သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလား နယ်စပ် ပဋိပက္ခ မြန်မာအစိုးရ စုံစမ်းမည်


ဘင်္ဂလားဒေရှ် မောင်တောနယ်စပ် PB 51 and PB 52 ကြား စစ်ပွဲဖြစ်ခဲ့တဲ့ နယ်စပ်။
ဘင်္ဂလားဒေရှ် မောင်တောနယ်စပ် PB 51 and PB 52 ကြား စစ်ပွဲဖြစ်ခဲ့တဲ့ နယ်စပ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နယ်စပ်မှာ ဒီသီတင်းပတ်ထဲ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးကို မြန်မာဘက်က ဖမ်းဆီး သွားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့ အကြောင်း မြန်မာ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တယောက် သေဆုံးကောင်း သေဆုံးသွားနိုင်တဲ့ အထိ ဖြစ်ခဲ့တဲ့ လုပ်ရပ်နဲ့ အပေါ်မှာတော့ ဘင်္ဂလားဒေ့ရှ်က ပြင်းပြင်းထန်ထန် သတိပေးခဲ့တာပါ။ အကြောင်းစုံကိုတော့ မအင်ကြင်းနိုင် ပြောပြမှာပါ။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ နယ်စပ်က မြန်မာတပ်ဖွဲ့ဝင်တွေရဲ့ စတင်ပစ်ခတ် မှုကြောင့် ပဋိပက္ခဖြစ်ပွားပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် တယောက်ပျောက် ဆုံးနေတဲ့ အတွက် မြန်မာနိုင်ငံကို ဖြေရှင်းပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ မြန်မာအစိုးရကတော့ ပြန်လည် စိစစ်နေတယ်လို့ ပြော ပါတယ်။ မြန်မာ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မေလ (၂၈)ရက်နေ့က မောင်တောမြို့နယ် နယ်စပ် ပစ်ခတ်မှုမှာ လက်မောင်း တံဆိပ်မပါ အဝါရောင်ပြောက်ကျား ဝတ်ဆင်ထားတဲ့ သူ(၁)ဦးသေဆုံးပြီး လက်နက်တွေ သိမ်းဆည်း ရမိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ရှေ့တန်း ခမရ (၃၅၂) စစ်ကြောင်း (၁)က ဗိုလ်ဇော်မိုးအောင် ဦးဆောင်တဲ့ တပ်စိတ် တစ်စိတ်ဟာ လုံခြုံရေး ကင်းပုန်းဝပ်နေတဲ့ အချိန်မှာ ဘင်္ဂလီနှစ်ဦး က မြန်မာ နယ်စပ်ခြံစည်းရိုး ပေ (၈၀၀)လောက် အထိရောက်လာတဲ့အတွက် လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ စွပ်စွဲချက်ကို သက်ဆိုင်ရာက စတင်စုံစမ်းနေတဲ့ အကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တယောက်က ဗွီအိုအေကို ပြောပါတယ်။

"စီစစ်နေဆဲပါပဲ။ ဒီဟာကို ကျနော်တို့ကတော့ သတင်းစာထဲမှာ အဲ့ဒီ့ဖြစ်စဉ်နဲ့ မောင်တောမှာ ဖြစ်စဉ်နဲ့ လူတစ်ယောက်သေဆုံးပါတယ်။ ဘာညာတော့ ကျနော်တို့ သတင်း ထုတ်ပြန်ပြီးဖြစ်ပါတယ်။ အဲ့ဒီ့ဟာနဲ့ ပတ်သက်လို့ ကျနော်တို့ ထပ်ပြီးတော့ သူတို့ပြောတဲ့ စစ်သား ဟုတ် မဟုတ်ဆိုတာ ကျနော်တို့ စိစစ်နေဆဲ အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကျနော်တို့က နှစ်ဖက်ဆက်သွယ်ပြီးတော့ ဒီကိစ္စတွေကို အရေးယူဆောင်ရွက်နေ ပါတယ်။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ သေဆုံးသွားဖွယ်ရှိတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်ကို ပြန်ပေးဖို့နဲ့ တိုက်ခိုက်မှုဟာ ရန်လိုတဲ့ လုပ်ရပ် အဖြစ်နဲ့ ပြင်းပြင်း ထန်ထန် တုန့်ပြန်ခဲ့ကြောင်းလည်း ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံရုံး တာဝန်ရှိသူတဦးကို ကိုးကားပြီး မြန်မာ တိုင်းမ်စ် သတင်းက ဖော်ပြခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေ ကင်းလှည့်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကို စတင်
ပစ်ခတ်ခဲ့တယ်လို့ ရန်ကုန်မြို့က ဘင်္ဂလားဒေ့ရှ်သံရုံး တာဝန်ရှိသူ က ပြောဆိုခဲ့တာပါ။ ဘင်္ဂလားဒေရှ့်ဘက်တော့ သူတို့ ရဲ့နယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးကို မြန်မာဘက်က ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ စွပ်စွဲထားပြီး သူ့ကို ပြန်ပေးဖို့ ဒါကာမြို့တော်က မြန်မာ သံအမတ်ကြီးကို အကြောင်းကြားထားတဲ့ အကြောင်း သတင်းမှာဖေါ်ပြထားပါတယ်။

ပဋိပက္ခဖြစ်ပွားပြီးနောက်မှာတော့ အခုအခါ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်မှာ လုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့လည်း ဒက္ကားမြို့ အခြေစိုက် ကုလားတန် သတင်းဋ္ဌာနရဲ့ အယ်ဒီတာ ကိုတင်စိုးကပြောပါတယ်။

"တင်းမာမှုတွေကတော့ ရှိတယ်။ တိုးလာတယ်။ အရင်ကတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ်ဘက် ကတော့ မြန်မာပြည်နဲ့ ချစ်ချစ်ခင်ခင်နဲ့ နေချင်တယ်ဆိုတာ လွန်ခဲ့တဲ့ လ အစည်းအဝေး ကွန်ဖရင့် လုပ်တုန်းကတော့ သူတို့ ပြောတယ်ဗျ။ သူတို့ ဘယ်လို လိုက်လျောမယ်။ မြန်မာက ဘယ်လိုလိုက်လျောမယ်။ နယ်စပ် လုံခြုံရေးကို ဘယ်လိုလုပ်မယ် ဆိုတာ အဲ့ဒီ့ဟာတွေကို သူတို့ပြောကြ တာ။ ပြောနေကြတယ် ဒီလိုဟာတွေကို ဒီလိုသိလာတော့ သူတို့လူကို သူတို့ လိုချင်တယ် ဆိုပြီး တောင်းနေကြတယ်ဆိုတော့ ဒီနယ်စပ် ဘက်က လူတွေက ကြောက်လန့်ပြီးတော့ ထွက်လာကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်တပ်ဘက်က တစ်ခုခုပစ်ရင် သူတို့ပဲ ခံနေရမယ်ဆိုပြီး သူတို့ရှောင်ပေးတဲ့ ပုံစံမျိုးပေါ့။ "

ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်ဒေသမှာ နှစ်ဘက်တင်းမာမှုတွေမြင့်နေချိန်မှာ အခုလို မတော်တဆ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။ မေလ (၁၇)ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာကို တရားမဝင် ခိုးဝင်လာတဲ့ လက်နက်ကိုင် တစ်စုကနေ မြန်မာ နယ်ခြားစောင့်တပ်ကို တိုက်ခိုက်ခဲ့ပါတယ်။
XS
SM
MD
LG