သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗန်းမော် ရှပ်ပြေးယာဉ်နစ်မြှုပ်မှု ကယ်ဆယ်ရေး နှောင့်နှေး


myanmar boat
myanmar boat
မနေ့က မနက်ပိုင်းက တိမ်းမှောက်ခဲ့တဲ့ ဗန်းမော်နဲ့ ကသာကြား ပြေးဆွဲနေတဲ့ ရှပ်ပြေးရေယာဉ် ကယ်ဆယ်မှုတွေကို ဌာနဆိုင်ရာ အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး ဒီကနေ့ ဆက်လုပ်နေကြပါတယ်။ ပျောက်ဆုံးနေသူ ၂၄ ယောက်လောက် ရှိနေဆဲဖြစ်ပြီး စက်ပစ္စည်း ကိရိယာ အားနည်းမှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ခက်ခက်ခဲခဲ လုပ်နေရတဲ့အကြောင်း ဒေသခံတချို့ ပြောပြပါတယ်။ အခြေအနေကို ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ ကသာမြို့ကို ပြေးဆွဲနေတဲ့ ရှပ်ပြေးရေယာဉ် မနေ့ မနက်ပိုင်းက တိမ်းမှောက်ခဲ့တာမှာ ခုချိန်ထိ ၂၄ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အစိုးရ ဌာနပိုင်းဆိုင်ရာတွေကရော၊ အရပ်ဘက် အကူအညီပေးရေး အဖွဲ့တွေပါ ပူးပေါင်းပြီး ရှပ်ပြေးရေယာဉ်ကို ရေထဲကနေ ဆွဲတင်နိုင်ဖို့ ကြိုးစားနေသလို ပျောက်ဆုံးသူတွေကို ရှာဖွေနေတယ်လို့ ဗန်းမော်ဒေသခံတဦးက ပြောပြပါတယ်။

“အခုအခြေအနေအထိကတော့ ဆက်ပြီးတော့ ကြိုးစားနေဆဲပဲခင်ဗျ။ ဘာမှတော့ အခြေအနေက မထူးခြားလာသေးဘူး။ နေ့လယ်ပိုင်းလောက်ကတည်းက သူတို့ လုပ်နေကြတာ။ ကျနော် သိသလောက်ကတော့ အဖွဲ့တွေတော့ တော်တော်များတယ်ခင်ဗျ။ မီးသတ်တွေရော၊ ပြည်ခိုင်ဖြိုး၊ NLD၊ ဒီပါတီတွေလည်း ရှိတယ်။ နောက်ပြီးတော့ မယက အကုန်လုံး ပါပါတယ်။ ဌာနဆိုင်ရာတွေ အားလုံးကနေပြီးတော့ ရဲတပ်ဖွဲ့တွေရောပေါ့နော်၊ အားလုံးကတော့ စုပြီးတော့ လုပ်နေကြတာပဲဗျ။ ရှပ်ပြေးကတော့ ခုချိန်ထိ မပေါ်သေးဘူးဗျ။ ခရီးသည်တွေရဲ့ ဟမ်းဘက်အိတ် နှစ်လုံးသုံးလုံးကတော့ ရေပေါ် ပေါ်လာတာ ရှိတယ်။ အဲဒါလေးတွေတော့ ဒီရုံးကို သယ်လာတာ တွေ့ရတယ်ဗျ။ အလောင်းတွေကတော့ မတွေ့သေးဘူးပေါ့ဗျာ။ မနေ့က ရေစီးက တအားသန်တဲ့အခါကျတော့ မျှောတဲ့ဟာလည်း မျှောသွားကြလောက်ပါပြီ။ လောလောဆယ် ပျောက်ဆုံးသူ စာရင်းကတော့ ၂၄ ယောက် ရှိတယ်လို့ ပြောတယ်ခင်ဗျ။ ၇၅ ယောက်ကတော့ ရထားပြီပေါ့၊ ရထားပြီဆိုတာက လွတ်မြောက်တာပေါ့။ ဒါပေမဲ့ အဲဒီအထဲမှာ သေတဲ့သူ တယောက်ပါတယ်။”

လောလောဆယ် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေချိန်မှာ ရာသီဥတု မဆိုးလှပေမဲ့ ရေစီးကတော့ ပြင်းထန်နေပါတယ်။ နည်းပညာပိုင်းနဲ့ စက်ကိရိယာပစ္စည်း အားနည်းမှုတွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိနေတယ်လို့လည်း ဗန်းမော်ဒေသခံကပဲ ဆက်ပြီး ပြောပြပါတယ်။

“အခက်အခဲကတော့ ကျနော်ထင်တာ ဒီမှာ အုတ်တံတိုင်းကြီးက ရှိတယ်လေ။ ဒီအုတ်တံတိုင်းနဲ့ ညှိထားလို့လား မသိဘူးဗျ။ အဲဒီရှပ်ပြေးကတော့ တက်မလာဘူး။ အုတ်တံတိုင်းအောက်မှာ ကျထားလို့နေမှာ၊ ရှပ်ပြေးက ဝိတ်ရှိတယ်လေ။ ပစ္စည်းတွေလည်း တင်ထားတဲ့အခါကျတော့ တော်ရုံနဲ့ ဆွဲမရဘူးခင်ဗျ။ ဂိုင်းနဲ့ပန်ကာတော့ ပြုတ်ထွက်လာတယ်လို့ ပြောတယ်။ ရေပေါ်ကနေ မြမာလာ ကုန်တင်သင်္ဘောက ဆွဲပေးနေတယ်။ ကုန်းပေါ်ကနေလည်း လူတွေရဲ့အားနဲ့ ကြိုးတွေနဲ့ ဆွဲနေကြတာတော့ တွေ့တယ်။ စက်ပစ္စည်းကိရိယာ ဆိုတာက အဆင့်မြင့်တဲ့ ပစ္စည်းကိရိယာတွေ မရှိဘူးလေ။ ကြိုးတွေနဲ့ သစ်ပင်မှာချည်၊ ပြီးတော့ မြှုပ်ထားတဲ့ ရှပ်ပြေးမှာချည်ပြီးတော့ ကမ်းပါးပေါ်ကို လူအားနဲ့ ဆွဲတင်နေကြတာပေါ့။ စက်ကိရိယာ ကြီးကြီးမားမား စုံစုံလင်လင်တော့ မရှိပါဘူး။ နည်းပညာ ကြွယ်ကြွယ်၀၀တော့ မရှိဘူး။ အရမ်းအားနည်းပါတယ်။ သီးခြား လေ့ကျင့်ထားတဲ့ အဖွဲ့အစည်းမျိုးတွေလည်း မရှိထားတဲ့အခါကျတော့ အခုလို ဖြစ်တာပေါ့။ မအောင်မမြင်တွေ ဖြစ်တာပေါ့လေ။”

ဗန်းမော်နဲ့ ကသာကြား ပြေးဆွဲနေတဲ့ ရှပ်ပြေးရေယာဉ်ဟာ မနေ့က ဗန်းမော်ဆိပ်ကမ်းကအထွက် မနက် ၉ နာရီကျော် လောက်မှာ စက်ချို့ယွင်းမှုကြောင့် တိမ်းမှောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ရေယာဉ် နစ်ချိန်မှာ မိုးရွာနေတာကြောင့် မိုးကာ အုပ်ထားတဲ့အတွက် အထဲက မထွက်နိုင်သူတွေ ရှိသလို တချို့ကတော့ ကမ်းနားမှာ တန်းစီရပ်ထားတဲ့ တခြား ရှပ်ပြေးရေယာဉ်တွေ အောက်ကိုလည်း ဝင်သွားနိုင်တယ်လို့ ပြောကြပါတယ်။ နစ်မြှုပ်ချိန်မှာ ရေယာဉ်ပေါ် လိုက်ပါလာသူ ၁၀၀ ကျော်လောက် ရှိမယ်လို့လည်း တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ အဲဒီအထဲမှာ မြစ်ကြီးနားမြို့ ကျောင်းသား အားကစားပွဲတော်ကို ကသာ နဘားရထားလမ်းကနေ သွားကြမယ့် ကျောင်းသားတွေလည်း ပါတယ်လို့ ဆိုပါတယ်။

သတ်မှတ်တန်ချိန်ထက် ပိုပြီး တင်ဆောင်မှုတွေကြောင့် ခုလို ရေယာဉ်တိမ်းမှောက်မှုတွေ မြန်မာနိုင်ငံမှာ မကြာခဏ ဆိုသလို ဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့မတ်လအတွင်းကလည်း ပုသိမ်မြို့နဲ့ ငပုတောမြို့ ပြေးဆွဲတဲ့ ပုသိမ်သူ ၁၁ သင်္ဘော တိမ်းမှောက်ခဲ့တာမှာ လူ ၂၀ကျော် သေဆုံးခဲ့သလို ၂၀၁၁ ခုနှစ် ဇွန်လက ဘိုကလေးမြို့နယ်အတွင်း စက်လှေ တိမ်းမှောက်မှုမှာလည်း ကျောင်းသူ ကျောင်းသား ၅ ယောက် သေဆုံးခဲ့ရပါတယ်။
XS
SM
MD
LG