သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗန်းမော်စစ်တပ်အခြေစိုက်စခန်းကြီးတွေအနီး တိုက်ပွဲပြင်းထန်


စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကြားတိုက်ပွဲတွေကြောင့် ဗန်းမော်ဒေသခံများ စစ်ဘေးရှောင်နေကြသည့်မြင်ကွင်း (ဒီဇင်ဘာ ၆၊ ၂၀၂၄)
စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကြားတိုက်ပွဲတွေကြောင့် ဗန်းမော်ဒေသခံများ စစ်ဘေးရှောင်နေကြသည့်မြင်ကွင်း (ဒီဇင်ဘာ ၆၊ ၂၀၂၄)

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီကနေ့ မနက် KIA ကချင်လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲတွေ ပြန်ပြင်းထန်နေပါတယ်။ စစ်တပ်အခြေစိုက်စခန်းကြီးတွေရှိတဲ့နေရာတွေမှာ အဓိက တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ဗန်းမော်မှာ တိုက်ပွဲပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီက KIA ဌာနချုပ် လိုင်ဇာဘက်ကို ဒရုန်းယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ရက်ပေါင်း ၅၀ လောက်ရှိနေပြီဖြစ်တဲ့ ဗန်းမော်တိုက်ပွဲ နောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

၂၀၂၄ ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက စခဲ့တဲ့ ဗန်းမော်မြို့တိုက်ပွဲဟာ ဒီကနေ့မှာ ပြန်လည် ပြင်းထန်နေပါတယ်။ ပြီးခဲ့တဲ့ ရက်တွေအတွင်း ယာယီ ငြိမ်သက်သွားပေမဲ့ ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၃၆၆ အမြောက်တပ်နဲ့ အမှတ် ၂၃၆ ခြေမြန်တပ်ရင်းစခန်းတွေနားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်း KIA ရှေ့တန်းတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒီမနက် ၆နာရီကျော်လောက်ကနေ တိုက်ပွဲ အပြင်းအထန် ဖြစ်နေတယ်တဲ့။ ၃၆၆ ရယ်၊ ၂၁ ရယ်၊ သံချပ်ကာ တပ်ရင်း အဲဒီဘက်တွေတဲ့။ သံချပ်ကာ ၄ စီးလည်း သိမ်းရတယ်တဲ့။ သံချပ်ကာ တပ်ရင်းလည်း ရပြီလို့တော့ ပြောတယ်။ ဒါပေမဲ့ Confirm မဖြစ်သေးဘူးပေါ့။ ပြီးရင်လေကြောင်းနဲ့ ဗုံးကြဲတာ တောက်လျောက်လုပ်နေတယ်တဲ့။ ပြီးရင် ဒရုန်းနဲ့လည်း လိုင်ဇာမြို့ ဝန်းကျင်ကို ဗုံးကြဲသွားတယ်ပြောတယ်။”

ညနေပိုင်းလောက်အထိ စစ်ကောင်စီတပ်က ဗန်းမော်မြို့မှာ လေကြောင်းက ဗုံးကြဲနေတဲ့အပြင် လက်နက်ကြီးနဲ့ ဒရုန်းတွေပါ အသုံးပြု တိုက်ခိုက်နေတယ်လို့လည်း KIA တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ သူက ပြောပါတယ်။ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်မြို့မှာ ဒီကနေ့ တိုက်ပွဲပြန်လည် ပြင်းထန်နေတာကို အတည်ပြုပေမဲ့ သံချပ်ကာကား အချို့ သိမ်းဆည်းတာကိုတော့ အတည်မပြုသေးပါဘူး။

“ ဒီမနက်ပိုင်းကနေ ဗန်းမော်ဘက်မှာ တိုက်ပွဲတွေ ပြန်ပြီးမှ နည်းနည်း ပြင်းထန်တယ်ဆိုတဲ့ သတင်းတွေ တက်ပါတယ်။ စကခ ၂၁ တို့၊ ခမရ ၂၃၆တို့၊ အဲဒီ အမြောက်တပ် ပေါ့နော် ၃၆၆၊ သံချပ်ကာကား (တပ်ရင်း) ၇၀၀၆ ပေါ့။ အဲဒီဘက်မှာ တိုက်ပွဲတွေ ပိုပြီးမှ ပြင်းထန်တယ်လို့ အကြောင်း ကြားလာပါတယ်။ သံချပ်ကာကားကို သိမ်းနိုင်တယ်ဆိုတာလောက်တော့ အတည်ပြု ပြောလို့ မရဘူး။ ဒါပေမဲ့ အဲဒီဘက်မှာ သံချပ်ကာ ကား ဂိုဒေါင်ဆီမှာ ရောက်တယ်ဆိုတာကတော့ ဒီမနက် အကြောင်းကြားလာတာ ရှိပါတယ်။ အပြီးအစီး သိမ်းနိုင်ပြီလား ဆိုတာကတော့ ကျနော် Confirm ပေးလို့ မရဘူး။”

ဗန်းမော်မြို့ဘက် တိုက်ပွဲပြင်းထန်နေချိန်မှာ KIA ဌာနချုပ် အလန့်ဘွမ်ဘက်ကိုလည်း စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

“လိုင်ဇာဘက်မှာ ဗုံးကြဲတာကတော့ ခုနက ၁၂ နာရီ ဝန်းကျင်လောက်မှာပေါ့။ ကျနော် အချိန်တော့ အတိအကျတော့ မမှတ်မိတော့ဘူး။ ဟို လိုင်ဇာ အလန့်ဘွမ်ဘက်မှာ ဗုံးသံတော့ ကြားပါတယ်။ ကျနော်ကြားတာတော့ ၂ ကြိမ်ကြားပါတယ်။ ဘယ်မှာ ကျတယ်ဆိုတာ အတိအကျတော့ ကျနော်လည်း မသိဘူးနော်။ ဟို ဒရုန်းနဲ့ လာကြဲတာ ထင်တယ်။ ဟို လေကြောင်းတွေ ၊ လေယာဉ်ပျံတွေ ပျံတာ ဝဲတာကတော့ မကြားရဘူး။”

အထိအခိုက် အပျက်အစီးအခြေအနေကိုတော့ သူမသိရသေးဘူးလို့ ပြောပါတယ်။

ဗန်းမော်မြို့ တိုက်ပွဲသတင်းတွေကို ဖော်ပြနေတဲ့ Bamaw Scout Team လူမှုကွန်ရက်စာမျက်နှာမှာတော့ စစ်ကောင်စီဘက်က ဗန်းမော်မြို့ထဲက ရွှေကျီးနား၊ နောင်ခို၊ နမ့်မားနဲ့ မင်းလှ ရပ်ကွက်တွေကို ဒီကနေ့ လေကြောင်းက ဆက်တိုက်လို တိုက်ခိုက်နေတယ်လို့ ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့လထဲက ဗန်းမော်မှာ တိုက်ပွဲတွေ စတင်ချိန်ထဲက မြို့ခံ ပြည်သူအများစုဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်နဲ့ မံစီမြို့ကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခဲ့တာပါ။ ဗန်းမော်မြို့ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ စစ်ကောင်စီတပ်က ကာကင်းအချို့ကို သိမ်းယူခဲ့ကြသလို ဒီလ ၈ ရက်နေ့မှာ မံစီမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG