သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂံကို UNESCO ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ထည့်သွင်းမည်


ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများ
ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများ

မြန်မာ့ရှေးဟောင်း ဘုရားပုထိုးစေတီတွေ ရှိရာ ပုဂံဒေသကို ကုလသမဂ္ဂ UNESCO အဖွဲ့ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်လိုက်ရင် မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူး ပိုရှိလာမှာ ဖြစ်ပေမယ့် ထိန်းသိမ်း ဆင်ခြင်စရာတွေ ရှိနေသေးတယ်လို့ မြန်မာပညာရှင်တဦးက သတိပေးလိုက်ပါတယ်။ ရှေးဟောင်းမြို့တော် ပုဂံကို ဒီရက်ပိုင်းအတွင်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ကြေညာဖို့ ရှိနေချိန်မှာ အခုလို ပြောဆိုလိုက်တာပါ။ ကိုဉာဏ်ဝင်းအောင်က ဆက်ပြီး တင်ပြပါမယ်။

ပုဂံမြို့ဒေသကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ဒေသအဖြစ် ယူနက်စကိုက ဒီရက်ပိုင်းအတွင်း အသိအမှတ်ပြုဖို့ ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံမှာ လုပ်နေတဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေးမှာ နိုင်ငံတကာအထိမ်းအမှတ် အဆောက်အဦးနဲ့ နေရာဒေသများကောင်စီ ICOMOS အဖွဲ့က ပုဂံဒေသကို ထောက်ခံချက်ပေးတာကြောင့် ဒီရက်ပိုင်းအတွင်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ ဖြစ်လာဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ယူနက်စကိုရဲ့ စာရင်းဝင်ဒေသဖြစ်ဖို့ အခြေခံ ခြောက်ချက် ရှိဖို့ လိုတယ်လို့ ဂျာမနီနိုင်ငံ ဘာလင်တက္ကသိုလ် မြန်မာ့ရေးရာဌာန အငြိမ်းစားကထိက ဦးခင်မောင်စောက ခုလိုရှင်းပြပါတယ်။

ပုဂံရှေးဟောင်းစေတီပုထိုးများ
ပုဂံရှေးဟောင်းစေတီပုထိုးများ

"ရှေးဟောင်းလူတွေရဲ့ ဖန်တီးထားတဲ့ အနုပညာ တရပ်က တကယ့်ကို ကောင်းမွန်တဲ့ အနုပညာ တရပ် ဖြစ်ရမယ်။ အဲ နောက် ဒုတိယ အချက်က တချိန်တခါတုန်းက အဲ့နေရာမှာ လူသားတွေရဲ့ ယဉ်ကျေးမှုတွေ ထွန်းကားခဲ့တယ်။ အဆောက်အဦးတွေ ဘာတွေပေါ်လာတယ်။ အဲဒီ အဆောက်အဦးတွေက အခုထိ မပျက်မဆီးပဲ ကျန်နေတယ်။ တတိအချက် အဆောက်အဦးတွေ ပုံစံကလည်း တကယ့်ကို ကမ္ဘာမှာ စံ နမူနာ ပြလောက်တဲ့ အဆောက်အဦးပုံစံမျိုး ဖြစ်ရမယ်။ ဥပမာဆိုရင် အိန္ဒိယက Taj Mahal လို ဟာမျိုး။ နောက်တခုက အဲ့ဒေသမှာ ရှိခဲ့တဲ့ လူတွေရဲ့ ထုံးထမ်းအစဉ်အလာဘာညာ အဲဒါတွေကို ဒီကျန်ခဲ့တဲ့ အဆောက်အဦးတွေ ကြည့်တာနဲ့ကို သဘောပေါက်သွားနိုင်တဲ့ အခြေအနေ ရှိရမယ်။ နောက်တခါ အဲဒေသမှာပဲ ရှိခဲ့တဲ့ လူတွေက လေကို ဘယ်လိုအသုံးချတယ်၊ ရေကို ဘယ်လိုအသုံးချတယ် အဲ့ဒါတွေကို ကျန်ခဲ့တဲ့ အဆောက်အဦးတွေမှာ ပြထားနိုင်တဲ့ အနေအထားရှိရမယ်။ နောက်ပြီးတော့ အဲ့ဒေသမှာ နေခဲ့တဲ့ လူတွေ ယုံကြည်မှု၊ ကိုးကွယ်မှု၊ ယဉ်ကျေးမှုတွေကို ဒီအဆောက်အဦးတွေက ပြနိုင်တဲ့ အခြေအနေ ရှိရမယ်။ အများအားဖြင့် အဲ့ဒီ အချက် ခြောက်ချက်နဲ့ ညီရင်ရတယ်။"

ပုဂံဒေသကို World Heritage ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ထည့်သွင်းပေးဖို့ မြန်မာစစ်အစိုးရလက်ထက် ၁၉၉၆ ခုနှစ်မှာ လျှောက်ထားခဲ့တာပါ။ ဒါပေမဲ့ စစ်အစိုးရက ပုံဂံမှာ မျှော်စင်ကြီးတွေ ဆောက်တာ၊ ဘုရားစေတီတွေကို ထီးတင်တာမျိုး ရွှေသင်္ကန်း ကပ်တာမျိုးတွေ လုပ်ခဲ့တာကြောင့် မူရင်းပုဂံလက်ရာကို ထိခိုက်စေမယ်ဆိုပြီး ရှေးဟောင်းသုတေသန ပညာရှင်တွေက ကန့်ကွက်ခဲ့ကြပါတယ်။ အကယ်၍ ပုဂံ ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ထည့်သွင်းလိုက်ရင် မြန်မာနိုင်ငံအတွက် အကျိုး ပိုရှိလာမှာဖြစ်သလို သတိထား ဆင်ခြင်စရာတွေလည်း ရှိနေတယ်လို့ ကထိက ဦးခင်မောင်စောက ပြောပါတယ်။

"ပုဂံကို အဲလို စာရင်းထဲမှာ ဝင်သွားပြီဆိုရင် ဝမ်းသာတယ်။ ကောင်းတယ်။ အဲ့လို စာရင်းဝင်သွားတဲ့ အတွက်ကြောင့်မို့ လူတွေ ပိုပြီး စိတ်ဝင်စားမယ်။ Tourist တွေပိုပြီး ဝင်လာမယ်။ ပိုလာတဲ့အတွက် မြန်မာပြည် ပိုဝင်ငွေကောင်းမယ်ပေါ့ဗျာ။ အဲ့ဒါတွေ ရှိတယ်။ နောက်ကိုယ့်ဘက်ကလည်း ရှေးဟောင်းအမွေအနှစ်ဆိုရင် ရှေးဟောင်း အမွေအနှစ်နဲ့ ပီသအောင် ထားပေးရမယ်။ သွားပြီးတော့ ဆေး အသစ်သုတ်တာတို့၊ ဘုရား ရွှေသင်္ကန်း အသစ်ကပ်တာတို့ ရွှေအသစ်ကပ်တာတို့ ဘာတို့လုပ်တာတို့ ဆိုရင်တော့ အဲ့ဒါ စာရင်းထဲက ပြန်အဖျက်ခံရလိမ့်မယ်။ ဥပမာ ဂျာမနီ ပြည်နယ်တခုဖြစ်တဲ့ Saxony မှာ ဒေသတခုကို သူတို့ သက်မှတ်ထားပြီးပြီ။ သတ်မှတ်ထားပြီးတော့မှ မြို့တော် ကောင်စီကနေပြီးတော့ ပိုလှပအောင်ဆိုပြီး တံတားတခု သွားဆောက်လိုက်တယ်။ အဲ့ဒီ ရှုခင်းက ပျက်သွားတယ်ဆိုပြီး သူတို့ သတ်မှတ်တဲ့ အဖွဲ့ကနေပြီး ပြန်ရုပ်သိမ်းတယ်။ အဲ့ဒါကို သူတို့ အယူခံတင်တာ အကြိမ်ကြိမ်ပဲ။ ၂၀၀၉ ခုနှစ်မှာ နောက်ဆုံးပိတ် သူတို့ စာရင်းထဲကနေ ပယ်ဖျက်လိုက်တယ်။"

ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများ
ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများ

ပုဂံဒေသလိုပဲ မြန်မာနိုင်ငံမှာ ကမ္ဘာ့အမွေအနှစ် စာရင်းထဲပါသင့်တဲ့ မြောက်ဦးဒေသ ရှိပေမဲ့ စစ်မက်ဖြစ်ပွားနေတာတွေ ရပ်ဖို့ လိုတယ်လို့ ဦးခင်မောင်စောက ထောက်ပြပါတယ်။

"အမှန်အတိုင်းဆိုရင် မြောက်ဦးကိုလည်း ရှေးဟောင်းအမွေအနှစ်တော့ ဝင်သင့်တာပဲလေ။ မြောက်ဦးက အင်းဝနဲ့ ခေတ်ပြိုင်ဆိုတော့ ပုဂံထက်နည်းနည်းလေးတော့ နောက်ကျတယ်။ မြောက်ဦးမှာလည်း ရှေးဟောင်းအမွေအနှစ်တွေ အများကြီး။ မြောက်ဦး တခုတင်မကပါဘူး။ ရခိုင်ပြည်မှာ ဝေသာလီတို့၊ ကျောက်လှေကားတို့ ဒညဝတီတို့ မြို့ဟောင်းတွေ ရှိတာပဲ... အများကြီးတွေ။ ရှေးဟောင်းအမွေအနှစ် ဝင်သွားပြီဆိုရင် ကျနော်တို့ Geneva Convention အရရော၊ The Hague Convention အရရော စစ်မဲ့ဇုန်ဆိုပြီး သတ်မှတ်ထားတယ်။ အဲဒါကို အဲလိုနေရာမျိုးမှာ စစ်သွားဖြစ်လို့တော့ မရဘူးပေါ့ဗျာ။"

ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ထည့်သွင်းသင့်-မသင့် ဆုံးဖြတ်နိုင်ဖို့ ICOMOS အဖွဲ့ဝင်တွေဟာ ၂၀၁၈ စက်တင်ဘာ လထဲမှာ သီတင်းတပတ်ကျော်ကြာ ရှေးဟောင်းပုဂံဒေသကို သွားရောက် စစ်ဆေးပြီး ယူနက်စကို စာရင်းဝင်နိုင်ရေးအတွက် ထောက်ခံမှု ပေးခဲ့ပါတယ်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသတွေအဖြစ် UNESCO က သတ်မှတ်ထားတဲ့ နိုင်ငံတွေထဲမှာ အီတလီနိုင်ငံက ၅၄ နေရာနဲ့ အများဆုံးဖြစ်ပြီး၊ တရုတ်နိုင်ငံက ၅၃ နေရာနဲ့ ဒုတိယလိုက်ကာ၊ စပိန်မှာ ၄၇ နေရာနဲ့ တတိယလိုက်ပြီး၊ ပြင်သစ်နဲ့ ဂျာမနီမှာ ၄၄ နေရာစီနဲ့ အိန္ဒိယနိုင်ငံမှာ ၃၇ နေရာ ရှိပါတယ်။ အရှေ့တောင်အာရှဒေသထဲက နိုင်ငံတခုစီမှာ ရှေးဟောင်းအမွေအနှစ်နေရာ အနည်းဆုံး ၁၅ ခုအထိ လျှောက်ထားနိုင်တယ်လို့ ယူနက်စကိုက ခွင့်ပြုထားပေမယ့် ၁၅ နေရာပြည့်မီတဲ့နိုင်ငံ ခုထိ ရှိမလာသေးပါဘူး။ ကမ္ဘောဒီးယားနိုင်ငံမှာ အန်ကောဝပ် ဘုရားကျောင်းက နာမည်ကြီးပြီး မြန်မာနိုင်ငံမှာတော့ ပိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာမြို့ဟောင်းတွေပြီးရင် ပုဂံဒေသဟာ ရှေးဟောင်း အမွေအနှစ်ဒေသ ဖြစ်လာတော့မှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG