သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Baltimore ညမထွက်ရ အမိန့် ချိုးဖေါက်သူတွေ ရဲဖမ်း


Baltimore ရဲလုံခြုံရေးများ ဆန္ဒပြသူတဦးကို ဖမ်းဆီးစဉ်၊ (မေ ၃။ ၂၀၁၅)
Baltimore ရဲလုံခြုံရေးများ ဆန္ဒပြသူတဦးကို ဖမ်းဆီးစဉ်၊ (မေ ၃။ ၂၀၁၅)

အမေရိကန် ပြည်ထောင်စု ဘော်တီမိုးမြို့မှာ ည ၁၀ နာရီ ညမထွက်ရအမိန့်ကို ချိုးဖောက်တဲ့ အနည်းဆုံး လူ ၁၂ ယောက်တို့ကို စနေနေ့ ညက ဖမ်းဆီးခဲ့တယ်လို့ ရဲက ပြောပါတယ်။

စနေနေ့ အစောပိုင်းကတော့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ Freddie Gray သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး ရဲ ၆ ဦးတို့ကို တရားစွဲဆိုမယ့် ကြေညာချက် သောကြာနေ့က ထွက်ပေါ်လာပြီး စနေနေ့မှာတော့ အများအပြားက ဒီကြေညာချက်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသလို ဆန္ဒပြသူတွေကလည်း တရားမျှတမှု မရှိရင် ငြိမ်းချမ်းရေး မရှိနိုင်ဘူးလို့လည်း ကြွေးကြော်ခဲ့ကြတာပါ။

အသက် ၂၅ နှစ်အရွယ် အမေရိကန် လူမည်းအမျိုးသား Freddie Gray ဟာ ရဲတွေရဲ့ ဖမ်းဆီးချုပ်နှောင်မှုခံနေရစဉ် ကျောရိုးဒဏ်ရာ ခံစားခဲ့ရပြီး ဧပြီလ ၁၂ ရက်နေ့က သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ သူသေဆုံးရမှုကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ နေ့စဉ် ရက်ဆက် ဆန္ဒပြမှုတွေထဲမှာ သူ့ရဲ့ဈာပန ကျင်းပတဲ့ တနလာၤနေ့တုန်းက အကြမ်းဖက်မှုတွေအထိ ဖြစ်ပေါ်စေခဲ့တာပါ။

ရဲတွေနဲ့ ဆန္ဒပြသူတွေကြား နေ့ရောညပါ ထိပ်တိုက်တွေ့ခဲ့ကြပြီး လူပေါင်း ၂၀၀ ကို ရဲက ဖမ်းဆီးခဲ့သလို အနည်းဆုံး ရဲဝန်ထမ်း ၂၀ လောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။

စနေနေ့ မနက်ပိုင်းကတော့ ချီတက် ဆန္ဒပြသူတွေ စိတ်အေးလက်အေး ရှိနေပြီး ရဲတွေနဲ့ ဓာတ်ပုံတွေတွဲပြီး ရိုက်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေအနေနဲ့ စိတ်အေးအေးထားကြဖို့ အာဏာပိုင်တို့က မနေ့ စနေနေ့နှောင်းပိုင်းမှာ ပန်ကြားခဲ့ပြီး ည ၁၀ နာရီ ကစလို့ မနက် ၅ နာရီထိ ညမထွက်ရအမိန့် ဆက်ပြီး ရှိနေတာမို့ အိမ်ပြန်ကြဖို့နှိုးဆော်ခဲ့ပါတယ်။

XS
SM
MD
LG