သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း နေပြည်တော်သွား တောလား


မစ္စတာဘန်ကီမွန်း နေပြည်တော်သို့ရောက်လာစဉ် (ဧပြီ ၂၃၊ ၂၀၂၃)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းလဲဖြစ် The Elders အဖွဲ့ ဒုတိယဥက္ကဌလဲဖြစ်တဲ့ မစ္စတာဘန်ကီမွန်းရဲ့ နေပြည်တော်ခရီးစဉ် အပေါ် သုံးသပ်ချက်တွေအမျိုး ရှိနေပါတယ်။ ဒီခရီးစဉ်ရဲ့အကျိုးဆက်တစုံတရာ ရှိလာနိုင်ပါသလား။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ တလောက ကုလသမဂ္ဂဟောင်း မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ကြိုဆိုကြတာထက်၊ ဝေဖန်တာက ပိုများတယ်ဆိုရင် သဘောတူပါလား။

ဖြေ ။ ။ မင်္ဂလာပါ မြသဇင်။ ပထမဦးဆုံး ဝေဖန်တဲ့လူတွေကို ပြောမယ်ဆိုရင် သူတို့အနေနဲ့ ဝေဖန်စရာအကြောင်း အလုံအလောက် ရှိပါတယ်။ ဘာမှဖြစ်မလာခဲ့တာကို။ အင်မတန် ပြောရဆိုရခက်တဲ့ စစ်ကောင်စီကိုသွားတွေ့တယ်ဆိုတာ သူတို့ကို အသိအမှတ်ပြုရုံပဲ ဖြစ်မယ်။ ဘာကြောင့်သွားသလဲဆိုပြီး ဝေဖန်တယ်ဆိုတော့ သူတို့အကြောင်းနဲ့သူတို့ ဝေဖန်စရာအကြောင်း ခိုင်လုံတယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ ကြိုဆိုတဲ့လူထက် စောင့်ကြည့်တဲ့ဘက်မှာ ပါဝင်ပါတယ်။ စောင့်ကြည့်တာက ပိုပြီးတော့ သဘာဝကျမယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘန်ကီမွန်းရဲ့ ခရီးစဉ်ကို သီးခြားတခုတည်း ကွက်မမြင်ဘဲနဲ့ ဒါက အာဆီယံက ပြောထားတဲ့အတိုင်း အားလုံးစုပေါင်းပြီး လုပ်မယ်ဆိုတဲ့ ခရီးစဉ်တစိတ်တပိုင်း ဖြစ်တယ်။ နောက် စစ်ကောင်စီကလည်း ကြိုဆိုတယ်။ သူတို့ဖိတ်ခေါ်ချက်အရ သွားတယ်ဆိုပြီးတော့ ပြောထားတဲ့အတွက်ကြောင့် ဒါက အဖြေကောင်းထွက်လာမယ်ဆိုပြီး စောင့်ကြည့်တဲ့ဟာ ပိုပြီးသဘာဝကျမယ်လို့ ယူဆပါတယ်။

မေး ။ ။ ဒီခရီးစဉ်မှာ ဘာတွေကို အဓိကထားပြီးတော့ ဆွေးနွေးပါသလဲ။

ဖြေ ။ ။ ဘာတွေကို အဓိကထား ဆွေးနွေးသလဲဆိုတော့ ဘန်ကီမွန်းကတော့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ဆိုတာကို အဓိကထားပြီးတော့ ပြောတယ်။ ဒါပေမဲ့ သူ့ရဲ့ရည်ရွယ်ချက်၊ သူ့ရဲ့ ဆွေးနွေးချက်တွေကို ထုတ်ဖော်ပြောတာကို ကြည့်မယ်ဆိုလို့ရှိရင် - မြန်မာနိုင်ငံမှာ Legitimate Government ဖော်ဆောင်ဖို့ နည်းလမ်းကို ရှာမယ်လို့ ပြောတယ်ဆိုတော့ ဒီစကားက သိပ်အရေးကြီးတယ်။ တချို့က စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုနေတယ်လို့ ပြောနေတယ်။ ဘန်ကီမွန်းက တရားဝင်အစိုးရဖြစ်အောင် ဖော်ဆောင်မယ့်နည်းလမ်းကို သွားကြည့်တာ၊ ရှာတယ်ဆိုတော့ စစ်ကောင်စီကို တရားဝင်အစိုးရလို့ အသိအမှတ် မပြုထားဘူးဆိုတဲ့သဘော ပေါ်လွှင်တယ်။ ဘန်ကီမွန်းပြောတဲ့အထဲမှာ နောက်တခုအရေးကြီးတာက မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ တရားဝင်အစိုးရ Legitmate Government တရားဝင်အစိုးရ ဖြစ်ရေးအတွက် နည်းလမ်းရှာမယ့်အပြင်၊ ဒီလုပ်ငန်းတွေအားလုံးကို စတင်လုပ်ဆောင်ရာမှာ ပဋိပက္ခတွေ ချုပ်ငြိမ်းရေးကိုလည်း စစ်တပ်က အစပြုပြီးတော့ လုပ်ဆောင်ရမယ်လို့ အတိအလင်း ဆိုထားပါတယ်။ ဆိုတော့ ဒါက သိပ်အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ သူသည် စစ်ကောင်စီကို အသိအမှတ်ပြုဖို့ သွားတာ မဟုတ်ဘူး။ နှစ်သိမ့်ဖို့သွားတာ မဟုတ်ဘူးဆိုတာ သိပ်ပေါ်လွှင်ပါတယ်။

မေး ။ ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နော်လင်းဟေဇာကလည်း သွားခဲ့ပါတယ်။ ဒီခရီးစဉ်နဲ့ အခုခရီးစဉ်က ဘယ်လိုကွာခြားမှု ရှိပါသလဲ။

ဖြေ ။ ။ နော်လင်းဟေဇာ သွားတဲ့အခါမှာ သူက Confrontation ထိပ်တိုက်တွေ့တဲ့နည်းကို သုံးတယ်။ အဲဒီလိုသုံးတဲ့အခါမှာကြတော့ ဟိုဘက်က ပြင်းပြင်းထန်ထန်ပဲ သူ့ကို ဝေဖန်ဆန့်ကျင်တာ သူတို့နှစ်ယောက်က ချက်ချင်းပဲ အပြန်အလှန် ကြေညာချက်တွေထုတ်ပြီးတော့ နောက်သွားလို့မရတဲ့ အခြေအနေမျိုး ဖြစ်သွားခဲ့တယ်။ ဘန်ကီမွန်းကတော့ အဲဒီလိုမဟုတ်ဘူး၊ သူကတော့ သိပ်ပြီးတော့ သိမ်သိမ်မွှေ့မွှေ့နဲ့ ချဉ်းကပ်တယ်လို့ ယူဆနိုင်ပါတယ်။ နော်လင်းဟေဇာရဲ့ ခရီးစဉ်က မအောင်မြင်ဘူးဆိုတာ သိပ်သေချာသွားပြီ။ ဘန်ကီမွန်းကတော့ ဘာပဲပြောပြော သူ သွားပြီးပြောတဲ့အခါမှာ စစ်ကောင်စီဘက်ကလည်း ဒါဟာ အပြုသဘောနဲ့ လက်ရှိအခြေအနေကို ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့တယ်ဆိုပြီး ပြောထားတယ်ဆိုတော့ တစုံတရာခရီးရောက်တယ်။ အဲဒီတော့ နော်လင်းဟေဇာရဲ့ ခရီးစဉ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘန်ကီမွန်းခရီးစဉ်က ပိုပြီးတော့ ခရီးရောက်နိုင်တယ်။ ပိုပြီးတော့ အလေးအနက် ရှိတယ်လို့ ယူဆပါတယ်။

မေး ။ ။ စစ်ကောင်စီကရော မစ္စတာဘန်ကီမွန်းအပေါ် ဘယ်လောက်အထိ ယုံကြည်မှု ရှိနိုင်ပါသလဲ။ သူ့အနေနဲ့ တစုံတရာ ဆွေးနွေးနိုင်မယ်၊ ညှိနှိုင်းနိုင်မယ်လို့ လက်ခံပါသလား။

ဖြေ ။ ။ ဘန်ကီမွန်းကတော့ ကြိုတင်ပြီးတော့ ပြင်ဆင်ခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ စစ်ကောင်စီက လာပါလို့ မဖိတ်လို့ မသွားဘဲနေခဲ့တာလို့ ထင်ပါတယ်။ အခုတော့ စစ်ကောင်စီက လာခဲ့ပါဆိုပြီး ဖိတ်လို့သွားတာ ဖြစ်ပါတယ်။ အဲဒီကတည်းက စစ်ကောင်စီက ဘန်ကီမွန်းနဲ့ ပြောချင်နေတယ်ဆိုတာ အရေးကြီးပါတယ်။ နောက်ပြီးတော့ စစ်ကောင်စီဘက်က ဒီကိစ္စကို စောစောကပြောသလို၊ ရင်းရင်းနှီးနှီးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီးတော့ အပြုသဘောဆောင်စကားကို ပြောတယ်။ Positive ဖြစ်တယ်၊ အပြုသဘောဆောင်တယ်လို့လည်း ပြောတယ်။ နောက်တခုက ဘန်ကီမွန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပြင် ဦးသိန်းစိန်နဲ့လည်း တွေ့တယ်။ ဆိုတော့ သူတို့နှစ်ယောက်ကတော့ အနည်းဆုံး ပြန်ပြီးညှိရမှာပဲ။ ကျနော်ကိုတော့ ဘာပြောသွားတယ်။ ခင်များကို ဘာပြောသွားတယ်။ ဘယ်လိုလုပ်မလဲ။ သတင်းသန့်သန့်ကြားတယ် ဦးသန်းရွှေဆီကိုတောင် သွားပြီးညှိကြတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေတာလည်း ရှိပါတယ်။ ဒီဟာက တော်တော်လေး ထိရောက်တဲ့ခရီး၊ ဟိုဘက်ကလည်း အပြုသဘောနဲ့ လက်ခံတယ်လို့ ယူဆနိုင်ပါတယ်။

မေး ။ ။ ဒါပေမဲ့ မြန်မာ့အရေးမှာ ကုလသမဂ္ဂ၊ အာဆီယံ အဖွဲ့တွေတောင်မှ အခုနေအခါမှာ ရှေ့တိုးဖို့ခက်နေတဲ့ အနေအထားပါ။ အဲဒီတော့ သူတို့တောင်မှ ရှေ့မတိုးနိုင် ဖြစ်နေတဲ့အနေအထားမျိုးမှာ မစ္စတာဘန်ကီမွန်းက The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌတာဝန် ယူထားတဲ့သူအနေနဲ့ သွားခဲ့ပါတယ်။ ဒီအဖွဲ့က ဘယ်လောက်အထိ အရေးပါပါသလဲ။

ဖြေ ။ ။ The Elders ကုလသမဂ္ဂ၊ အာဆီယံတို့လို အပြစ်ပေးနိုင်တာ၊ အရေးယူနိုင်တာ၊ ကြေညာချက်ထုတ်ပြီးတော့ ဘာလုပ်ညာလုပ်ပါလို့ လုပ်နိုင်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အင်မတန်သမာရင့်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေ ပါဝင်ထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဘန်ကီမွန်းကိုယ်တိုင်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် သက်တမ်းနှစ်ခု ထမ်းဆောင်ခဲ့တယ်။ ဒီအဖွဲ့ရဲ့ ချဉ်းကပ်မှုက correct timing မှန်ကန်တဲ့အချိန်မှာ ရွေးတယ်။ စစ်ကောင်စီက ခေါ်တဲ့အခါမှာသွားတယ်။ စစ်ကောင်စီ အကျဉ်းအကျပ်ဖြစ်နေချိန်မှာ သူတို့ကသွားပြီးတော့ လမ်းပေါက်ရှာဖို့အတွက် အကြံပြုပြောတာ ဖြစ်တယ်။ နောက်ပြီးတော့ သူတို့က လူထုရဲ့ ကြိုဆိုမှု၊ အားပေးမှု public advocacy ထက် private diplomacy နှစ်ခုကို ထိန်းညှိပြီးတော့ မျှအောင်သွားတာ ဖြစ်ပါတယ်။ အင်မတန် အတွေ့အကြုံဝါရင့်ပုဂ္ဂိုလ် ဖြစ်ပါတယ်။ နောက်ပြီး သူတို့ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်လဲ ဒီလိုဆောင်ရွက်ခဲ့လို့ အာဖရိကမှာ ၂၀၁၄-၁၅ လောက်တုန်းက အခုဖြစ်နေတဲ့ ဆူဒန်ကိစ္စ၊ အိုင်ဗရီကို့စ်ကိစ္စ၊ ဆိုမာလီကိစ္စတို့မှာ ဒီ Elders အုပ်စုက စွမ်းဆောင်နိုင်ခဲ့တာတွေ အများကြီးရှိပါတယ်။ ဆိုတော့ သူတို့ဟာ အမိန့်အာဏာနဲ့ ဘယ်လိုလုပ် ဘာညာတော့ မပြောနိုင်ဘူး၊ ဒါပေမဲ့ ဖြစ်နိုင်တဲ့ နည်းလမ်းကိုရှာပြီးတော့ အနုနည်းနဲ့ ချဉ်းကပ်တဲ့အဖွဲ့ ဖြစ်တဲ့အတွက်ကြောင့် အလေးအနက်ထားသင့်တဲ့အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။ အဲဒါ သူတို့ရဲ့ စွမ်းရည်ပါပဲ။

မေး ။ ။ အဲဒါဆိုရင် ဒီနေရာမှာ အာဆီယံရဲ့ Quiet Diplomacy ဆိုတဲ့အကြောင်းကို နည်းနည်းလေး ပြောရအောင်ပါ။ အင်ဒိုနီးရှားရဲ့ ဥက္ကဋ္ဌသက်တမ်းအတွင်းမှာ နောက်လရှစ်လလောက်အတွင်းမှာ ရလဒ်ကောင်းတခု ထွက်လာနိုင်မယ်လို့ မျှော်လင့်နိုင်ပါလား။

ဖြေ ။ ။ အခုတော့ မျှော်လင့်နိုုင်မယ်လို့ ထင်ပါတယ်။ သူ့ရဲ့ Quiet Diplomacy - အခု ဘန်ကီမွန်းခရီးစဉ်။ နောက်တခါ အခုနောက်ဆုံးကြားရတာ နော်လင်းဟေဇာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က တရုတ်သွားပြီးတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက အာဆီယံလမ်းစဉ်အတိုင်း လိုက်ကြပါစို့ ဘာညာပြောလာတယ်ဆိုတော့ ဒါက သိပ်ပြီးတော့ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ သူတို့က အကုန်လုံးစုပေါင်းပြီးတော့ concerted effort ဝိုင်းဝန်းပြီးတော့လုပ်တာ။ ဒါက အင်ဒိုနီးရှားက ပြောထားတဲ့ကိစ္စပါ။ နောက်ပြီးတော့ သူတို့ဟာ ဘယ်သူနဲ့မတွေ့၊ ဘယ်သူနဲ့တွေ့ဆိုတာထက် သူတို့က စစ်ကောင်စီနဲ့တန်းပြီးတွေ့တယ်ဆိုတာထက် ဘက်ပေါင်းစုံနဲ့ တွေ့နေတယ်ဆိုတာက Quiet Diplomacy ပါပဲ။ ဘယ်ဘက်နဲ့ တွေ့နေတယ်ဆိုတာ ကျနော်တို့ မသိနိုင်ဘူး။ အခုတောင်မှ ဘန်ကီမွန်းက NUG ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တယ်ဆိုတဲ့သတင်းတွေဆိုတော့ ဒါတွေက အကုန်လုံးစုပေါင်းပြီးတော့ ဖြစ်နေတာပါ။ ဒီဟာက Quiet Diplomacy ရဲ့ ဂယက်ပေါ့။ အဲဒီရဲ့ အကျိုးဆက်လို့ပဲ ယူဆနိုင်ပါတယ်။ တော်တော်ထိရောက်မယ့်လမ်းစဉ်လို့ ကျနော်ကတော့ မြင်ပါတယ်။

မေး ။ ။ အခု မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်အပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုကရော ဘယ်လိုအနေအထား ရှိပါသလဲ။ ကုလသမဂ္ဂကရော ဘယ်လိုအခြေအနေ ရှိပါသလဲ။

ဖြေ ။ ။ ကုလသမဂ္ဂ ယှဉ်ရင်တော့ စောစောကပြောခဲ့သလိုပဲ နော်လင်းဟေဇာတို့က ထိပ်တိုက်တွေ့တယ်။ ကုလသမဂ္ဂကတော့ တစည်းတလုံးတည်း၊ တသံတည်းထွက်ဖို့ဆိုတာ သိပ်ခဲယဉ်းပါတယ်။ ဆိုတော့ ကုလသမဂ္ဂက ပြောခဲ့တဲ့ဟာတွေကလည်း တော်တော်လေး တင်းတင်းမာမာ ဆုံးဖြတ်ချက်တွေလုပ်တယ်။ လက်နက်တွေကို embargo လုပ်ရမယ်၊ ဘာညာပြောနေပေမဲ့ အဲဒီကိစ္စမှာ တရုတ်၊ ရုရှားတို့ မပါခဲ့ဘူး။ အခုတော့ မြန်မာနိုင်ငံကို အနုနည်းနဲ့ ချဉ်းကပ်မယ့်ထဲမှာ တရုတ်ကတော့ ပါလာပြီဆိုတဲ့သဘော တွေ့ရတယ်။ ဒါပေမဲ့ ရုရှားရဲ့ အခြေအနေကလည်း သူကလည်း ရှိနေသေးတယ်ဆိုတော့ ကုလသမဂ္ဂကတော့ ရှေ့တန်းက တွန်းနိုင်တဲ့အင်အားတော့ မဟုတ်ဘူး။ အာဆီယံကို နောက်ကပံ့ပိုးနေတဲ့ အနေအထားမှာသာ ရှိပါတယ်။ ဘန်ကီမွန်းရဲ့ ခရီးစဉ်ကို ကုလသမဂ္ဂက ဆန့်ကျင်စရာ လုံးဝအကြောင်းမရှိပါဘူး။ သူတို့နည်းနဲ့ သူတို့ကိုယ်စားလှယ်လွှတ်လို့ အတွင်းရေးမှူးချုပ်က လုပ်လို့မရတော့၊ ကုလသမဂ္ဂ ခေါင်းဆောင်ဟောင်းတယောက်ပဲ၊ သူက သူ့နည်းနဲ့သူ ချဉ်းကပ်တယ်ဆိုတာကို ကုလသမဂ္ဂကလည်း ကြိုဆိုမယ့်သဘော ရှိပါတယ်။ ကုလသမဂ္ဂနဲ့ သူနဲ့ တဘက်တလမ်းဆီတော့ မဟုတ်ပါဘူး။

မေး ။ ။ စစ်ကောင်စီကို ဘယ်လိုမှ ပြောလို့မရဘူး။ စစ်ကောင်စီဘက်က လိုက်နာမှု မရှိခဲ့ဘူးဆိုရင်၊ အားလုံးက ဝိုင်းပယ်တာမျိုး ဖြစ်လာနိုင်ပါသလား။ အာဆီယံရဲ့ ဥက္ကဋ္ဌသက်တမ်းမှာ မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တာမျိုးကော ဖြစ်နိုင်ပါသလား။

ဖြေ ။ ။ အဲဒီဟာကိုသာ ဆွေးနွေးရမယ်ဆိုရင်တော့ သိပ်ပြီးအဆိုးမြင်တတ်လွန်တယ် Pessimistic ပြောရမှာပဲ။ ကျနော်ကတော့ အဲဒီလို မမြင်ပါဘူး။ ကမ္ဘာက ဝိုင်းမပယ်ပါဘူး။ ဝိုင်းပယ်ထားလို့လည်း မရဘူး။ အဲဒါကြောင့် ကမ္ဘာက ပိုပြီးတော့ ဒီကိစ္စကို အာရုံစိုက်လာကြတယ်။ အိန္ဒိယမှာလည်း ၁.၅ ဆွေးနွေးပွဲ လုပ်ကြတယ်။ အခု ကုလသမဂ္ဂကလည်း တရုတ်နဲ့တွေ့တယ်။ နောက် ဘန်ကီမွန်းကလည်း NUG က ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တယ်၊ စသည်ဖြင့် လုပ်လာကြတယ်ဆိုတော့ သူတို့ရဲ့လုပ်အား၊ လုပ်ဆောင်မှုက တစုံတခုကို ခရီးသွားနေကြတယ် ထင်ပါတယ်။ အဲဒီတော့ ပယ်ပစ်နိုင်တဲ့အထိတော့ မရှိပါဘူး။ တချို့က သုံးသပ်ကြတယ်။ အင်ဒိုနီးရှားသက်တမ်း ရှစ်လပဲ ကြာတော့တယ်။ အင်ဒိုနီးရှားပြီးရင် အက္ခရာစဉ်အတိုင်းဆိုရင် လာအို ဖြစ်လာမယ်။ လားအိုပြီးမှ မလေးရှားက နောက်တနှစ် ဖြစ်လာမယ်ဆိုတော့ လာအိုသက်တမ်းမှာ လုံးဝပျက်ပြားသွားမှာပဲ။ လားအိုက တရုတ်ရဲ့သြဇာသက်သက်၊ တရုတ်အတိိုင်း လုပ်မယ်ဆိုတော့ တရုတ်ကိုယ်တိုင်က အာဆီယံမူအတိုင်း သင့်တင်အောင် ပြေလည်အောင်လုပ်ဖို့ ပြောနေတယ်ဆိုတော့ လာအိုဥက္ကဋ္ဌ ဖြစ်သည့်တိုင်အောင် အင်ဒိုနီးရှား ချမှတ်ထားတဲ့ အကုန်လုံးစုပေါင်းပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ လမ်းစဉ်ဟာ သွေးဖိမသွားနိုင်ဘူးလို့ ထင်ပါတယ်။ အာဆီယံထဲက မြန်မာနိုင်ငံကို ထုတ်ပစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ထိန်းရသိမ်းရ ပိုခက်သွားမှာပေါ့။ ဘယ်လိုမှ ထိန်းမရဘဲ၊ မင်းတို့ ထင်ရာလုပ်တော့ဆိုပြီး ထင်ရာရမ်းဖို့ ခွင့်ပြုလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ဒါက လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ။ ကျနော်ကတော့ အဲဒီလောက်အထိ အဆိုးမမြင်လိုပါဘူး။ အကောင်းပဲမြင်ပြီး အကောင်းပဲ မျှော်လင့်ပါတယ်။

မေး ။ ။ မြန်မာ့အရေးမှာ အကောင်းမြင်တယ်ဆိုရင် တနည်းနည်းနဲ့ ပြောင်းလဲလာမယ်လို့ ယူဆတယ်ဆိုရင် ဘယ်လိုကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်လာနိုင်ပါသလဲ။ ဖြစ်လာနိုင်ချေကော ရှိပါသလား။

ဖြေ ။ ။ ရှိပါတယ်။ ဆိုကြပါစို့ ကျနော်တို့ တခါဆွေးနွေးခဲ့ကြတုန်းက မြန်မာနိုင်ငံမှာ စစ်တပ်ဟာ နှစ်ပေါင်းများစွာ နှစ်ပေါင်း ၇၀ လောက် သူတို့သာလျှင် နိုင်ငံကို အဓိကထား ကြိုးကိုင်လာခဲ့တာ ဘယ်တော့မှ အလျှော့မပေးဘူးဆိုတဲ့ Mentality နဲ့ အခုရှိတဲ့ စစ်ဗိုလ်တွေလည်း အဲဒီ သွန်းသင်ချက်နဲ့ သမိုင်းကိုလည်း သူတို့စိတ်တိုင်းကျ အဲဒီလို အဓိပ္ပါယ်ဖွင့်ထားတယ် - သူတို့ရဲ့ own interpretation - ငါတို့စစ်တပ်ဟာ ဘယ်လိုဆိုပြီး အဓိကထား လုပ်လာခဲ့တဲ့ သမိုင်းကိုသင်ပြီးတော့ ဒီအတွေးအခေါ်မျိုးနဲ့ အုပ်ချုပ်လာခဲ့တယ်။ ဒါပေမဲ့ ၈၈ အရေးတော်ပုံဖြစ်တော့ သူတို့ ဘေးကျပ်နံကျပ် တွေ့လာခဲ့တယ်။ စစ်တပ်ကလူတွေက ငါတို့ဟာ ဒီနေရာမှာ တထစ်တော့ နည်းနည်းလျှော့ပေးရမယ်ဆိုပြီး ၂၀၀၈ ကို နောက်ဆုံးအနေနဲ့ လျှော့ပေးခဲ့တယ်။ အခု စစ်တပ်ရင်ဆိုင်နေရတဲ့ အကျပ်အတည်းဟာ ၈၈ ကာလထက် အများကြီးပိုဆိုးပါတယ်။ ဘယ်လိုနည်းနဲ့ယှဉ်ယှဉ် ဘယ်လိုမှ မယှဉ်သာလောက်အောင် ဆိုးလွန်ပါတယ်။ ဆိုတော့ ဒီနေရာမှာ တထစ်လျှော့ရတော့မယ်ဆိုတာ သေချာပေါက်ပဲ။ ဆိုတော့ အထက်မှာပြောခဲ့သလို ဘန်ကီမွန်း ပြောသလိုပါပဲ အပြောင်းအလဲလုပ်ဖို့အတွက်၊ တကယ့် ပဋိပက္ခကို ချုပ်ငြိမ်းစေချင်တယ်ဆိုရင် စစ်တပ်ကစပြီးတော့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ စစ်တပ်သည် သူတို့ရဲ့ အခမ်းကဏ္ဍ အရေးပါမှုကို တစုံတရာ အတိုင်းအတာအထိ ထိန်းသိမ်းထားခြင်းသည့်တိုင်အောင် သူတိုု့ကပဲစပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ သူတို့ကစပြီး မလုပ်ဘဲ၊ ခေါင်းမာနေတယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒါကြောင့်လဲ ဘန်ကီမွန်းတို့ကို ဖိတ်ခေါ်တာတွေ လုပ်လာတယ်ဆိုကတည်းက ဒါက သူတို့လျှော့ရမယ်ဆိုတာကို သဘောပေါက်ပြီလို့ ယူဆပါတယ်။ လျှော့ချင်သည်ဖြစ်စေ၊ မလျှော့ချင်သည်ဖြစ်စေ အခြေအနေက အဲဒီလိုဖြစ်လာပါပြီ။ ဆိုတော့ ဒီကိစ္စမှာလည်း အခု နိုင်ငံတကာရဲ့ ဖိအား၊ တော်လှန်ရေးအင်အားစုတွေရဲ့ တွန်းလှန်မှု၊ ပြည်သူတွေရဲ့ ဆန့်ကျင်မှု အကုန်လုံး ပေါင်းစည်းလိုက်မယ်ဆိုရင်တော့ ဒါက တထစ်တော့ လျှော့လာနိုင်ကောင်းရဲ့လို့ မျှော်လင့်ရင် မှားမယ်မဟုတ်ဘူးလို့ ထင်ပါတယ်။

XS
SM
MD
LG