သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်အခြေအနေ စတင်တည်ငြိမ်


ဖေဖော်ဝါရီလအတွင်းက ရွေးကောက်ပွဲ မဲပေးဖို့ တန်းစီစောင့်နေတဲ့ ထိုင်းစစ်သည်များ။
ဖေဖော်ဝါရီလအတွင်းက ရွေးကောက်ပွဲ မဲပေးဖို့ တန်းစီစောင့်နေတဲ့ ထိုင်းစစ်သည်များ။
ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေ ဘန်ကောက်မြို့လယ်ပန်းခြံကို ဆုတ်ခွာသွားကြပြီဖြစ်လို့ တစ်လကျော်အကြာ ယာဉ်အသွားအလာလုပ်လို့မရဘဲ ပိတ်ဆို့နေခဲ့တဲ့ လမ်းဆုံလမ်းခွကြီးလည်း ရှင်းလင်းသွားခဲ့ပါပြီ။ ဒါပေမယ့် ထိုင်းနိုင်ငံက လေးလကြာ နိုင်ငံရေးပဋိပက္ခကတော့ ဖြေရှင်းနိုင်မယ့်ပုံ မရှိသေးပါဘူး။

သူတို့ရဲ့ခေါင်းဆောင်အမိန့်နဲ့ လုမ္ပနီပန်းခြံကို ပြီးခဲ့တဲ့စနေ၊ တနင်္ဂနွေနေ့ကရွှေ့ပြောင်းသွားခဲ့တဲ့ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ပြုတ်ကျသွားဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ကတည်းက ဆန္ဒပြနေကြတာပါ။ သူတို့က ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပြီးတော့ နိုင်ငံရေးစနစ်တခုလုံး ပြုပြင်ပြောင်းလဲဖို့အတွက် ပြည်သူ့ကောင်စီကို ဖွဲ့စည်းပေးစေချင်ပါတယ်။

ဘန်ကောက်လမ်းတွေပေါ်က တင်းမာမှုတွေ လျော့သွားပြီဆိုပေမယ့်လည်း ဒီကနေ့ပဲ ဘန်ကောက်ပြစ်မှုတရားရုံးကို လက်ပစ်ဗုံးပစ်ပြီးတော့ ဖောက်ခွဲခဲ့ပါတယ်။ ဗုံးနှစ်လုံးထဲက တစ်လုံးပဲ ပေါက်ကွဲခဲ့ပေမယ့်လည်း ထိခိုက်ဒဏ်ရာရရှိမှုသတင်း မရှိဘူးလို့ ရဲက ပြောပါတယ်။ ဒီ ပြစ်မှုတရားရုံးကလည်း ဆန္ဒပြသူတွေဘက်ကလိုက်တယ်လို့ ဝေဖန်သူတွေက ဆိုနေကြတာပါ။

မနေ့က တနင်္ဂနွေနေ့ကတော့ အရင်လက ရွေးကောက်ပွဲကို ခရိုင်ငါးခုမှာ ငြိမ်းငြိမ်းချမ်းချမ်းပြန်ပြီးတော့ ကျင်းပနိုင်ခဲ့ပါတယ်။ တခြားခရိုင်တွေမှာ ရွေးကောက်ပွဲတွေကိုတော့ နောက်ပိုင်းမှာထပ်ပြီးတော့ ကျင်းပပေးမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ရွေးကောက်ပွဲကို ခရိုင်ပေါင်း (၇၇) ခုမှ ကျင်းပခဲ့ပြီး ခရိုင် (၁၈) ခုမှာ နှောင့်ယှက်မှုတွေနဲ့ ကြုံခဲ့ရပြီး မအောင်မမြင် ဖြစ်ခဲ့ရတာပါ။

ရွေးကောက်ပွဲကို မဲဆန္ဒနယ်အားလုံးကို ကျင်းပမပြီးမချင်း ရလဒ်တွေကို ကြေညာမှာမဟုတ်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။
http://gdb.voanews.com/207D220D-0327-4225-9527-A26E02547B58.png
XS
SM
MD
LG