သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် မံစီမြို့ KIA နဲ့ပူးပေါင်းတပ် အလုံးစုံထိန်းချုပ်


ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးတပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း KIA နဲ့ ပူးပေါင်းတပ်ထုတ်ပြန် (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄) ယခင်မှတ်တမ်း။
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးတပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း KIA နဲ့ ပူးပေါင်းတပ်ထုတ်ပြန် (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄) ယခင်မှတ်တမ်း။

ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီတပ်စခန်းသုံးခုကို KIA နဲ့ ပူးပေါင်းတပ်တွေက ဒီနေ့ နေ့လယ်ပိုင်းမှာသိမ်းယူနိုင်ခဲ့တာကြောင့် မံစီမြို့ကိုအလုံးစုံထိန်းချုပ်လိုက်ပြီလို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အတည်ပြုပါတယ်။ ဗန်းမော်မြို့မှာ တော့ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး KIAနဲ့ ပူးပေါင်းတပ်တွေ မြို့တွင်းရပ်ကွက် အချို့မှာ ဝင်ရောက်နေရာယူနေနိုင်ပြီဖြစ်ပါတယ်။ ကချင်ပြည်နယ် တိုက်ပွဲနောက်ဆုံး အခြေအနေကို ရန်ကုန်ကသတင်းပေးပို့ထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်တပ်တွေဟာ ဗန်းမော်နဲ့ မံစီမြို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ပြီး တပြိုင်တည်း ထိုးစစ်ဆင်ခဲ့တာပါ။ ဒီလ ၆ ရက်နေ့မှာတော့ ထိုးစစ်အရှိန်ကို ထပ်မံ မြှင့်တင်ခဲ့ရာက ဒီနေ့ နေ့ခင်းပိုင်းမှာ မံစီမြို့ကို အပြီးသတ်သိမ်းယူခဲ့တယ်လို့ KIAပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“မံစီမြို့က စခန်းသုံးခု ဒီနေ့ မနက်ပိုင်းပေါ့နော်။ ၁၁ နာရီဝန်းကျင်လောက်မှာ အပြီး သိမ်း ပိုက်လို့ ရတဲ့အနေအထားဖြစ်ပါတယ်။ ၆ ရက်နေ့ကနေ ပြန်ပြီးမှ တိုက်ပွဲဖော်ဆောင်ပြီးမှ ဖြစ်တာ။ ဒီမနက်ကတော့ အဲဘက်မှာ နည်းနည်း အင်အားပြန်ဖြည့်ပြီးမှ တိုက်ခိုက်လို့ ၁၁ နာရီ ဝန်းကျင်လောက်မှာ အပြီးသိမ်းနိုင်တဲ့အနေအထားဖြစ်ပါတယ်။ မြို့သိမ်းတာကတော့ ကြာပါပြီ။ မြို့တွင်းဘက်ကတော့ ရဲစခန်းတွေ သိမ်းတာကတော့ ကြာပါပြီ။ မြို့တွင်းဘက်မှာ တော့ ကျနော်တို့အဖွဲ့တွေပဲ နေ,နေတာ။ အခုတော့ မြို့ပြင်လို့ ပြောရမှာပေါ့နော။ လုံခြုံရေး စခန်းတွေကတော့ အဲဒါကို သိမ်းတာဖြစ်ပါတယ်။”

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ် မေလ-ပထမပတ်မှာ မိုးမောက်နဲ့မံစီကို တပြိုင်တည်းတိုက်ခိုက်ခဲ့သလို မံစီမြို့က ရဲစခန်းနဲ့ စစ်တပ်ကာကင်းအချို့ကို သိမ်းယူပြီး မြို့ကို ထိန်းချုပ်ထားခဲ့တာပါ။ မံစီမြို့ခံအများစုဟာလည်း အဲဒီကာလမှာကတည်းက ဘေးလွတ်ရာ တိမ်းရှောင်နေခဲ့ကြရတာပါ။

ဒီကနေ့မှာတော့ မံစီမြို့က ကျန်ရှိနေတဲ့ ခမရ ၃၁၉၊ ၆၀၁ နဲ့ အမှတ် ၅၂၃ အမြောက်တပ် စခန်းတွေကို သိမ်းယူခဲ့တာဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။ လက်ရှိ မှာတော့ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့လည်း ဗိုလ်မှူးးကြီး နော်ဘူက ပြောပါတယ်။

“ဗန်းမော်ဘက်ကတော့ တိုက်ပွဲကတော့ပြင်းထန်ပါတယ်။ မြို့တွင်းက ကာကင်းတွေ၊ နောက် ရဲစခန်းတို့ ဘာတို့ကတော့ မရှိတော့ပါဘူး။ အားလုံးတပ်စခန်းဘက်ကို ဆုတ်ပြီးမှ ပြောင်းသွားကြတယ်။ ၄၇ တို့၊ ၂၁ တို့ ပေါ့နော်။ ဆက်သွယ်ရေးတပ်တို့၊ တက္ကသိုလ် ကျောင်းဘက်မှာ လုံခြုံရေးချထားတဲ့အဖွဲ့တွေ အားလုံးရှိပါတယ်။ အမြောက်တပ်တို့၊ ထောက်ပို့တို့ အကုန်လုံးရှိပါတယ်။ ၉ ခုလားမသိဘူး ရှိပါသေးတယ်။ ကျနော်တို့ သိမ်းနိုင်တဲ့ အနေအထားမရှိသေးပါဘူး။ ရပ်ကွက်တချို့မှာတော့ ကျနော်တို့တွေလည်း ဝင်ထွက်လို့တော့ ရပါပြီ။ ကျနော်တို့ ထိန်းချုပ်နိုင်တဲ့အနေအထားတော့ မဟုတ်ပါဘူး။ ဝင်ထွက်ရတဲ့ အနေအထားတော့ ဖြစ်ပါတယ်။”

ဒေသတွင်းသတင်းမီဒီယာအချို့က ဗန်းမော်အခြေစိုက် ခလရ ၄၇ ကို KIA က သိမ်းယူ ကြောင်းဖော်ပြပေမဲ့ ဗိုလ်မှူးကြီးနော်ဘူကတော့ အတည်မပြုပါဘူး။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၂၁၊ ခလရ ၄၇၊ ၁၂၁၊ ၂၃၆၊ ၂၃၇၊ အမြောက်တပ်၊ သံချပ်ကာတပ်၊ တင့်ကားတပ်အပြင် ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ အင်ဂျင်နီယာတပ်၊ စစ်မြေပြင်စစ်လက်နက်ပစ္စည်းတပ်၊ ထောက်ပံ့ရေး တပ်စတဲ့ လက်ရုံးတပ်ဖွဲ့တွေလည်း အခြေစိုက်ထားတာပါ။

စစ်ကောင်စီဘက်က ဗန်းမော်မြို့ မကျရေးအတွက် လက်နက်ကြီ၊ ဒရုန်းနဲ့ လေကြောင်းက အပြင်းအထန် ခုခံနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်း တိုက်ပွဲအတွင်း အရပ်သား ၃၀ ခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၅၀ ကျော်ရှိကြောင်း ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက ဒီဇင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ လူဦးရေ တသိန်းခွဲလောက် နေထိုင်တဲ့ ဗန်းမော်မြို့ရဲ့ မြို့ခံပြည်သူ သုံးပုံနှစ်ပုံလောက်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံတွေကပြောပါတယ်။ ကချင်ပြည်နယ် တိုက်ပွဲ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG