သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပီရူးသဘောတူညီချက် ဘန်ကီမွန်းကြိုဆို


ပီရူးနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ ညီလာခံမှ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း
ပီရူးနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ ညီလာခံမှ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း

ပီရူးနိုင်ငံမှာ တနင်္ဂနွေနေ့က ရရှိခဲ့တဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညှိနှိုင်းသဘောညီမှုဟာ ရှေ့လာမယ့်နှစ်အတွင်း တကမ္ဘာလုံးနဲ့ဆိုင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ သဘောတူညီချက်တရပ်ရရှိဖို့ အဆင့်တခုကို တက်လှမ်းလိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

လူ့အခွင့်ရေးအဖွဲ့တွေက ဝေဖန်မှုနေတဲ့ကြားကပဲ ကုလအတွင်းရေးမှူးချုပ်ကတော့ ပီရူးနိုင်ငံမှာကျင်းပတဲ့ညီလာခံက ထွက်ပေါ်လာတဲ့ ရလဒ်ကို ချီးကျူးလိုက်သလို ရှေ့လာမယ့်နှစ်နှောင်းပိုင်း ပဲရစ်မှာကျင်းပမယ့် ရာသီဥတုပြောင်းလဲမှု ညီလာခံမတိုင်ခင် တကမ္ဘာလုံးက နိုင်ငံအသီးသီးအနေနဲ့ ထိရောက်ပြီး အခြေအမြစ်ရှိတဲ့ ပါဝင်ဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေအနေနဲ့လည်း ပဲရစ်ညီလာခံမတိုင်ခင် လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရေးအတွက် မိမိတို့ရဲ့ အမျိုးသားရေး ရည်မှန်းချက်တွေကို တင်ပြကြဖို့လိုအပ်ကြောင်း မစ္စတာ ဘန်ကီမွန်းကပြောပါတယ်။

စောစောပိုင်းမှာရေးဆွဲတဲ့ သဘောတူညီချက်မူကြမ်းတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပယ်ချပစ်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ လီမာသဘောတူညီမှုကို အတည်ပြုလိုက်တာပါ။ ချမ်းသာတဲ့နိုင်ငံတွေက သူတို့အပေါ် သက်ရောက်မှုရှိလာနိုင်တဲ့ ကမ္ဘာကြီးပူနွေးလာမှု တိုက်ဖျက်ရေးကိစ္စအပေါ် လက်တွန့်နေကြတယ်လို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက စွပ်စွဲခဲ့ကြပါတယ်။

နောက်ဆုံးရရှိတဲ့ သဘောတူညီချက်မူကြမ်းမှာတော့ ကမ္ဘာကြီးပူနွေးလာမှုအရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံအားလုံးအနေနဲ့ မတူကွဲပြားပေမယ့် တာဝန်ယူမှုမှာ တူညီတဲ့ လုပ်ဆောင်မှုတွေရှိဖို့လိုတယ်လို့ ဖေါ်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေကတော့ ပီရူး သဘောတူညီချက်ဟာ အရာမထင်ဘူးလို့ ပြောကြားကြသလို၊ WWF ကမ္ဘာ့တောရိုင်း တိရစ္ဆာန် စောင့်ရှောက်ရေးအဖွဲ့ကတော့ ဒီသဘောတူညီချက်ဟာ သိပ်အားနည်းတယ်လို့ ဝေဖန်နေပါတယ်။

XS
SM
MD
LG