။ တဘက်မှာလည်း ဒါတွေလုပ်ရင် ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်လာစေမယ့် အရာတွေ ရှိတယ်။ အဲဒါတွေအတွက်ကို ကြိုပြီးတော့ အစိုးရက ဒီတလ၊ နှစ်လအတွင်းကို ဒီဟာကို implementation plan တွေ၊ ပေါ်လစီတွေ လုပ်သင့်ပြီပေါ့။”

ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများ (ဇွန်၊ ၂၄၊ ၂၀၁၈)
ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများ (ဇွန်၊ ၂၄၊ ၂၀၁၈)

ယဉ်ကျေးမှုနယ်ထဲမှာရှိတဲ့ ဟိုတယ်တွေ၊ ယဉ်ကျေးမှုနယ်မြေနဲ့ မသင့်တော်တဲ့ တည်ဆောက်မှုတွေက ပုဂံအတွက် စိန်ခေါ်မှု ဖြစ်နေပြီး မြန်မာအစိုးရက ဒါကို ၂၀၂၈ နောက်ဆုံးထားပြီး တဖြည်းဖြည်း ကိုင်တွယ်သွားသင့်တယ်လို့ အကြံပြုထားပါတယ်။ ပုဂံမြို့ဟောင်းထဲ ဟိုတယ်သစ် တိုးချဲ့တာတွေက စည်းကမ်းအရဆိုရင် ပုဂံကို ယူနက်စကိုမှာ စာရင်း တင်သွင်းကတည်းက ရပ်ထားရမှာပါ။ ယူနက်စကိုရဲ့ လမ်းညွှန်ချက်တွေကို ဒေသခံတွေ သိအောင် ဖြန့်ပေးဖို့ လိုပြီး လက်ရှိမှာ မန္တလေးတိုင်း ဒေသကြီး အစိုးရကလည်း ပိုပြီး ပူးပေါင်း ပါဝင်သင့်တယ်လို့ ဧည့်လမ်းညွှန် ကိုနိုင်ထွန်းက ပြောပါတယ်။

“၂၀၂၈ မှာ မြို့ဟောင်းထဲမှာ ရှိတဲ့ ဟိုတယ်တွေ ထွက်ပေးပါမယ်လို့ သူတို့ ကတိကဝတ် ပေးထားတယ်။ နောက်ရွာတွေနဲ့ မြို့တွေကို ဒေသခံတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်အောင် home stay တွေ ပေးပါမယ်ဆိုပြီး သူတို့ ကတိပေးထားတာ ရှိတယ်။ အဲဒါတွေ အကောင်အထည်ဖော်ဖို့ လိုတယ်။ ဒါတွေက ကျနော်တို့ တောင်းတာ မဟုတ်ဘူး။ အစိုးရကိုယ်တိုင်က ယူနက်စကိုကို တင်ထားတာ။ ဆက်ပြီး မှန်မှန်ကန်ကန် လုပ်နိုင်မှ ဒီကမ္ဘာ့အမွေအနှစ်ကို ရေရှည်ထိန်းနိုင်မှာပေါ့။”

ပုဂံမှာဟိုတယ် အလုံးရေ ၁၀၀ ကျော် အခန်းပေါင်းက ၃,၀၀၀ နီးပါး ရှိပါတယ်။ ခရီးသွားနည်းနေတဲ့ ကာလမှာ ဒေသခံဟိုတယ် လုပ်ငန်းရှင်တွေက တရုတ် လုပ်ငန်းရှင် တွေကို တဆင့်ပြန်ငှားပြီး လုပ်ငန်းမကျဆင်းအောင် လည်ပတ်ခဲ့ပါတယ်။ အခုဒီမှာ ခရီးသွားတိုးလာဖို့ မျှော်လင့်ထားလို့ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုတွေ အစိုးရက ဆောင်ရွက်ပေးသင့်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ဗွီအိုအေကိုပြောပါတယ်။

“Tourism Management Strategic Plan ကို ကျနော်တို့ ပြီးခဲ့တဲ့ သုံးနှစ် ယူနက်စကိုအတွက် proposal (အဆိုပြု) ကတည်းက ဦးဆောင်ဆွေးနွေးခဲ့တာပါ ဟိုတယ်အသင်းနဲ့ ကျနော်တို့ ခရီးသွားအသင်းနဲ့ ဝန်ကြီးဌာနတွေနဲ့ ယူနက်စကိုက ပညာရှင်တွေနဲ့ရော ဦးဆောင်ဆွေးနွေးခဲ့တယ်။ ပုဂံအခြေအနေ ပြန်ကောင်းလာမှာပါ ဧည်သည်တွေလည်း ပြည်တွင်း၊ ပြည်ပ အာရုံစိုက်လာတော့မယ်။ Tourism Management Plan ဒါနဲ့ ပတ်သက်တဲ့ destination (ခရီးစဉ်) ကို ဘယ်လို စီမံခန့်ခွဲရမလဲဆိုတာ အရေးကြီးသွားပြီ။ ဒါကိုကျကျနနလေး သူ့ရဲ့SOP အတိုင်း generilization လုပ်ဖို့ပဲ အရေးကြီးပါတယ်။”

အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ လုပ်နေတဲ့ ယူနက်စကိုရဲ့ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးမှာ ပုဂံမြို့ဟောင်း ယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကြေညာခဲ့တာပါ။

၂၀၁၄ ဇွန် ၂၂ရက်၊ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာလုပ်တဲ့ ၃၈ ကြိမ်မြောက် ယူနက်စကို အစည်းအဝေးမှာ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်း သုံး ခုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရပါတယ်။ ပုဂံကတော့ ဒုတိယမြောက်ပါ။ ရခိုင်ဒေသက မြောက်ဦးမြို့အတွက်လည်း သက်ဆိုင်ရာက ကြိုးစားနေပြီး AA လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲတွေကြားမှာ ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ရှိလာမှာ အများစုက စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG